Local News

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံကိစ္စ တရုတ်ပယောဂ ကင်းရဲ့လား

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံကိစ္စ တရုတ်ပယောဂ ကင်းရဲ့လား

Source DVB





မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ ၆ လ ကျော်လာခဲ့ပြီဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီက အရပ်သားအစိုးရသစ်ဖွဲ့ဖို့ လွှတ်တော်အစည်းအဝေးကိစ္စ ပြင်ဆင်နေခိုက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာဖြစ်တယ်။

တကယ်က အငြိမ်းစားယူရတော့မယ့် ဗိုလ်ချုပ်မှူးကြီးဆိုသူဟာ အာဏာလက်လွှတ်ရမယ့်အရေး၊ မတရားနည်းနဲ့ကိုယ်ကျိုးရှာထားတဲ့ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေ ဆုံးရှုံးရမယ့်အရေးတို့ကို ကြောက်ရွံ့ပြီး လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာဖြစ်တယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေဟာလည်း သူ့လိုပဲ အာဏာအလွဲသုံးပြီး ကြီးပွားချမ်းသာလာသူတွေဖြစ်လို့ သေဖေါ်ညှိစရာတောင် လိုခဲ့ပုံမရ။

သူတို့ အာဏာရူးတသိုက်ဟာ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး နိုင်ငံနဲ့ပြည်သူကို သစ္စာဖေါက်လိုက်ကြတာဖြစ်တယ်။ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အပေါင်းပါတစုဟာ မြန်မာ့သမိုင်းမှာ သစ္စာဖေါက် အာဏာရူးတွေအဖြစ် သမိုင်းတင်ခံရမယ့်သူတွေဖြစ်လာတယ်။

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၆ လပြည့်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရဆိုပြီး  ပြင်ဆင်ဖွဲ့စည်းလိုက်ပြန်တယ်။ အာဏာသိမ်းတုန်းက တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြောခဲ့ပေမယ့် ၆ လပြည့်ချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ငန်းဆောင်တာတွေ အားလုံး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပြီးစီးမယ်လို့ မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာ တွေ့ရတယ်။





သူ့မိန့်ခွန်းအရ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းကာလကို တဖြည်းဖြည်းချင်း ဆွဲဆန့်ဖို့ ကြိုးစားနေတဲ့သဘောတွေ့လာရတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောစကားကို ပြည်သူတွေက အယုံအကြည်မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ အဆက်မပြတ် ထွက်ပေါ်လာတာလည်း မြင်တွေ့ရတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဗလင်ကန်က မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လက်မခံကြောင်း ပြောဆိုခဲ့ပြီး၊ စစ်ကောင်စီရဲ့ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရေးအစီအစဉ်ဟာ အချိန်ဆွဲရေး သက်သက်သာဖြစ်တယ်လို့ ဆိုလိုက်တယ်။ 

ဒီနေရာမှာ အာဏာရူးတစုကို နောက်ကွယ်ကနေ အားပေးအားမြှောက် လုပ်ခဲ့ကြတဲ့ ပြည်ပနိုင်ငံတွေရဲ့ ပယောဂကိုလည်း မှတ်သားထားဖို့လိုတယ်။ မြန်မာနိုင်ငံကို ကျွန်ပြုလိုတဲ့၊ မြန်မာ့သယံဇာတတွေကို ငန်းငန်းတက်ဖြစ်နေတဲ့ တရုတ်နိုင်ငံရဲ့ ပယောဂဟာ အကြီးမားဆုံးဖြစ်တယ်။

ဒုတိယကတော့ မြန်မာနိုင်ငံမှာ ပဋိပက္ခများများဖြစ်လေ ကြိုက်လေဆိုတဲ့ ရုရှားရဲ့ ပယောဂကိုလည်း ထည့်တွက်ကြရမယ်။ တခြားနိုင်ငံတွေရဲ့ ပဋိပက္ခအကြား လက်နက်ရောင်းစားပြီး အမြတ်ထုတ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ဒီနေ့မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကို လုံးဝလျစ်လျူပြုပြီး သူတို့အကျိုးအမြတ်ကို သာ ပဓာနထားသူတွေဖြစ်တယ်။ 





ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ တရုတ်နဲ့ရုရှားဟာ အဓမ္မဘက်က အရှက်မဲ့စွာ ရပ်တည်နေတာကို မမေ့ကြဖို့လိုတယ်။ မြန်မာစစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) အပါအဝင် ပြည်သူ့ပစ္စည်းဥစ္စာများကို လုယက်မှု၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးမှု၊ မုဒိန်းမှုစတဲ့ အမှုပေါင်းစုံ ကျူးလွန်နေတာကို တရုတ်နဲ့ရုရှားနိုင်ငံတို့က သိပါလျှက်နဲ့ တစုံတရာ ရှုတ်ချပြောဆိုတာမျိုးမလုပ်ခဲ့ဘူး။   စစ်တပ်က အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေတာကို နိုင်ငံတည်ငြိမ်ရေးဆောင်ရွက်နေသယောင် မြှောက်ပင့်ပေးခဲ့ကြတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့အတွက် အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက အဆက်မပြတ် တောင်းဆိုနေပေမယ့် အကြမ်းဖက် စစ်အုပ်စုက လုံးဝ ဂရုမစိုက်တာ တွေ့ရတယ်။ ဥပဒေမဲ့သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လက်စဖျောက်ခံရမှုတွေ ပေါ်ပေါက်နေတယ်လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂတာဝန်ရှိသူတွေ ထုတ်ဖေါ်ပြောကြားသံတွေလည်း ကြားရတယ်။

စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိမ်းနင်းနေပေမယ့် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ခုခံမှုတွေ ရပ်မသွားတဲ့အပြင် ပိုမို အရှိန်မြင့်လာနေတာ တွေ့ရတယ်။ နိုင်ငံရေးမတည်ငြိမ်မှု မုန်တိုင်းကြားမှာပဲ မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေကိုလည်း ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနေကြရတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက လက်ရှိမြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို စိုးရိမ်ကြောင်း နှုတ်အားဖြင့် ထုတ်ဖေါ်ပြောဆိုနေကြသော်လည်း လက်တွေ့ထိရောက်တဲ့ အရေးယူဟန့်တားမှုတွေ လုပ်မပေးနိုင်သေးတာကတော့ စိတ်မအေးစရာ ဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းထားတဲ့ ၆ လတာအတွင်း စစ်ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူတွေ သေဆုံးရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေလည်း ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ထောက်ပြကြတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကပင် သြဂုတ်လ ၂ ရက်နေ့အထိ အချိန် ခြောက်လာတာ ကာလအတွင်း စစ်ကောင်စီကြောင့် သေဆုံးသူ ၉၄၅ ဦး၊ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသူပေါင်း ၅၄၇၄ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ရ၀၂၆ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၂၀၀၀ နီးပါးရှိကြောင်း ထုတ်ပြန်ထားတာတွေ့ရတယ်။ ထိန်းသိမ်းခံနေရသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ် ၁၀၄ ဦးအထိ ရှိကြောင်း သိရတယ်။ 

သေဆုံးမှုတွေမှာ အာဏာသိမ်းမှုကို သပိတ်မှောက်ရင်းနဲ့လမ်းပေါ်မှာ သေနတ်အပစ်ခံရလို့ သေဆုံးတဲ့ သူတွေ အများဆုံး ဖြစ်တယ်။ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသူတွေလည်း ရှိသလို ဘာအပြစ်မှမရှိဘဲ ပစ်သတ်ခံလိုက်ရတဲ့သူတွေလည်းပါတယ်လို့ ဆိုတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်တွေ အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ် ၆၁ ဦးဟာ စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်သတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုတယ်။ စာရင်းမရတာတွေလည်း ရှိတာကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်က ဒီထက် ပိုများနိုင်တယ်လို့ AAPP က ဆိုတယ်။

