Local News

အာဆီယံ သံတမန် ခန့်အပ်မှူ အပေါ် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ရှင်းလင်းချက်

အာဆီယံ သံတမန် ခန့်အပ်မှူ အပေါ်
စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ရှင်းလင်းချက်





အထူး သံတမန် ခန့်အပ်နိုင်ခဲ့မှု နှင့်အတူ ထွက်ပေါ်လာသော အဓိက ကျသည့် မေးခွန်းက ၎င်းအနေဖြင့် ပြဿနာ အဖြေရှာနိုင်ရေး အတွက် ပါဝင်ပတ်သက်နေသူ များ အားလုံးနှင့် တွေ့ဆုံနိူင်ခွင့် ရှိမည်‌လော ဆိုသည်ပင် ဖြစ်သည်။

အကယ်၍ ဖြစ်လာခဲ့လျှင်လည်း နိူင်ငံရေး ဆွေးနွေးပွဲများ ဖြစ်၍ ရှည်လျားဖွယ် ရှိနိုင်သည့် အတွက် လက်တွေ့ မဆန်သော မျှော်လင့်ချက်များ မထားမိရန်လိုသည်ဟု သတိပေးလာသည်။

လက်ရှိ အနေအထားတွင် အကြမ်းဖက်မှုများကရပ်တန့်သွားခြင်းမရှိ၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်း မရှိ၊ တဖက် နှင့် တဖက် တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းလည်းမရှိ၊ ထိုသို့ နိုင်ငံရေး အရ မရေမရာ နှင့် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်တွင် စီးပွားရေး က ရပ်တန့်သွားခြင်း၊ ထိုအခြေအနေ များ ကြားတွင် ကြောက်မက်ဖွယ်ရာ နှုန်းဖြင့် ကူးစက်နေသော ကိုဗစ် ကြောင့် ပို၍ ဆိုးလာရသည်၊





အားလုံးကို ခြုံပြောရလျှင် မုန်တိုင်းကြီး တခု ဖြစ်ပေါ်လာရန် လိုအပ်သည့် အနေအထားများ ကွက်တိ ဖြစ်ပေါ်လာခဲ့သည့် အတွက် perfect storm ဟု ‌ပြောနိုင်ကြောင်း နှိုင်းယှဉ် ပြသွားသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဘာလားခရစ်ရှနန်သည် အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များကို ပြတ်ပြတ်သားသား ဝေဖန်ခဲ့သူ ဖြစ်ပြီး အာဏာသိမ်းပြီးကာစမှပင် national shame ဟု ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။


လက်ရှိ နိုင်ငံတွင်း ကသောင်းကနင်း ဖြစ်နေမှုများကြောင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးဖို့ ဖြစ်လာရ၍ မြန်မာပြည်သူများအားတတ်နိုင်သမျှ အများဆုံး ကူညီပေးသွားမည်ဟုလည်း ဆိုသည်။

မင်းအောင်လှိုင်သည် လက်ရှိ ဖြစ်ပေါ်နေမှုများကို အလိမ်အညာများ ဖြင့် မည်မျှပင် ဖုန်းကွယ်ရန် ကြိုးစားခဲ့သော်လည်း မြန်မာအပေါ် သဘောထား ပျော့ ပျောင်းစွာ ဆက်ဆံတတ်သော စင်္ကာပူလို နိုင်ငံမျိုးက ပြောလာသည်ကို မည်သူမျှ ပေါ့ပေါ့ဆဆ သဘောမထားနိုင်သည်ကတော့ အသေအချာပင် ဖြစ်သည်။





လောလောဆယ်တွင် နိုင်ငံတွင်းရှိ မြို့ပြအဖွဲ့အစည်း တရာကျော်က အာဆီယံ အထူး သံတမန် ရွေးချယ်ခန့်အပ်မှုကို ကန့်ကွက်လိုက်ကြပြီး၊ မင်းအောင်လှိုင်၏ သဘောထား တခုတည်းနှင့် မပြီးဘဲ ၎င်း၏ အုပ်ချုပ်နေမှုကို ဆန့်ကျင်တွန်းလှန်နေသူများကိုပါ မေးမြန်းသင့်သည်ဟု ဆိုသည်။

