Local News

ဦးကျော်မိုးထွန်းထံ ဆက်သွယ်မေးမြန်းခဲ့တဲ့ ကြံစည်ခံရမှု အသေးစိတ်အကြောင်း

ဦးကျော်မိုးထွန်းထံ ဆက်သွယ်မေးမြန်းခဲ့တဲ့ ကြံစည်ခံရမှု အသေးစိတ်အကြောင်း

Source BBC





အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထိခိုက်နာကျင်အောင် ဒါမှမဟုတ် အသက်ဆုံးရှုံး စေအောင်အထိ လုပ်ဆောင်ဖို့ ကြံစည်တဲ့ မြန်မာနိုင်ငံသားအမျိုးသားနှစ်ယောက်ကို အမေရိကန်ဗဟိုစုံစမ်းရေးဗျူရို FBI က ဖမ်းဆီးလိုက်ပြီလို့ နယူးယောက် တောင်ပိုင်းခရိုင် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

သူ့မှာ အသက်အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့အတွက် ဦးကျော်မိုးထွန်းကိုယ်တိုင် FBI ကို အသိပေးပြီးတဲ့နောက် အခုလို အရေးယူဆောင်ရွက်မှု ဖြစ်လာတာပါ။

ဒီတော့ လတ်တလော လုံခြုံရေး အခြေအနေက ဘယ်လိုလဲ၊ အမေရိကန်ဘက်က ဘာတွေ ဆက်လက် ဆောင်ရွက်နေသလဲ၊ အသက်အန္တရာယ်ရှိပြီလို့ ဘယ်လို စသိရတာပါလဲ ဆိုတာ ဦးကျော်မိုးထွန်းကို မရီရီအောင်က သီးသန့် မေးမြန်းထားပါတယ်။

ဦးကျော်မိုးထွန်း – ကျွန်တော်သတင်းရတာတော့ အင်္ဂါနေ့က ရတာပါ။ မနက်ပိုင်းလောက်ပေါ့။ အဲဒီနောက် မွန်းလွဲပိုင်းလောက်မှာပဲ ကျွန်တော်တို့ ဒီဘက်မှာရှိတဲ့ အမေရိကန်အဖွဲ့ရုံးရော၊ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကိုရော သူတို့ကို အသိပေးခဲ့ပါတယ်။ အဲဒီ အင်္ဂါနေ့ညနေပိုင်းမှာပဲ FBI(အမေရိကန်ဗဟိုစုံစမ်းရေးဗျူရို)ကပဲ သူတို့လုပ်စရာရှိတာတွေကို စတင်ဆောင်ရွက်ပါတယ်။ အဲဒီကတည်းက ကျွန်တော့်ကို လိုအပ်တဲ့လုံခြုံရေးတွေကို သူတို့ စပေးခဲ့ပါတယ်။





ဘီဘီစီ – စပြီးသိတယ်ဆိုတာကလည်း သူတို့ဘက်ကနေ ကိုယ့်ကို လာအကြောင်းကြားလို့၊ လာပြောပြလို့ သိတာပေါ့နော်။ ဆိုတော့ ပြောပြလာတဲ့သူက ဘယ်လိုများ တိတိကျကျပြောပါလဲရှင်။

ဦးကျော်မိုးထွန်း – ကျွန်တော့်ကို တိုက်ရိုက်ပြောတာတော့မဟုတ်ပါဘူး။ ဒီမှာ ကျွန်တော်တို့ရုံးမှာလည်း ဒီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းတွေက ကျွန်တော့်လုံခြုံရေးနဲပတ်သက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေရှိပါတယ်။ အဲဒီလူတွေကနေတဆင့်သိရတာပေါ့။

