Local News

တရုတ်၏ ဖိအားပေးခြင်းခံနေရပြီဖြစ်တဲ့ အာဏာသိမ်း အဖွဲ့


မြန်မာ နိုင်ငံ အကြပ်အတည်းကို ဖြေရှင်းရန် ခန့်အပ်ထားသော အာဆီယံ အထူး သံတမန် ယူဆွတ်သည် သူ့ အပေါ် မြန်မာလူထုမှ အယုံအကြည် ကင်းမဲ့နေသည်ကို ရိပ်စားမိသောကြောင့် ယခင်ကလို ဟန်ပြ လုပ်၍ မရတော့ သဖြင့် သူ၏ ခရီးစဉ်အပေါ် စစ်ကောင်စီက မည်မျှ အထိ လိုက်လျောမည် ဆိုသည်အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင် ရရေး တောင်းဆို မှုများ ပြုလုပ်နေသည်ဟု ရိုက်တာ သတင်းဌာနကို ပြောကြားလာခဲ့သည်။


ထို့အတွက် စစ်ကောင်စီ အဖို့ သံသရာ တကျော့ ပြန်လည်လာပြီ ဖြစ်သည်။ ယခုအချိန်အထိ သူ၏ တောင်းဆို ချက်နှင့် မည်သည့် အချိန်တွင် လာရမည်ကို တရားဝင် မတုန့်ပြန်သေးသော်လည်း “အခြေအနေများ အတော် ကောင်းလာနေသည်” ဟု ဆိုသည်။





သို့သော် လက်ရှိ မြေပြင် အခြေအနေများတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆက်သွယ်ရန် အစီအစဉ်တွင် ပါဝင်ခြင်း ရှိဟန် မတူသေးပေ။


NUG ဖက်က တိုင်းရင်းသား လက်နက်ကိုင်များကို မိမိတို့ နှင့် ပူးပေါင်းရန် စည်းရုံးနေဆဲ ဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အသစ် ရေးဆွဲရန် ကြိုးစားလျှက် ရှိသည်။ ကောင်စီကို ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသော်လည်း ဖွဲ့စည်းပုံကို စတင်ရေးဆွဲနေပြီ ဟု မေလ ၂၁ ရက်နေ့တွင် NUG မှ သတင်း ထုတ်ပြန်ခဲ့သည်။


တိုင်းရင်းသားများ အပြည့်အဝ ယုံကြည်မှု ရှိလာအောင် NUG အနေနှင့် လုပ်နိုင်စွမ်း မရှိသေးဘဲ၊ မိမိတို့အားလုံး စည်းလုံးမှ ဖြစ်မည်၊ သို့မဟုတ်က စစ်အာဏာရှင်များ၏ ချေမှုန်းခြင်း ခံရမည် ဆိုသည့် အဆင့် သာ ရှိသေးပြီး တိုင်းရင်းသားများဖက်ကလည်း တော်လှန်ရေးကြီး ပြီးသွားပါက ၎င်းတို့အား နိုင်ငံရေး မျက်နှာစာ မှ တဖြေးဖြေး နှင့် ပထုတ်ခြင်း ခံရမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်ဟု အမေရိကန် ထုတ် Foreign Policy မဂ္ဂဇင်းတွင် ရေးသား ထားသည်။





၎င်းတို့ ရင်ဆိုင်ရမည့် စစ်တပ်သည်က နိုင်ငံ၏ စီးပွားရေး မှ ညှစ်ထုတ်ရယူထားသော ငွေများ၊ တရားမဝင် မူးယစ်ဆေးဝါး၊ သစ်၊ သယံဇာတများ နှင့် သဘာဝ တောရိုင်း တိရိစ္ဆာန်များ ရောင်းချ ခြင်းမှ ရသော ငွေများ ဖြင့် အင်အားတောင့်တင်း နေဆဲ ဖြစ်သည်။ ယခုပင် တယ်လီနော ကို ဝယ်ယူခဲ့သည့် လက်ဘနွန်မှ M1 Group သည် နောက် သုံးနှစ် အတွင်း ဒေါ်လာ သန်း ၃၃၀ ခန့် လုပ်ငန်းများ တိုးချဲ့သွားမည်ဟု ကြေညာလာခဲ့ပြီ ဖြစ်သည်။


