Local News

ဒီနေ့ ဆုံးဖြတ်မယ့် မြန်မာအထူးသံတမန် ဘယ်သူဖြစ်လာမလဲ…?

ဒီနေ့ ဆုံးဖြတ်မယ့် မြန်မာအထူးသံတမန် ဘယ်သူဖြစ်လာမလဲ…?



အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ဒီနေ့၊ ဩဂုတ်လ ၂ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒီ နှစ်ပတ်လည် အစည်းအဝေးနဲ့အတူ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ တရုတ် အစရှိသဖြင့် ဆွေးနွေးဘက် နိုင်ငံတွေနဲ့ကြား အစည်းအဝေးတွေလည်း အခု သီတင်းတစ်ပတ်လုံး ပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။

အဲဒီ အစည်းအဝေးတွေ အတွင်း မြန်မာအရေးဟာလည်း အာရုံစိုက် ဆွေးနွေးမယ့် အကြောင်းအရာထဲ ပါဝင်တယ်ဆိုပြီး သံတမန် အသိုင်းအဝိုင်းက ပြောနေပါတယ်။




အထူးသဖြင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ မြန်မာပြည်ဆိုင်ရာ အထူး သံတမန်နေရာမှာ ဘယ်သူ့ကို ခန့်အပ်မလဲ ဆိုတာကို အပြီးသတ် ဆုံးဖြတ် ရွေးချယ်ကြဖို့ရာ ဖိအားတွေ ရှိနေပါတယ်။

အကြောင်းကတော့ မြန်မာ အရေးမှာ အာဆီယံကြားဝင်ရေးမူကို တရုတ်၊ ရုရှား အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ အားပေး ထောက်ခံ ထားပြီး၊ အကောင်အထည် ဖော်ဖို့ တိုက်တွန်းသံတွေ ဆက်တိုက် ရှိနေတဲ့အတွက် ဖြစ်ပါတယ်။

ဒါ့ကြောင့် အာဆီယံ သဘောတူမှု ၅ ချက် အတိုင်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ရေး ကိစ္စဟာ အခု သီတင်းပတ် အစည်းအဝေးတွေမှာ ပြီးပြတ် သွားနိုင်မလား ဆိုတဲ့ မေးခွန်း ရှိနေပါတယ်။




မြန်မာအရေး ဖြေရှင်းဖို့ရာ အာဆီယံ ကြားဝင်ရေးလမ်းကြောင်းကို ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့လို အနောက်အုပ်စု နိုင်ငံတွေကရော၊ တရုတ်၊ ရုရှားတို့ကပါ ထောက်ခံ အားပေး နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက နေပြည်တော်ကိုလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့တဲ့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး အီရ်ဝန် ယူဆွဖ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တနင်္လာနေ့၊ ဒီနေ့ အစည်းအဝေးကနေ ဆုံးဖြတ်ချက် ထွက်လာနိုင်တယ်လို့ ပြောထားပါတယ်။

“အထူးသံ ခန့်အပ်တာ မလုပ်နိုင်ပဲနဲ့တော့ မြန်မာ့အရေး အဖြေရှာဖို့ ဆိုတာ အင်မတန် ခက်လိမ့်မယ်လို့” မစ္စတာ အီရ်ဝန် ယူဆွဖ်က ဆိုပါတယ်။




အဲဒီ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံဟာ အီရ်ဝန် ယူဆွဖ်ပဲ ဖြစ်လာနိုင်တယ်လို့ သံတမန် အသိုင်းအဝိုင်းထဲမှာ ပြောဆိုနေပါတယ်။

သူနဲ့အတူ ရွေးချယ်စရာ တခြား ၃ ယောက်လည်း ရှိနေတာမှာ ထိုင်းရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဝီရာဆာ့က် ဖူထြာကူလ်၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါနဲ့ မလေးရှား ဝါရင့် သံတမန် ရာဇာလီ အစ္စမေးလ်တို့ ဖြစ်တယ်လို့ နားလည် ရပါတယ်။

ထိုင်းရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဝီရာဆာ့က် ဖူထြာကူလ်ကို မြန်မာဘက်က ရွေးပေမယ့်၊ အကြံပြုချက် အသစ်တွေ ထပ်ရှိလာခဲ့လို့ ရှေ့မတိုးနိုင်ဖြစ်နေခဲ့တာ ဆိုပြီး မနေ့ ဩဂုတ်လ ၁ ရက်နေ့က တိုင်းပြည်ကို ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းထဲ အာဏာသိမ်း စစ်ခေါင်းဆောင်က အာဆီယံ အထူးသံတမန်ကိစ္စ ထည့်ပြီး ပြောခဲ့ပါတယ်။




စစ်ခေါင်းဆောင်ဟာ အခုဆိုရင် အာဏာသိမ်း စစ်ကောင်စီကနေ အိမ်စောင့်အစိုးရ ဆိုတဲ့ နာမည်ပြောင်းပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ် အဖြစ် ကြေညာထားပြီ ဖြစ်ပါတယ်။

တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာတဲ့ ကာလ တနည်းအားဖြင့် စစ်အာဏာသိမ်းထားမယ့် သက်တမ်းကို ဩဂုတ်လ ၂၀၂၃ ခုနှစ် အထိ ဆိုပြီးတော့လည်း ပြောလာပါတယ်။

အခုလို စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာ၊ အိမ်စောင့် အစိုးရဆိုတဲ့ နာမည်ကို ပြောင်းလဲ ခံယူလာတာဟာ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုနိုင်မှု အပါအဝင် တရားဝင် အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ လုပ်ဆောင်တဲ့ ခြေလှမ်း အဖြစ် မြန်မာ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။




ကြားကာလ အစိုးရအဖြစ် ကြေညာထားတဲ့ NUG အပါအဝင်၊ စစ်အာဏာသိမ်းမှုကို ပုံစံအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေ ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆိုတာကို တညီ တညွတ်တည်း ပြောဆိုနေပါတယ်။

အရင်းအမြစ် – ဘီဘီစီဘားမိစ်