ဘီဘီစီ- ဟုတ်ကဲ့။ အဲဒီတော့ သူတို့ကိုရော တိတိကျကျဘယ်လိုပြန်ပြောပါတယ်တဲ့လဲ။

ဦးကျော်မိုးထွန်း – တဆင့်စကားဆိုတော့ ကျွန်တော်က တိတိကျကျပြောဖို့တော့ ခက်တာပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော့်ကို ထိခိုက်နာကျင်အောင်လုပ်ဖို့အတွက် ငွေကြေးပေးပြီးတော့ ငှားထားတဲ့သူရှိတယ်။ နောက်ပြီး ငွေလည်းပေးထားပြီးသားဖြစ်တယ်လို့ သိရတယ်ပေါ့နော်။ ဒါကြောင့် ကျွန်တော့်အတွက် လုံခြုံရေးစိုးရိမ်ရတဲ့အနေအထားရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ကို အသိပေးလာတဲ့ အတွက်ကြောင့် ကျွန်တော်က ဒါကတော့ ဟို … ရရှိတဲ့သတင်းအရပေါ့နော်။ ခိုင်လုံတယ်လို့ ယူဆရတဲ့အတွက်ကြောင့် သက်ဆိုင်ရာတော့ အကြောင်းကြားသင့်တယ်ဆိုပြီး ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပြီးတော့ အကြောင်းကြားတာပါခင်ဗျ။ ကျွန်တော့်ကိုတော့ တိုက်ရိုက်ပြောတာမဟုတ်ပါဘူး ခင်ဗျ။





ဘီဘီစီ – ဟုတ်ကဲ့ ရှင်။ ဆိုတော့ အဲဒီလူတွေကလေ သူတို့က ငွေကြေးရရှိဖို့ ကမ်းလှမ်းတာကို လက်ခံပြီးတော့လေ ဒီလိုလာပြောပြတယ်ဆိုတော့ ဘာကြောင့်အဲဒီလိုလာပြောပြတယ်လို့ သုံးသပ်မိပါလဲ။

ဦးကျော်မိုးထွန်း – အဲဒါတော့ ကျွန်တော်လည်း မပြောပြတတ်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒါကတော့ သူတို့အတွက် အတိုင်းအတာတစ်ခုအထိ Guilty Conscious(အပြစ်လုပ်မိတယ်လို့ခံစားမိတာ) မဖြစ်ချင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ လူတစ်ယောက်ကို နာကျင်အောင်လုပ်ဖို့ဆိုတာ တော်ရုံအတွေးနဲ့တော့ မလုပ်နိုင်ကြဘူးပေါ့နော်။ ဒါကတော့ ကျွန်တော့် ကိုယ့်ကိုယ်ကိုယ် အဲဒီလူနေရာမှာဝင်ပြီး စဉ်းစားလိုက်မယ်ဆိုရင် လူတစ်ယောက်ကို နာကျင်အောင်၊ လူတစ်ယောက်ကို အသက်ဆုံးရှုံးအောင် လုပ်ဖို့ဆိုတဲ့ ဖြစ်ပေါ်လာတဲ့အဲဒီစိတ်ဆန္ဒ တော်ရုံလူမှာတော့ ဖြစ်ခဲပါတယ်။ အဲဒီလိုဖြစ်ခဲတဲ့အထဲမှာ ဒီလူတွေပါမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်လည်း သူတို့ သိတဲ့ Information(သတင်းအချက်အလက်)ကို သက်ဆိုင်တဲ့သူ တစ်ဦးဦးကို အသိပေးတယ်လို့ ကျွန်တော်ယူဆပါတယ်ခင်ဗျ။