ဒီအတောအတွင်း စစ်တပ်အာဏာသိမ်းတာ ၆ လပြည့်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တယ်။ ဒီလို အိမ်စောင့်အစိုးရလို့ နာမည်ပြောင်းတာနဲ့ ပတ်သက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားအဖွဲ့များက အချိန်ဆွဲတဲ့ နည်းဗျူ ဟာတခုလို့ ရှုမြင်ကြပြီး အမည်ပြောင်းလိုက်ရုံနဲ့ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ ပျက်ပြယ်သွားမှာ မဟုတ်ဘူးလို့ ဆိုကြတယ်။ စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရကို သြဂုတ်လ ၂ ရက်နေ့မှာ မတရားအသင်းအဖြစ် NUG က ကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့တယ်။ အခုလို အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာချက်ဟာ တည်ဆဲဖြစ်တဲ့ ဘယ်ဥပဒေနဲ့မှ ကိုက်ညီမှုမရှိကြောင်းနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အခွင့်ရေး၊ ရပိုင်ခွင့်တွေကို ထိခိုက်အောင် လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း NUG ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားတယ်။

အခုလို အိမ်စောင့်အစိုးရဖွဲ့တာဟာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဖို့ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြည်သူကို ပြောကြားခဲ့တယ်။ ရွေးကောက်ပွဲ ကျင်းပတာအပါအဝင် စစ်တပ်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အချိန် ၂ နှစ် လိုအပ်တဲ့အတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမတိုင်ခင်မှာ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်သွားမယ်လို့ မင်းအောင်လှိုင်က သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တယ်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာဟာ သံတမန်နည်းလမ်းအရ နိုင်ငံတကာအသိမှတ်ပြုမှု ရလာစေဖို့ လမ်းကြောင်း တခုကို ဖေါ်ဆောင်တာသာ ဖြစ်တယ်လို့ VOA သတင်းမှာ ပြောကြားခဲ့တယ်။ အိမ်စောင့် အစိုးရအဖြစ် အမည်ပြောင်းလဲလိုက်ပေမယ့် နိုင်ငံရေးအရ  ထူးထူးခြားခြား ပြောင်းလဲလာစရာ မမြင်ဘူးလို့ ဆိုပါတယ်။ 

အမည်ခံ အရေးပေါ်ကာလသက်တမ်းတိုးလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဏာကို အတင်းအဓမ္မဖက်တွယ်ထားဖို့ လုပ်တဲ့ အရှက်မရှိတဲ့ လုပ်ရပ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်က ပြောလိုက်ပါတယ်။ ဗြိတိန်အစိုးရ အနေနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှုကို လေးစားဖို့လိုပြီး၊ ပြည်သူတွေဒီမိုကရေစီနည်းကျကျရွေးချယ်ထားတဲ့ အစိုးရကိုပဲ အာဏာပြန်လွှဲပေးရမယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက သူ့တွစ်တာစာမျက်နှာမှာ ဗြိတိန်အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ရေးထားတာ တွေ့ရတယ်။ အာဏာသိမ်းစစ်ကောင်စီကနေ အသွင်ကူးပြောင်းလာမဲ့ ဘယ်လို အုပ်ချုပ်ရေးအဖွဲ့မျိုးကိုမှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံ အစိုးရတွေက ပြောဆိုထားပြီးဖြစ်ကြောင်းလည်း သိရတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)က ရွေးချယ်ထားတဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာစစ်ကောင်စီက  သြဂုတ် ၄ ရက်နေ့မှာ သဘောတူလက်ခံလိုက်ကြောင်း သတင်းတွေအရ သိရတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း အကြမ်းဖက်ပြဿနာတွေ အဆုံးသတ်နိုင်ရေးအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ အတိုက်အခံခေါင်းဆောင်တွအကြား တွေ့ဆုံဆွေးနွေးရေး လမ်းပွင့်လာဖို့အာဆီယံက ကမကထလုပ် ဆောင်ရွက်မယ်လို့ သိရတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးထားဖို့ အာဆီယံအစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး၊ အထူးကိုယ်စားလှယ်နေရာအတွက် ထိုင်း အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံက သံတမန်တွေကို အသီးသီးအဆိုပြုခဲ့ကြတယ်။

