Local News

Covid 19 ကာကွယ်ဆေး ထိုးနှံမှုများ ရပ်ဆိုင်းထားရန် WHO တောင်းဆို

Covid 19 ကာကွယ်ဆေး ထိုးနှံမှုများ ရပ်ဆိုင်းထားရန် WHO တောင်းဆို





ဆင်းရဲတဲ့နိုင်ငံတွေ ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်တကြိမ်ထပ်တိုး ထိုးနှံမှုတွေကို အနည်းဆုံး လာမယ့် စက်တင်ဘာလကုန်ထိ ရပ်ဆိုင်းထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တောင်းဆိုထားပါတယ်။

နိုင်ငံတိုင်း လူဦးရေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံမှုတွေကိုတော့ ခွင့်ပြုသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဒေါက်တာ တက်ဒရို ဆန်ဒါနွမ် ဂက်ဘရီရက်စ်ဆု က ပြောပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးနဲ့ ဂျာမနီလိုနိုင်ငံတွေအပါအဝင်နိုင်ငံတချို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် ထိုးနှံဖို့ ကြေညာထားခဲ့ပြီးဖြစ်တာမို့ ဆင်းရဲတဲ့ နိုင်ငံတွေအနေနဲ့ နောက်ချန်နေရမယ့် အခြေအနေအပေါ် ဒေါက်တာ တက်ဒရိုက သတိပေးခဲ့တာ ဖြစ်ပါတယ်။





လက်ရှိမှာတော့ ဝင်ငွေနိမ့်တိုင်းပြည်တွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မှုဟာ လူ ၁၀၀ အတွက်  ၁ ဒသမ ၅ ကြိမ်နှုန်းနဲ့သာ ရရှိနိုင်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။

“အစိုးရတွေတိုင်းက သူတို့ပြည်သူတွေကို ဒယ်လ်တာ ကိုဗစ်-၁၉ ကူးစက်ခံနေရမှု အပေါ် စိုးရိမ်မှုတွေအပေါ် ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကာကွယ်ဆေး ရရှိနိုင်မှုအများစုကို ပိုပြီးတော့ သုံးနေတဲ့ နိုင်ငံတွေကိုတော့ ကျနော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး”လို့ တက်ဒရိုက ပြောပါတယ်။

ခုလတ်တလော ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်တိုး ထိုးနှံမှုတွေကို ရပ်ဆိုင်းထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းဆိုတာဟာ ဝင်ငွေမြင့်တဲ့ တိုင်းပြည်တွေနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေကြား ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ ကွာဟမှုကို နည်းလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

WHO အနေနဲ့ လာမယ့်လမှာ နိုင်ငံတိုင်းရဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးစေချင်ပေမဲ့ လက်ရှိ အလားအလာ အခြေအနေ ဒီရည်မှန်းချက်ဟာ ပြည့်မီဖို့ မရှိပါဘူး။ 





လတ်တလောလတွေမှာ ဒယ်လ်တာ ကိုဗစ်-၁၉  ရောဂါကူးစက်မှုကြောင့် သေဆုံးမှု မြင့်တက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် နိုင်ငံလူဦးရေရဲ့ ၇ ဒသမ ၉ ရာခိုင်နှုန်းလောက်ပဲ  ကာကွယ်ဆေးထိုးပေးရသေးပါတယ်။ 

ဩဂုတ်လ ၅ ရက် ဒီနေ့အထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံနေရသူပေါင်း ၂၀၁,၀၆၄,၁၈၀ ရှိပြီး သေဆုံးသူပေါင်း ၄,၂၇၁,၃၇၁ ဦးရှိနေပြီလို့  Worldometers ဝက်ဘ်ဆိုက် အချက်အလက်အရ သိရပါတယ်။

Source DVB