စစ်အာဏာပိုင်များက ထွက်ပြေး တိမ်းရှောင်နေကြသူများအား ပြန်လာနိုင်သည်ဟု ပြောဆိုလာမှုကိုလည်း “ထောင်ချောက်ဆင်ခြင်း” သက်သက်ဟု ဆိုကာ တက်ကြွ လှုပ်ရှားနေသူများက ပယ်ချလိုက်ကြပြီး “၎င်းတို့ ရှိနေသ‌ရွေ့ မိမိတို့သည် ဝရမ်းပြေးများ”ဖြစ်နေဦးမည်ဟု ဆိုသည်။

ဟံသာဝတီ ဖောင်ဒေးရှင်း မှ အတွင်းရေးမှူးဖြစ်သူ အသက် ၇၀ ရှိ ဦးကျော်အောင်သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရသဖြင့် ထိုးနှံရန် သွားရောက်စဉ် အဖမ်းခံခဲ့ရသည် ဆိုသော သတင်းကလည်းပြန်လာရန် မည်သို့မျှ ယုံကြည်စရာ မကောင်းသည့် အခြေအနေပင်ဖြစ်သည်။





ဦးကျော်မိုးထွန်းအား နယူးယောက်တွင် လုပ်ကြံရန် ကြံစည်မှု တွင် ပါဝင်ခဲ့သူများအားဖမ်းဆီးမိခဲ့သည့် သတင်းကလည်း တကမ္ဘာလုံးဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့ရပြန်သည်။

မြန်မာပြည်သူများ သည် ယခုလို မိမိတို့၏ အသက်အန္တရာယ်ကို ပြင်းထန်စွာ ခြိမ်းခြောက်ခံလာနေရသည့် ကိုဗစ် ကပ်ရောဂါ ဆိုးကြီး နှင့် ရင်ဆိုင်နေရချိန်တွင် အစိုးရ ဟု အမည်ခံထားသူများ ကို အားကိုးအားထား ပြု၍ မရသဖြင့်”ငါတို့မှာ ငါတို့ပဲရှိတော့တယ်” ဟူသော စိတ်ဖြင့် မိမိတို့ အချင်းချင်း ယိုင်းပင်းကူညီခြင်းဖြင့်သာ ရင်ဆိုင်နေကြရသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်ဟု ဧရာဝတီ သတင်းစာမျက်နှာတွင် ရေးသားခဲ့သည်။

ဤသည်ကလည်း ပထမဆုံးအကြိမ် မဟုတ်ပြန်၊ ၂၀၀၈ နာဂစ် မုန်တိုင်း တိုက်ခတ်ခံရ၍ လူပေါင်း၁၄၀,၀၀၀ ခန့် သေဆုံးသွားခဲ့ချိန်တွင်လည်း အချိန်မီကူညီပေးမှုမျိုး မရှိ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုရေး လူထု ဆန္ဒခံယူပွဲ ပြီးမြောက်ရန်သာ အာရုံ ထားခဲ့ကြသည့် အဖြစ်ကိုလည်း မည်သူမျှမေ့နိုင်ကြဦးမည် မဟုတ်ပေ။

ယခုအခါတွင် မည်သို့သော အစီအစဉ်မျိုး ကို မဆို ၎င်းတို့ အာဏာတည်မြဲရေး ကို ထိခိုက်လာနိုင်ခြင်းရှိမရှိ အရင် ချိန်ထိုးပြီးမှ လုပ်ရန် စဉ်းစားကြသူများ ဖြစ်သည်။ ထိခိုက်မည်ထင်လျှင် လူထုအတွက်မည်မျှ အကျိုး ရှိပါစေ ပေယျာလကန် ပြုထားစမြဲ ဖြစ်သည်။





