Local News

လက်ရှိနေထိုင်နေတဲ့ အိမ်နဲ့ဝိုင်း​မြေကို ပရဟိတအသင်းထံ ရက်ရက်ရောရောပေးကမ်းလှူဒါန်းခဲ့ရလို့ ဝမ်းသာပီတိဖြာနေတဲ့ ကူမဲမြို့ကအဖွားဒေါ်သိန်း


ကိုဗစ်ရောဂါကူးစက်မှုတွေခံရပြီး ​ မြန်မာပြည်သူအများအပြားဒုက္ခရောက်နေချိန် ပရဟိတသမားတွေဟာလည်း အခက်အခဲများစွာကြားကပဲ ပရဟိတအလုပ်တွေကို နေ့မနားညမနားလုပ်ကိုင်နေကြပါတယ်။

ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ပရဟိတအသင်းတွေကို ပြည်သူတွေကလည်း တတ်နိုင်သလောက် လှူဒါန်းပေးမှုတွေ ပြုလုပ်နေကြပါတယ်။





အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ လူကြီးတွေကလည်း ငယ်ရွယ်စဥ်က ကြိုးစားရှာဖွေထားတဲ့ အရာပစ္စည်းတွေကို ရောင်းချကာ အလှူအတန်းတွေပြုလုပ်ရင်း ဘဝကိုပေးကမ်းလှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေကြပါတယ်။


သြဂုတ်လ(၇)ရက်နေ့ မနေ့ကတော့ ကူမဲမြို့ အမှတ်(၄)ရပ်ကွက်က အဖွားအိုတစ်ယောက်ဟာ အိမ်နဲ့ ဝိုင်းမြေကို ပရဟိတအသင်းတစ်သင်းထံ လှူဒါန်းခဲ့ပါတယ်။





ကူမဲမြို့၊အမှတ်(၄)၊အင်းဗျားရပ်နေအဖွားဒေါ်သိန်းဟာ သူလက်ရှိနေထိုင်လျက်ရှိနေတဲ့ အိမ်နဲ့ဝိုင်းမြေကို ဗြဟ္မပါလလူမှုကူညီရေးအသင်းကြီးထံ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။


အဆိုပါအဖွားအိုက ဗြဟ္မပါလလူမှုကူညီရေးအသင်းလိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် အခုလိုလှူဒါန်းခဲ့တာဖြစ်ပြီး အဖွားရဲ့အလှူအတွက် ပြည်သူတွေက သာဓုခေါ်ဆိုနေကြပါတယ်။


အဆိုပါအလှူအတွက် သံဃာတော်တွေကို ပင့်ဖိတ်ပြီး ရေစက်ချအမျှပေးဝေခဲ့သလို အဖွားကိုယ်တိုင်လည်း အခုလိုလှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြာနေကာ ပြုံးပျော်ရွှင်နေခဲ့ပါတယ်။





ရက်ရက်ရောရောပေးကမ်းလှူဒါန်းခဲ့တဲ့ အဘွားဒေါ်သိန်းကို ဗြဟ္မပါလလူမှုကူညီရေးအသင်းကြီးက ပရဟိတညီအကိုတွေကလည်း လက်အုပ်ချီပြီး ဦးချကန်တော့ခဲ့ကြပါတယ်။


ဗြဟ္မပါလလူမှုကူညီရေးအသင်းကတော့ “အလှူရှင်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်အတူ အစစ အရာရာ ပြီးပြည့်စုံနိုင်ကြပါစေ “ဆိုပြီး ရေးသားထားပါတယ်။


အိမ်နဲ့ဝိုင်းမြေကို နှမျောခြင်းမရှိဘဲ ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အဖွားဒေါ်သိန်းရဲ့ သာဓုခေါ်စရာ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Original Uploder