နောက်ဆုံးမှာ ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး  Erywan Yusof ကို အာဆီယံအဖွဲ့က ရွေးချယ်လိုက်တယ်။ မြန်မာစစ်ကောင်စီကလည်း လက်ခံသဘောတူတယ်လို့ ဆိုတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း အထူးကိုယ်စားလှယ်က ကြီးကြပ် ဆောင်ရွက်သွားမယ်လို့ အာဆီယံအသင်းရဲ့ သြဂုတ် ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ အသေးစိတ် အစီအစဉ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြုံလာရတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့အတွက် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်တရပ်ကို အာဆီယံအဖွဲ့က ချမှတ်ခဲ့တာ ရက် ၁၀၀ ကျော် ကြာခဲ့ပြီ ဖြစ် တယ်။ ဒါပေမဲ့ တိုးတက်မှု တစုံတရာ မရှိလို့ နိုင်ငံတကာက ဖိအားတိုးပေးလာနေချိန်မှာ ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယူဆွတ်ဖ် အထူးကိုယ်စားလှယ်အဖြစ် အတည်ပြု ခန့်အပ်လိုက်တာဖြစ်တယ်။

ဒီနေရာမှာ ပြဿနာတခု ရှိနေတယ်။ စစ်ကောင်စီဘက်က မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်း ဒုနိုင်ငံခြားရေး ဝန်ကြီးကို သဘောတူလက်ခံတယ်လို့ ဆိုထားပေမယ့် အထူးကိုယ်စားလှယ်ကို ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပြင် တခြားနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပြု မပြုဆိုတာကို သေချာတိကျ သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရဘူး။ စစ်ကောင်စီက အချိန်ဆွဲတဲ့ နည်းပရိယာယ်အရ ဒီကိစ္စကို လက်ခံတာဖြစ်ပြီး၊ အာဆီယံအဖွဲ့က မျှော်လင့်ထားသလို (အထူးသဖြင့် ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင်) ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ နိုင်ငံရေး ခေါင်းဆောင်အားလုံးနဲ့ တွေ့ခွင့်ပေးလိမ့်မယ်လို့ မထင်ဘူး။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက လိုလားတဲ့အတွက်၊ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အသင့်ရှိတယ်”လို့ တရုတ်နိုင်ငံ ချုံကျင်းမြို့မှာ ဇွန်လ ရ ရက်နေ့ က ပြောကြားခဲ့တာကို သတိပြုတယ်။ 

ဇွန်လ ၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ချန်ဟိုင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ယွင်းစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာကိုလည်း အလေးအနက် ဆင်ခြင်သင့်တယ်။ အဲဒီတွေ့ဆုံမှုကို တရုတ်သံရုံး ထုတ်ပြန်ကြေညာချက်မှာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ အကြီးအကဲ နိုင်ငံ့ခေါင်းဆောင်လို့ သုံးနှုန်းခဲ့တယ်။ တရုတ်နိုင်ငံရဲ့ သဘောထားဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိကျိုးကျွံလုပ်ရုံမက တက်တက်ကြွကြွ အားပေးကူညီနေ ကြောင်း ထင်ရှားနေတယ်။

ဇွန်လ ၁၈ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှု ရပ်တန့်ဖို့၊ မြန်မာစစ်တပ်အနေနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ သတိရကြလိမ့်မယ်ထင်တယ်။ 

ဆုံးဖြတ်ချက် မူကြမ်းကို မဲခွဲဆုံးဖြတ်ရာမှာ အဖွဲ့ဝင်နိုင်ငံ ၁၁၉ က ထောက်ခံမဲပေးခဲ့ကြပြီး၊ ဘီလာရုစ်နိုင်ငံ တနိုင်ငံတည်းက ကန့်ကွက်မဲပေးခဲ့တယ်။ ဒီဆုံးဖြတ်ချက် မူကြမ်းကို တရုတ်၊ ရုရှားနဲ့ အာဆီယံအဖွဲ့ထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေအပါအဝင် ၃၆ နိုင်ငံက မဲမပေးပဲ နေခဲ့တယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းမှုနဲ့ အင်တာနက်ဆိုရှယ်မီဒီယာ ကန့်သတ်ချုပ်ချယ်မှု ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားခဲ့တယ်။ ဒီကိစ္စကို ပြန်လည် သုံးသပ်ကြည့်ရင် ဘရူနိုင်းရဲ့ မြန်မာ့အရေး ရပ်တည်ချက်ကို မြင်နိုင်တယ်။ ၂၀၂၁ ဇွန်လဆန်းမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ဘရူနိုင်းအထိသွားပြီး ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ မြန်မာကိစ္စအတွက် ဆွေးနွေးခဲ့တာတွေလည်း ရှိဖူးတယ်။ ဒါကြောင့် Erywan Yusof အာဆီယံအထူး သံတမန် ဖြစ်လာတဲ့အတွက် မြန်မာ့အရေးကို အထောက်အကူရမယ်လို့ မျှော်လင့်ဖွယ် မရှိပါ။ တရုတ်နဲ့ စစ်ကောင်စီ အလိုကျ အပျော့ဆွဲနဲ့ အချိန်ရသလောက် ဆွဲပြီး မင်းအောင်လှိုင် နေရာရရေးကို ကြိုးပမ်းမယ့် အလားအလာ မြင်နေရတယ်။ 

ဒါကြောင့် စစ်ကောင်စီက အာဆီယံကို ခုတုံးလုပ်ပြီး သူတို့ပြောပြချင်တာကိုပဲ ထုံးစံအတိုင်း လိမ်ညာထားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံတကာသံတမန်တွေကို လှည့်စား ပါလိမ့်မယ်။ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်း ဒုနိုင်ငံခြားရေး ဝန်ကြီးဖြစ်လာတာလည်း အံ့သြစရာမဟုတ်ပါ။ ဘရူးနိုင်းဟာ တရုတ်ရဲ့သြဇာကို မလွန်ဆန်နိုင်ကြောင်း စောစောပိုင်း ဖြစ်စဉ်တွေအရ သိထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီ ဖြစ်စေချင်တဲ့ ကစားကွက်အတိုင်း ဖြစ်အောင် အချိန် ဆွဲမှာပါပဲ။ အာဆီယံက စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ ၊ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်း အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ၊ အထူးသံတမန် ခန့်အပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံလာပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆိုတဲ့ စတဲ့ မူ ၅ ချက် ချမှတ်ထားခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး ၆ လအထိ ဘာတခုမှ မလိုက်လျောခဲ့တာ အထင်အရှားပါပဲ။ ကမ္ဘာ့ကုလမသဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်က ၀င်ခွင့်တောင်းတာတောင် စစ်တပ်က ဝင်ခွင့်မပြုခဲ့ဘူး။ 

ပြည်သူ့ဆန္ဒကို ဦးထိပ်ထားတဲ့ CRPH နဲ့ NUG အစိုးရ ကိုယ်စားလှယ်တွေကိုလည်း စစ်ကောင်စီက လက်ခံအသိအမှတ် ပြုလိုတဲ့ သဘော မတွေ့ရဘူး။ စစ်ကောင်စီက စက်တင်ဘာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ နိုင်ငံတကာက အသိအမှတ်ပြုရေးကို မျှော်တွေးပြီး အာဆီယံ အထူးကိုယ်စားလှယ်ကို လက်ခံခဲ့ပုံရတယ်။  အာဆီယံအဖွဲ့ရဲ့လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်းဖြစ်လာမှုဟာ တရုတ်ရဲ့ပယောဂ မကင်းတဲ့ အတွက် အထူးသံတမန် Erywan Yusof ရဲ့ မြန်မာကိစ္စ အစီအစဉ်ဟာ စစ်ကောင်စီအတွက်သာ အကျိုးရှိမှာ ဖြစ်ပြီး၊ နွေဦးတော်လှန်ရေးကို အရှိန်အဟုန် ‌လျော့ကျအောင်လုပ်တဲ့ နိုင်ငံရေးလှည့်ကွက် သဖွယ် ဖြစ်လာနိုင်တာကို အထူးသတိထားကြဖို့လိုပေလိမ့်မယ်။

နန္ဒလင်းရှိန် (DVB)