Local News

မကြာမှီဖြေထွက်လာပါတော့မည် အထူးအားရစရာသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှားမင်းသည် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ‌ဒေါ် ဇင်မာအောင်ကို တယ်လီဖုန်း နှင့် ဆက်သွယ်ပြောဆိုပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည် ရောက်ရှိရေး ကြိုးပမ်းနေမှုများ နှင့် အမေရိကန်မှ ဆက်လက် ထောက်ခံမှုပေးမည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။




ထို့အပြင် ကူးစက်မှု နှုန်းများ မြင့်တက်လာနေသော ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး နှင့် မြန်မာပြည်သူများ အတွက် အရေးတကြီး လိုအပ်နေသော လူသာချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး ကိစ္စများ လည်းပါရှိသည်။

အမေရိကန် အစိုးရ ဝန်ကြီး အဆင့် အရာရှိကြီး တဦးမှ အမျိုးသား ညီညွတ်ရေး အစိုးရထံ ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာပြီး ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

အာဆီယံသည် လေးလကြာ အချိန် ယူခဲ့ပြီးနောက် ဘရူးနိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အာဝမ် ယူစွပ်အား မြန်မာ အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် သံတမန် အဖြစ် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဘရူးနိုင်း ဘုရင်သည် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူထားသောကြောင့် ယူစွပ်သည်သာ အဓိက တာဝန်ယူ လုပ်ကိုင်နေရသူ ဖြစ်သည်။




ဤသည်ကလည်း လွယ်လွယ်ကူကူ နှင့် ဖြစ်လာသည်တော့မဟုတ်၊ ပြီးဆုံးသွားခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ၅ နာရီကျော်ကြာ ပြောဆို ငြင်းခုံကြပြီးနောက်မှ အပြီးသတ် ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်၏ အာဏာရှင် မင်းအောင်လှိုင်၏ သဘောတူညီချက် ရရန်လိုအပ်နေသောကြောင့် ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံမှ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဗီရာဆတ် ဖူထရာကူလ် ကို လိုလားသည်ဟု လူသိရှင်ကြား ပြောဆိုခဲ့ပြီးဖြစ်သည်။ ထိုင်းတို့သည်သာ သူ၏ လုပ်ရပ်များကို နားလည် နိုင်မည်ဟု ယူဆထားသောကြောင့်လည်း ဖြစ်ပုံရသည်။




မင်းအောင်လှိုင်သည် ဧပြီ ၂၄ ရက်နေ့တွင် လူလုံးပြချင်ဇော အားကြီးကာ အာဆီယံ အထူး ထိပ်သီး ဆွေးနွေးပွဲသို့ ရောက်ရှိလာပြီး ဖိအားပေးမှု ဒဏ်ကို ခံနိုင်ရည် မရှိသဖြင့် အချက် ငါးချက်ကို အောင့်သီး အောင့်သက်နှင့် သဘောတူပြီး ပြန်လာခဲ့ရသည်။ သို့သော် ပြန်ရောက်ပြီး ၄၈ နာရီ အတွင်းမှာပင် လောလောဆယ် သဘော မတူနိုင်ဟု ငြင်းဆိုခဲ့သူ ဖြစ်သည်။ ထို့အတွက်လည်း စစ်အာဏာရှင် အသိုက်အဝန်းတွင်သာမက ပြည်ပတွင် လည်း သိက္ခာကျဆင်းသွားခဲ့ရပြန်သည်။

ယခုအခါ ကမ္ဘာနိုင်ငံများ အားလုံး၏ ဖိအားပေးမှုကြောင့် အောက်တိုဘာလ အထိ အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူရမည့် အာဝမ်ကို လက်ခံလိုက်ရခြင်း ဖြစ်သည်။ ယူစွတ် သည် ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။




ယူစွပ်သည် အာဆီယံ ဥက္ကဌလည်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော မြန်မာ အကျပ်အတည်း အတွက် သံတမန်ရေး ကြိုးပမ်းမှုများကို တောက်လျှောက်ဦးဆောင်လာခဲ့ရသူ ဖြစ်သဖြင့် ယခုအခါ သူ့ကိုပင် အထူး သံတမန် အဖြစ် ခန့်အပ်မှုသည် ကုမ္ပဏီ၏ CEO ကို MD ရာထူး တပ်ပေးခြင်းနှင့် ဘာမျှ မခြားဟု မြန်မာ့အရေးကို လေ့လာစောင့်ကြည့်နေသော အငြိမ်းစား ထိုင်း သံအမတ်ဟောင်း ကောဆပ် ချုတီကူးလ် က ဝေဖန်လိုက်သည်။

ထို့ပြင် အာဆီယံ၏ ကြေညာချက်တွင် လက်ရှိ နိုင်ငံတွင်း ရင်ဆိုင်နေရသော ကိုဗစ် ကပ်ရောဂါဆိုးကြီး နှင့် စပ်လျင်း၍ တလုံးတပါဒမျှ ဖော်ပြခဲ့ခြင်း မရှိမှုကိုလည်း စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပြန်သည်။