ဘီဘီစီ – ဟုတ်ကဲ့။ အခု ဖမ်းဆီးခံရတယ်ဆိုတဲ့မြန်မာနိုင်ငံသားတွေက လူငယ်လေးတွေလို့ပြောရမှာပေါ့နော်။ တစ်ယောက်က အသက် ၂၈ နှစ်ပဲရှိသေးတယ်။ ဖြိုးဟိန်းထွဋ်ဆိုတဲ့သူနဲ့။ နောက်တစ်ယောက်ကတော့ ရဲဟိန်းဇော်ပေါ့။ အသက် ၂၀ လို့ဆိုတယ်။ ဆိုတော့ သူတို့က ဘယ်သူတွေပါဆိုတာကိုရော သံအမတ်ကြီးနဲ့လူချင်းသိကြပါလား။ သူတို့က ဘယ်သူတွေပါလဲ။

ဦးကျော်မိုးထွန်း – ကျွန်တော် မသိပါဘူး ခင်ဗျ။





ဘီဘီစီ – ဟုတ်ကဲ့။ အခုလောလောဆယ် အမေရိကန်ဘက်က ထုတ်ပြန်ထားတဲ့အခြေအနေအရပေါ့နော်။ ဒီ မြန်မာနိုင်ငံထဲမှာရှိတဲ့ အခြေအနေတို့၊ နောက်ကြောင်းတို့ အဲဒါတွေကိုရော သိထားပြီးပါပြီလား။

ဦးကျော်မိုးထွန်း – ကျွန်တော် ဂဃနဏ မသိဘူးပေါ့နော်။ တချို့ဟာကျတော့လည်း သူတို့ Law Enforcement Agencies(ဥပဒေစိုးမိုးရေးလုပ်ဆောင်တဲ့အဖွဲ့တွေ)က စုံစမ်းစစ်ဆေးတာဆိုတော့ ကျွန်တော်တို့ကိုတော့ တော်ရုံအသိပေးတာမျိုးလည်း မရှိဘူးပေါ့နော်။ ဒါ့ကြောင့် အခုဆိုရင် ဒီ Department of Justice(အမေရိကန်တရားရေးဝန်ကြီးဌာန) ကနေပြီးတော့ ထုတ်တဲ့စာထဲမှာပါတဲ့ တော်တော်များများက ကျွန်တော်တို့ မသိတာတွေလည်း အများကြီးပါပါတယ်။ ဒါ့ကြောင့် တော်တော်ပြည့်ပြည့်စုံစုံရှိတယ်လို့တောင် သုံးသပ်လို့ရပါတယ် ခင်ဗျ။ တချို့အချက်တွေဆိုရင် စာဖတ်လိုက်တော့မှာပဲ သြော် ဒီအချက်တွေ ဒီလိုရှိနေပါလားဆိုတာလေးတွေ သိရပါတယ် ခင်ဗျ။ ဒါကြောင့် အဲဒီမှာပါတာက ကျွန်တော်သိတာထက်တောင် ပိုပြည့်စုံတယ်လို့ ပြောလို့ရမှာပါ ခင်ဗျ။

ဘီဘီစီ – ဟုတ်ကဲ့။ အဲဒီတော့ စောစောက သံအမတ်ကြီးပြောတဲ့အထဲမှာလည်း ပါတယ်ပေါ့နော်။ လူတစ်ယောက်က လူတစ်ယောက်ကို ထိခိုက်နာကျင်စေအောင် ဒါမှမဟုတ် အသက်ဆုံးရှုံးစေအောင် လုပ်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့မဖြစ်နိုင်ဘူးဆိုတော့ သံအမတ်ကြီးလို ပုဂ္ဂိုလ်မျိုးကို ထိခိုက်စေချင်တဲ့သူ၊ သေဆုံးစေချင်တဲ့သူဆိုတာကရော ဘယ်လိုလူမျိုးကများ ဖြစ်နိုင်ပါလဲ။ ဦးကျော်မိုးထွန်းကို ဒီလိုအန္တရာယ်ဖြစ်စေချင်တာကရော ဘယ်သူဖြစ်မယ်လို့ ထင်ပါလဲ။

ဦးကျော်မိုးထွန်း – အခုက လူ့သဘာဝပေါ့နော်။ ချစ်တဲ့သူရှိသလို၊ မုန်းတဲ့သူလည်းရှိမှာပဲ။ ဒါကတော့ ပြောလို့မရဘူးပေါ့နော်။ ဆိုတော့ တတ်နိုင်သမျှတော့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်အောင် နေကြဖို့ဆိုတာက ကျွန်တော်တို့ ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းတွေက အားလုံးပေါ့နော် ဟို ဘာသာတရားတွေ အကုန်လုံးကရောပေါ့နော် အားလုံး ဒါတွေကို လမ်းကြောင်းပြီးတော့ သင်ကြားပေးနေတဲ့ဥစ္စာပေါ့နော်။





ကျွန်တော်တို့ ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းတွေကြားမှာလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြဖို့၊ သဟဇာတဖြစ်မှု တိုးပွားကြဖို့ဆိုတဲ့ သင်ကြားမှုတွေနဲ့ ကျွန်တော်တို့ ကြီးပြင်းလာရတဲ့အတွက်ကြောင့် ခုနကပြောတဲ့ လူတစ်ဦးကို နာကျင်စေအောင်၊ လူတစ်ဦးကို သေဆုံးလောက်တဲ့အထိ ဖြစ်အောင်လုပ်မှုဆိုတဲ့ဥစ္စာမှာ မရှိဘူးလို့တော့ ကျွန်တော်က အကြမ်းဖျင်း သုံးသပ်တာပေါ့နော်။ ဒါပေမဲ့ လူ့သဘာဝကြီးထဲမှာတော့ ချစ်တဲ့သူရှိတယ်။ မုန်းတဲ့သူရှိတယ်။ ခင်တဲ့သူရှိတယ်။ နောက်ပြီး မခင်တဲ့သူလည်းရှိကြမှာပေါ့နော်။ ဒါကြောင့်မို့ ဒီလူ့လောကကြီးထဲမှာ ချစ်တာ ခင်တာ မုန်းတာကတော့ ဒွန်တွဲနေမှာဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့ တတ်နိုင်သမျှတော့ တစ်ဦးနဲ့တစ်ဦးချစ်ခင်အောင်နေကြသော်ငြားလည်းပဲ တစ်ခါတလေမှာတော့ ချစ်ခင်တဲ့ကြားထဲကနေကနေပဲ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့ဥစ္စာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် သဘောကွဲလွဲတဲ့ဥစ္စာမျိုး တွေမှာတော့ မမြင်မတူလို့ အမုန်းပွားတာမျိုးတွေရှိပါတယ်။ (အသံပြတ်တောက်သွား) တဲ့ဆိုတာလည်း မရှိဘူးလို့ ကျွန်တော်ပြောလို့ မရပါဘူး။ ကျွန်တော်ကတော့ ဘာပဲပြောပြော တစ်ဦးနဲ့တစ်ဦး ချစ်ဆကိုပဲတိုးစေချင်တာပေါ့နော်။ ဟုတ်ကဲ့။

ဘီဘီစီ – ဟုတ်ကဲ့ရှင့်။ အခု ဒီ မြန်မာအမျိုးသား ၂ ယောက်ပေါ့နော်။ သူတို့ကို ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်စေဖို့ စေခိုင်းသူတွေက ဘယ်သူတွေဆိုတာကိုရော သိရပါပြီလား။

ဦးကျော်မိုးထွန်း – အဲ ခုန ကျွန်တော် ခုနက ကြိုပြီးတော့ ပြောထားတာက Department of Justice (အမေရိကန်တရားရေးဌာန)က ထုတ်ထားတဲ့စာက ပိုပြီးတော့တောင် ပြည့်စုံနေတယ်လို့ ပြောတာပါ။ ဒါ့ကြောင့် ခုနက ပြောတဲ့ ထိုင်းမှာရှိတဲ့ Arms Dealer (လက်နက်ပွဲစား) ဆိုတဲ့ တစ်ယောက် ဟို သူတို့ထဲမှာလည်း ပါပါတယ်။ ဒါက ဘယ်သူလဲဆိုတာ ဂဃနဏလဲဆိုတာကိုတော့ ကျွန်တော်တို့ ဒီအချိန်မှာတော့ အားလုံးပြောဖို့ စောသေးတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတဲ့အချိန်လို့ ကျွန်တော်ယူဆပါတယ် ခင်ဗျ။ ဒါကြောင့် တချို့ဥစ္စာတွေကျတော့လည်း ကိုယ်နည်းနည်းသိတာရှိပေမဲ့ ပြောလို့ ပြောလို့ခက်တဲ့အနေအထားမျိုးရှိတာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒါကိုလည်း ဆရာမတို့လည်း နားလည်ပေးမယ်လို့ ယူဆပါတယ် ခင်ဗျ။





ဘီဘီစီ – ဟုတ်ကဲ့။ အဲဒီတော့ ဒီ အမေရိကန်ဘက်က ထုတ်ပြန်ထားတဲ့အခြေအနေအပေါ်မှာပဲ ကိုယ်ကပြောမယ်ဆိုလို့ရှိရင် ဒီအမျိုးသား ၂ ယောက်ကို စေခိုင်းသူက ဘယ်သူလို့ သူတို့ ထုတ်ပြန်ထားပါလဲ။

ဦးကျော်မိုးထွန်း – အဲဒီမှာပါတဲ့အတိုင်းဆိုရင် ယိုးဒယားမှာရှိတဲ့ Arms Dealer (လက်နက်ပွဲစား)ဆိုတဲ့ တစ်ယောက်က ဆိုတဲ့ဥစ္စာမျိုး ရေးထားတာတော့ တွေ့ပါတယ်။

ဘီဘီစီ – အဲဒီတော့ အဲဒါက ထိုင်းနိုင်ငံမှာရှိတဲ့သူဆိုတော့ သူကထိုင်းနိုင်ငံသားလား၊ ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ နေထိုင်တဲ့မြန်မာနိုင်ငံသားရောဖြစ်နိုင်လား ၊ ဘယ်လိုပြောထားပါလဲ။

ဦးကျော်မိုးထွန်း – အဲဒါကတော့ တိတိကျကျဘယ်သူရယ်လို့ပြောထားတာမျိုးတော့မရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်ဖတ်တော့ ဖတ်ပြီးပြီ။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ လွတ်သွားတာလည်းဖြစ်နိုင်တယ်။ အကြမ်းဖျင်းသိတာကတော့ထိုင်းနိုင်ငံမှာရှိတဲ့ လက်နက်ရောင်းဝယ်သူလို့ပဲသိထားတာပါ။ ဟုတ်ကဲ့။

ဘီဘီစီ – နောက်ဒီသံအမတ်ကြီးကိုယ်တိုင် က ဒီအဖမ်းခံရတဲ့ အမျိုးသားနှစ်ယောက်ကို ကိုယ်ကိုယ်တိုင်က မသိဘူးလို့ ဆိုပေမယ့် ဒီနယူးယောက်မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းထဲက တချို့ကတော့ မြန်မာပွဲတွေ လုပ်တဲ့အခါမှာ သူတို့လာတာရှိတယ်၊ ဒီဆန္ဒပြပွဲမှာပဲဖြစ်ဖြစ်ပေါ့နော်၊ ဒီလိုဝင်ထွက် သွားလာတာတွေရှိတယ်လို့ပြောကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ရော မြန်မာအသိုင်းအဝိုင်းထဲကပဲ ဦးကျော်မိုးထွန်းကိုပြန်ပြောတာတွေရှိပါသလား။ သိရပါသလား။

ဦးကျော်မိုးထွန်း – ဟုတ်ကောင်းဟုတ်နိုင်ပါတယ်။ ခုနကပြောသလို ကျွန်တော်တို့ရုံးမှာလာပြီးတော့ ဒီလုံခြုံရေးနဲ့ပတ်သက်ပြီး Volunteers (စေတနာ့၀န်ထမ်း)ပေါ့နော် လာစောင့်ရှောက်ပေးနေတဲ့သူတွေရှိပါတယ်။ အဲဒီထဲမှာ အခုပါတဲ့တစ်ယောက်က လာစောင့်ပေးဖူးတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့တော့ မကြုံဖူးလိုက်ဘူးပေါ့နော်၊ အဲဒီလိုမျိုးရှိပါတယ်။ ဘယ်သူဘယ်ဝါရယ်လို့တော့ ကျွန်တော်ဂဃနဏတော့ မသိပါဘူး။ လာစောင့်ပေးတာရှိဖူးတယ်လို့ ကျွန်တော်အကြမ်းဖျင်းတော့သိရပါတယ်။ဟုတ်ကဲ့။





ဘီဘီစီ – ဟုတ်ကဲ့ .. နောက်ပြီးတော့ ဒီနယူးယောက်မှာရှိတဲ့ ယူအန်န် မစ်ရှင်ပေါ့နော်၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအဖွဲ့ရုံးမှာ သူတို့က တာဝန်ထမ်းဆောင်တာရောရှိဖူးပါသလား။

ဦးကျော်မိုးထွန်း – တာဝန်ထမ်းဆောင်တာတော့မရှိပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ဒီမှာက ဖေဖော်ဝါရီ ၂၆ရက် မိန့်ခွန်းပြောပြီးနောက်ပိုင်းမှာ ကျွန်တော့်ရဲ့ လုံခြုံရေးကိုစိတ်ပူတယ်ဆိုပြီးတော့ ဒီမှာရှိတဲ့ မြန်မာကွန်မြူနတီကနေပြီးတော့ သူတို့တွေ Volunteers လုပ်ပြီးတော့ ကျွန်တော့်ကို စောင့်ရှောက်ပေးလိုပါတယ်ဆိုပြီး Offer (ကမ်းလှမ်း)လုပ်လာတာပေါ့၊ ဆိုတော့ ကျွန်တော်လည်းလက်ခံတယ်ပေါ့နော်၊ ဒါကြောင့် နေ့ဘက်ကိုရုံးမှာလာပြီးစောင့်ပေးနေတဲ့ သူတွေရှိပါတယ်။

ဘီဘီစီ -အဲဒီတော့သူက ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးမှာတော့ သူတို့တာဝန်ထမ်းဆောင်တာ မရှိဖူးဘူးပေါ့နော်။

ဦးကျော်မိုးထွန်း – မရှိပါဘူးခင်ဗျ၊ဟုတ်ကဲ့။

ဘီဘီစီ – ဟုတ်ကဲ့ ဆိုတော့ သံအမတ်ကြီးကိုယ်တိုင်ပေါ့နော်၊ ကိုယ့်ကိုယ် အသက်အန္တရာယ်ကျရောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့သိရတဲ့ အချိန်ကနေ ပြီးတော့ အခု ဒီလို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ကာလအထိပေါ့၊အခုကာလအထိပေါ့ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ပူပန်တာမျိုးကရောဘယ်လောက်ခံစားရပါသလဲ။

ဦးကျော်မိုးထွန်း – ထွေထွေထူးထူးတော့ မဖြစ်မိဘူးပေါ့နော်၊ ဘာလို့လဲဆိုရင် စသိတဲ့အချိန်မှာပဲ၊ ဒီဘက်မှာရှိတဲ့ အိမ်ရှင်နိုင်ငံကနေပြီးတော့ လိုအပ်တဲ့လုံခြုံရေးတွေ ပေးတဲ့အတွက်ကြောင့် ပိုပြီးတော့လုံခြုံသွားတယ်လို့တောင် ခံစားရပါတယ်။ ထွေထွေထူးထူးတော့ ဘာမှမဖြစ်ပါဘူး။ဒါက အမှန်အတိုင်းပြောတာပေါ့နော်၊ ကျွန်တော်ထွေထွေထူးထူးခံစားရတဲ့ဟာတော့ မရှိပါဘူး။အထူးသဖြင့် ဒီမှာရှိတဲ့ Law enforcement တွေကလည်း တကယ့် ပရော်ဖက်ရှင်နယ်ကျကျ လိုအပ်တဲ့ အကူအညီ၊လိုအပ်တဲ့လုံခြုံရေးအစီအမံတွေအားလုံးကိုစီစဉ်ပေးပါတယ်။





ဘီဘီစီ – အဲဒီတော့ ကိုယ့်ရဲ့ ပုံမှန် ရုံးတက် ရုံးဆင်းလုပ်နေတဲ့ အပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိသွားပါသလဲ။

ဦးကျော်မိုးထွန်း – အခုအထိပေါ့ ၊ဥပမာ ကျွန်တော်ဒီတစ်ပတ်ထဲမှာ ကျွန်တော်လုပ်ဖို့ စီစဉ်ထားတာတွေကတော့ အစီအစဉ်အတိုင်းကျွန်တော်လုပ်ဖြစ်ပါတယ်။ခုနကပြောသလိုအင်္ဂါနေ့ကစပြီး လုံခြုံရေးပေးထားတယ်ဆိုပေမယ့်လည်း ကျွန်တော် နဂိုကတည်းက စီစဉ်ထားတဲ့ အစီအစဉ်အတိုင်းအကုန်လုံးကိုလုပ်ဖြစ်ပါတယ်။အပြင်တွေဘာတွေသွားတာဆိုလည်း ဒီဘက်ကလုံခြုံရေးလိုက်ပေးပါတယ်။ ရုံးအတက်အဆင်းက အစပေါ့နော်၊ဟုတ်ကဲ့။

ဘီဘီစီ – ဟုတ်ကဲ့ အဲဒီတော့ အမေရိကန်ဘက်ကလုံခြုံရေးပေးနေတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့လုံခြုံရေးပေးနေတာပါလဲ။

ဦးကျော်မိုးထွန်း – လုံခြုံရေးပေးတဲ့ဆိုတဲ့နေရာမှာ ကားတွေဘာတွေကအစ စီစဉ်ပေးပါတယ်။ အဓိကလုံခြုံရေးရောပေါ့၊ နောက်ပြီးတော့ ၂၄ နာရီလုံခြုံရေးပေးတဲ့အခါကျတော့ အိမ်ပတ်ဝန်းကျင်မှာရော၊ ရုံးပတ်ဝန်းကျင်မှာရော လုံခြုံရေးပေးတဲ့အခါကျတော့ ဒေသခံ ရဲတွေကလည်း စောင့်ပေးပါတယ်။ ပိုလုံခြုံသွားတာပေါ့။

ဘီဘီစီ – အိမ်နဲ့ရုံးနဲ့ စောင့်ပေးတဲ့အခါကျတော့ ရုပ်ရှင်တွေထဲကလို အပြင်သွားရင် ၊ရုံးသွားရင် ဘော်ဒီဂတ်ဒ် (သက်တော်ေစာင့်)တွေနဲ့ဖြစ်သွားတာလား။

ဦးကျော်မိုးထွန်း -သူများတွေကတော့ အဲဒီလိုပြောပါတယ်ခင်ဗျ၊ ကျွန်တော်ပြောတာမဟုတ်ဖူးနော်၊ သူများတွေပြောကြတာ၊ ရုပ်ရှင်ထဲကလိုပဲပေါ့၊ ဘာဖြစ်လို့လဲဆိုရင် သူများတွေက အပြင်ကကြည့်ရတာကို၊ ကျွန်တော်ကတော့အထဲမှာရောက်နေတော့ ကျွန်တော်ကတော့မသိဘူးပေါ့နော်၊ ကားပေါ်က အဆင်း၊ ကားပေါ် အတက် တွေမြင်တာဆိုတော့ အဲဒီလိုတော့ပြောကြတဲ့သူတွေရှိပါတယ်ခင်ဗျ။