နောက်တချက်မှာ တရုတ်သည် တဖက်တွင် မြန်မာပြည်သူများ၏ ဒေါသ အလွန်အကျွံထွက်မလာစေရန်၊ လက်ရှိ အာဏာသိမ်း အဖွဲ့ နှင့် ဆက်ဆံရေး ပြေလည်စေရန်၊ သတိကြီးစွာ ထား၍ လှုပ်ရှားနေဆဲ ဖြစ်သည်။ ထို့အတွက် လည်း ရူးရူးမိုက်မိုက် မစဉ်းစား မဆင်ခြင် လုပ်လေ့ရှိသည့် အာဏာသိမ်း အဖွဲ့အား NLD ကို ဖျက်သိမ်း မပြစ်ရန် ဖိအားပေးလာခြင်းပင် ဖြစ်သည်။ NLD ကိုလည်း ဇူလိုင် ၂၁ ရက်နေ့တွင် တရုတ် ကွန်မြူနစ်ပါတီ မှ ၎င်းတို့၏ နှစ် တရာပြည့် အထိမ်းအမှတ် အတွက် ချီးကျူး ဂုဏ်ပြုလွှာ ပေးပို့သည့်အတွက် ကျေးဇူးဥပကာရ တင်ရှိကြောင်း ပြန်ကြားစာပင် ပေးပို့လာခဲ့သည်။





သို့သော် တရုတ်တို့၏ နိုင်ငံခြားရေး မူဝါဒ ကိုယ်နှိုက်က မည်သည့်နည်း နှင့် အာဏာရသည်ဖြစ်စေ လက်ရှိ အုပ်ချုပ်နေသူများ နှင့် အဆင်ပြေအောင် ဆက်ဆံသွားရန်ပင် ဖြစ်ပြီး ထိုသဘောထားကို တာလီဘန်များ နှင့် အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကပင် သက်သေခံနေသည်။


လက်ရှိတွင် တရုတ်သည် မြန်မာပြည်တွင် ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်လာမည် အရေးကို အစွမ်း ကုန် ဟန့်တားသွားရန် နံပတ်တစ် ဦးစားပေး အဖြစ် သတ်မှတ်ထားပြီး တည်ငြိမ်မှု ရရေး အတွက် ၎င်းတို့နှင့် လက်လှမ်းမီရာ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့များကို ဟန့်တားနေဆဲ ဖြစ်သည်။

သို့သော် ပြည်သူ များက လက်နက်ကိုင် တိုက်ခိုက်လာနေကြပြီ ဖြစ်၍ ယခု အခြေအနေသည် မည်သူကမျှ နောက်ပြန် လှည့်ရန် ဟန့်တား နိုင်စွမ်း မရှိတော့သဖြင့် နိုင်ငံတကာ အနေနှင့် မည်သူ့ဖက်က ရပ်တည်သွားမည် ဆိုသည် ကိုသာ စဉ်းစား ဆုံးဖြတ်ရတော့မည် ဖြစ်သည်ဟု EAO အဖွဲ့ဝင်တဦးက ပြောကြောင်း Foreign Policy မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။

တရုတ်ရေးရာ ကျွမ်းကျင်သူ တဦး၏ အဆိုအရ တရုတ်သည် အစိုးရတခု အား အပြောင်းအလဲ ပြုလုပ်ရန် စိတ်မဝင်စားဘဲ ၎င်းတို့၏ ကုန်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ရန် တည်ငြိမ်မှု ရရေးသာ လိုလားသူများ ဖြစ်သည်ဟု တရုတ် ဆန့်ကျင်‌ရေး အသားပေး ဖေါ်ပြလေ့ ရှိသော Epoch Times သတင်းစာ တွင် ရေးသားထားသည်။

မြန်မာစစ်တပ်သည် အကြမ်းဖက် အဖွဲ့အစည်း အသွင် ပြောင်းလဲသွားပြီ ဖြစ်၍ ယခုအခါ ၎င်းတို့ နှင့် အပစ်အခတ် ရပ်စဲရေးသည် ပျက်ပြယ်သွားရပြီ ဖြစ်သည်ဟု KNU ခေါင်းဆောင်‌ဟောင်းများ နှင့် ဖွဲ့စည်းထားသော KNU Concerned Group မှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။





ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိနှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းပြီး အာဏာသိမ်းမှု ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲကာ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အရေးတော်ပုံ မုချအောင်ရမည်!!!

Hla Soewai