သို့သော် နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများ အပေါ် “စိုးရိမ်မကင်း” ဖြစ်ရကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများ အား ပြန်လွှတ်ပေးရန် တောင်းဆိုမှုများကို ကြားသိနေရသည် ဟု တော့ လိမ္မာ ပါးနပ်စွာ ထည့်သွင်း နိုင်ခဲ့သည်။

ဝဏ္ဏမောင်လွင်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် အမည်တပ်လာ ခြင်းနှင့် ၎င်းတို့အား ရှုတ်ချထားသည့် ဇွန်လ ၁၈ ရက်နေ့ ကုလအထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အား ရည်ညွှန်းလာမှု အပေါ် ဗီတို အာဏာဖြင့် ပယ်ချနိုင်ခဲ့သည်ဟု သိရသည်။




နိုင်ငံတကာ လူ့အခွင့် အရေး စံနှုန်းများကို လေးစားလိုက်နာခြင်း မရှိသော သက်ဦးဆံပိုင် ဘုရင်စနစ်အောက်မှ အရာရှိတဦးအား လူ့အခွင့်အရေး များ လိုက်နာရန် လူသတ်နေသော အဖွဲ့ကို နားချရမည့်တာဝန် ပေးလိုက်ခြင်း ကြောင့် အားလျော့သွားရသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ ဥက္ကဌ ဖြစ်သူ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမာ က ဆိုသည်။

အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန် အစိုးရများ နှင့် အီးယူက ထိုသို့ ခန့်အပ်နိုင်ခဲ့မှု အပေါ် ကြိုဆိုကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ပြီး ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ စစ်ခေါင်းဆောင်များ၏ တာဝန်သာ ကျန်တော့သည်ဟု ပါရှိလာခဲ့သည်။

မြန်မာပြည်သူများကမူ သူ သည် မိမိတို့ရင်ဆိုင်နေရသော ပြဿနာများကို ဓမ္မဓိဠာန်ကျကျ ဖြေရှင်းပေးနိုင်စွမ်း ရှိမည်မဟုတ်ဟု ယုံကြည်ထားပြီး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အာဝမ်သည် အလွှာပေါင်း များစွာ စီထပ် ထားသော ပြဿနာကြီးထဲသို့ တိုးဝင်ရတော့မည် ဖြစ်သည်။




အချက် ငါးချက်ပါ သဘောတူညီချက်အရ သူအနေဖြင့် စစ်ကောင်စီ နှင့် တန်းတူ အဓိက နေရာမှ ရှိနေသော CRPH, NUG နှင့် အခြား ဒီမိုကရေစီ အင်အားစုများ နှင့် အကျိုး ဖြစ်ထွန်းနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားနိုင်မည်လော ဆိုသည် အဓိက ကျသည့် မေးခွန်း ထွက်ပေါ်လာခဲ့သည်။

မင်းအောင်လှိုင်က ထိုအဖြစ်မျိုး အရောက်မခံရန် သံဓိဠာန် ချထားပြီးဖြစ်၍ အလွန်အကျွံ မျှော်လင့်နေမှုသာ ဖြစ်ပေလိမ့်မည်။ အထူး သံတမန်အား မည်သည့် အချိန်တွင် လာရောက်ခွင့် ပြုမည်လဲ ဆိုသည်ကို မေးမြန်းမည် ဆိုမှသာ သဘာဝ ကျပေတော့မည်။ သို့သော် စင်္ကာပူ သတင်းရပ်ကွက်များ အဆိုအရ နောက်အပတ်ထဲတွင် ရောက်လာရန်နှင့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ဖြစ်သည်ဟု သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရကမူ အထူး သံတမန် ခန့်အပ်လာမှု အပေါ် လူသိရှင်ကြား ကြေညာချက်မျိုး ထုတ်ပြန်ခြင်း မရှိသေးပေ။
အထူး သံတမန် ခန့်အပ်သည့်နေ့မှာပင် ကချင် ပြည်နယ် အတွင်းရှိ ဝိုင်းမော် နှင့် ကေအိုင်အေတို့ ရုံးစိုက်ရာ လိုင်ဇာအား အာဏာသိမ်းတပ်များက လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်လာခဲ့ကြပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ၎င်း၏ ဩဂုတ်လ ၁ ရက်နေ့ စကားတွင် ထည့်သွင်း ပြောဆိုခဲ့ ပြီးနောက် ယခုလို တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။




ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ရှိလာ နေ၍ FBI မှ လုံခြုံရေး တိုးမြှင့် ချထားပေးထားကြောင်း သိရသည်။ ရှေ့လထဲတွင် ကုလ ဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် မည်သူကို ရွေးချယ်မည်ဆိုသည့်အပေါ် ဆုံးဖြတ်ရန် ရှိနေချိန်တွင် ယခုကဲ့သို့ ခြိမ်းခြောက် ခံရခြင်း ဖြစ်သည်။

အ‌ရေးတော်ပုံ အောင်ရမည်!!!