ဘီဘီစီ – စောစောပိုင်းကတော့ပြောတယ်၊ ပိုပြီးတော့လုံခြုံစိတ်ချသွားရတယ်လို့တော့ ခံစားလိုက်ရတယ်ပေါ့၊ဆိုတော့ သူတို့ကဒီလိုလုံခြုံရေးတွေကိုဘယ်လောက်အထိဆက်ပေးထားမယ်လို့ သိရပါလဲ။





ဦးကျော်မိုးထွန်း – မသိရပါဘူးခင်ဗျ၊ ဒါပေမယ့်လည်း ခုနကပြောသလို လုံခြုံသွားတယ်လို့ခံစားရတယ်ဆိုတာက သူတို့ရှိနေတာကြောင့်လည်းပါတာပေါ့၊ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ရမယ်ဆိုတာကိုလည်း မသိစိတ်က ဖြစ်တယ်၊ ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောတာပေါ့နော်၊ မသိစိတ်ကတော့ဖြစ်တာပေါ့နော် ၊ သွားတာလာတာနေတာထိုင်တာ စားတာသောက်တာ က ပိုပြီးတော့ ဂရုပြုရမယ်ဆိုတာကတော့ ကိုယ့်ဘာသာအလိုလိုနေရင်း စိတ်ထဲမှာပေါ်လာတာမျိုးတော့ဖြစ်ပါတယ်ခင်ဗျ၊ ဒါပေမယ့်သူတို့ အနေနဲ့ဘယ်အချိန်အထိ လုံခြုံရေးပေးမလဲဆိုတာကတော့ အမြဲတမ်းတော့ပေးနေမှာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့လုံခြုံရေး Assessment (ချင့်တွက်တာ)တွေ လုပ်တာရှိတယ်၊ သူတို့ ရှင်းလင်းပြီဆိုတဲ့အချိန်မှာတော့ သူတို့လုံခြုံရေးတွေ ဒါကတော့ယေဘူယျအားဖြင့်နော် ဒါကတော့ယေဘူယျပြောတာပေါ့၊ သူတို့ ရှင်းလင်းပြီဆိုတဲ့အချိန်မှာတော့ သူတို့လုံခြုံရေးတွေကိုပြန်ရုတ်ကြတဲ့အခြေအနေတော့ရှိကြပါတယ်။ဘယ်တော့လဲဆိုတာတော့ ကျွန်တော်လည်းပြောဖို့ခက်ပါတယ်။ရုတ်သွားခြင်းအားဖြင့် ကျွန်တော်ရဲ့ Stress Level (စိတ်ဖိစီးနှုန်း)က ကျသွားမယ်ဆိုတော့ ပိုပြီးတော့ ကောင်းတာပေါ့လေနော်၊

ဒီလို တကူးတက စိုးရိမ်တယ်၊မေးခွန်းမေးတယ်၊အင်တာဗျူးလုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကနေ မေးခြင်းအားဖြင့် ဘီဘီစီရဲ့ပရိသတ်ကြီးကိုလည်း ဒီကနေ ပြောကြားရ အသိပေးလို့ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်အပေါ်အားလုံးစိတ်ပူပြီးတော့ မေးမြန်းကြတဲ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်။စိတ်မပူဖို့လည်းဒီနေရာကနေပြောလိုပါတယ်။ကျွန်တော်လည်းတတ်နိုင်သမျှ ကျွန်တော့လုံခြုံရေးနဲ့ပတ်သက်ပြီးပိုပြီးဂရုစိုက်ပြီးနေသွားပါမယ်။

Credit BBC