ကိုယ်အလေးချိန် ပေါင် ၂၈ဝရှိတဲ့ သားဖြစ်သူ ဘောလုံးကန်ခွင့်ရဖို့ ဘောလုံးအသင်းတသင်းဝယ်ခဲ့ပြီး ကိုယ်တိုင်ပါ ဝင်ကန်နေတဲ့ တရုတ်သူဌေး ❗❗❗
တရုတ်နိုင်ငံက သန်းကြွယ်သူဌေးတစ်ဦးဟာ တရုတ်ဒုတိယတန်းဘောလုံးအသင်းဖြစ်တဲ့ Zibo Cuju အသင်းကို ဝယ်ယူခဲ့ပြီးနောက် အသင်းပိုင်ရှင်အဖြစ် ခံယူခဲ့ပါတယ်။ ဒီလိုဝယ်ယူခဲ့ပြီးတဲ့နောက် ဒီဘောလုံးရာသီသစ်မှာ သူ့ရဲ့သားဖြစ်သူကို အသင်းမှာ ထည့်သွင်းကစားခိုင်းနေပြီး သူကိုယ်တိုင်ကလည်း အသင်းရဲ့ကျောနံပါတ် ၁၀ ဂျာစီကို ရယူခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်သာရှိသေးတဲ့ He Shihua ရဲ့ သားဖြစ်သူဟာ ကိုယ်အလေးချိန် ပေါင် ၂၈၀ အထိ ရှိနေသူဖြစ်ပြီး ဘောလုံးသမားဖြစ်ချင်သူလို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာချိန်မှာတော့ သူ့ဆန္ဒတွေပြည့်ဝခဲ့ပြီး ဝဖိုင့်နေတဲ့ကိုယ်ခန္ဓာနဲ့အတူ ဘောလုံးကွင်းထဲရောက်နေခဲ့ရပြီး နည်းပြဖြစ်သူကလည်း အသင်းပိုင်ရှင်ရဲ့ညွှန်ကြားချက်ကြောင့် ထည့်ကန်နေရတယ်လို့ သိရပါတယ်။
သူတို့ရဲ့အသင်းဟာ ဒီရာသီမှာတော့ အခြေအနေမကောင်းဖြစ်နေပြီး ၈ ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရသေးဘဲ ၅ပွဲအထိရှုံးကာ ၄ဂိုးသွင်းပြီး ၁၃ ဂိုးအထိပေးထားရတယ်လို့ သိရပါတယ်။ အသင်းပိုင်ရှင်ဖြစ်သူကလည်း Sichuan Jiuniu အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လူစားလဲပါဝင်ကစားခဲ့တယ်လို့သိရပြီး ဘောလုံးနဲ့တောင် ထိနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
He Shihua ကတော့ ဘောလုံးအသင်းတစ်ခုမှာ အရေးပါဆုံးနဲ့ အကောင်းဆုံးလို့ဆိုရမယ့် ကစားသမားသာ ဝတ်ဆင်လေ့ရှိတဲ့ နံပါတ် ၁၀ ကိုပါ ယူထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ အသင်းပိုင်ရှင်က တဆင့်လျှော့ပေးခဲ့ပြီး သားဖြစ်သူကိုသာ ပွဲတိုင်းထည့်ကစားပေးဖို့ နည်းပြကို ပြောဆိုထားကြောင်းဆိုပါတယ်။ သူ့ရဲ့သားကတော့ အသင်းရလဒ်တွေဆိုးနေပေမယ့် လာမယ့်ပွဲတွေကိုလည်း ထပ်ကစားခွင့်ရမယ်လို့ မျှော်လင့်နေပါတယ်။
သားဖြစ်သူရဲ့ ပွဲဦးထွက်ပွဲစဉ်ကတော့ လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ထောင့်ကန်ဘောကန်တင်ဖို့အတွက် ပြင်ဆင်နေပြီး အသင်းဖော်တွေကို ညွှန်ကြားနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်အနေအထားက ပရိသတ်တွေကြားမှာ ရယ်ချင်စရာဖြစ်နေခဲ့ရပြီး အသင်းပိုင်ရှင်ရဲ့သားဖြစ်နေတာကြောင့်သာ ဝင်ကစားခွင့်ရနေတာလို့ ပြောဆိုနေကြပြီး သားအဖနှစ်ဦးစလုံးကတော့ ဝေဖန်မှုကိုလျစ်လျူရှုပြီး သူတို့ဆန္ဒပြည့်ဝဖို့ကိုသာ အာရုံစိုက်နေခဲ့ကြပါတယ်။
#therivernews မှကောက်နူတ်တင်ပြသည်