ဤသည်ကလည်း နှစ်ပေါင်း ၆၀ ကျော် မြန်မာပြည်သူတို့ တွေ့ကြုံခဲ့ကြရပြီး ဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ ဌာနေညွန်ကြားရေးမှူး စတီဖင် အင်ဒါဆန်သည် ဗီဒီယိုလင့်ခ်မှတဆင့် ဂျနီဗာသို့ လှမ်းပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် မြန်မာပြည်သူများသည် ယခုအခါ ၎င်းတို့ ဘဝ‌တလျှောက် တခါမှ မကြုံဖူးခဲ့သည့် လွန်စွာ ကြီးမားသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူများ အဖို့ စားဖို့သောက်ဖို့ပင် အနိုင်နိုင် ဖြစ်လာနေသည်ဟု ပြောသွားခဲ့သည်။

ဆင်းရဲနွမ်းပါးသူ အရည်အတွက်သည် ‌ဖေဖေါ်ဝါရီ မတိုင်မီက ၂.၈ သန်းသာ ရှိခဲ့ရာမှ လာမည့် ၆ လအတွင်း ၆.၈ သန်းအထိ တိုးမြင့်လာမည် ဖြစ်သည်ဟုလည်း ခန့်မှန်းလိုက်သည်။

လက်ရှိ ကိုဗစ် ကူးစက် ကပ်ရောဂါကြီးသည် မြန်မာအား ဆူနာမီ ရေလှိုင်းကြီးနှင့် မခြား ရိုက်ခတ် ခံနေရသည်ဟုလည်း နှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

ထိုသို့ ဖြစ်ပျက်နေသည်များကို ၎င်းတို့အာဏာ တည်မြဲရေး လောက် ဂရုစိုက်စရာ မလိုဟု ယူဆထားသော စစ်အာဏာပိုင်များက ဆန်တပြည်လျှင် တရာကျပ်ဖြင့်ရောင်းချပေးနေသည်ကို ပင် လူစုလူဝေး ဖြစ်သည် ဆိုကာ လာရောက် ပိတ်ပင်ခဲ့ကြ၍ တအိမ်တက်ဆင်း လိုက်ရောင်းပေးခဲ့ရသည် မဟုတ်ပါလား။





ကြက်ဉဈေးများ တက်စဉ် မင်းအောင်လှိုင်သည်တပ်‌ မွေးမြူရေးခြံများမှ ထုတ်ရောင်းမည် ဆိုသော ကြက်ဉများကလည်း ယခုထိ အစအန ပျောက်နေဆဲပင် ဖြစ်သည်ကိုလည်း ဧရာဝတီ တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ် အတွင်းရှိ AA လက်နက်ကိုင် အဖွဲ့ကတော့ တရားစီရင်ရေးသာမက ပြည်နယ်အတွင်း အိမ်တွင်းနေရမည့် stay-at-home အမိန့်ကို ထုတ်ပြန်လာပြီး အုပ်ချုပ်ရေး တာဝန်များကို တရားဝင်အဖွဲ့အစည်း တရပ်အသွင် စနစ်တကျ တိုးချဲ့လာနိုင်ခဲ့ပြီ ဖြစ်သည်။ ပြည်နယ် အတွင်း ၇၅% ခန့်က ၎င်းတို့၏ အမိန့်ကို လိုက်နာကြသည်ဟု Frontier Myanmar တွင် ရေးသားထားသည်။

လာမည့် တနင်္ဂနွေနေ့သည် သမိုင်းတွင်ခဲ့သည့် ရှစ်‌လေးလုံး လူထု အုံကြွမှုကြီး ဖြစ်ပွားခဲ့သည့် ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ယင်းနှင့် အတူ မပြီးဆုံးသေးသော ‌နွေဉီး တော်လှန်ရေး ကြီးနှင့် တိုက်ဆိုင်နေသဖြင့် “၈၈ က အကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” ဟူသော ကမ်းပိန်း စတင်နေပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai