Local News

NUG နှင့် EAOs အဖွဲ့တချို့ ဖယ်ဒရယ်ဒီမိုကရေစီအတွက် စာချုပ်တစ်ခုပြင်ဆင်နေလား

NUG နှင့် EAOs အဖွဲ့တချို့ ဖယ်ဒရယ်ဒီမိုကရေစီအတွက် စာချုပ်တစ်ခုပြင်ဆင်နေလား

အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းEAOတချို့က တိုင်းရင်း သား အဖွဲ့တွေကို နိုင်ငံရေးအာမခံချက်ပေးနိုင်သည့် စာချုပ်တစ်ခုပြင်ဆင်နေတယ်လို့ EAO အဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်ကဆိုပါတယ်။

စစ်ကောင်စီကိုအပြုတ်တိုက်ပြီးနောက် NUG အာဏာရလာတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ NUG အစိုးရတို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်မယ့်သဘောတူညီမှုတွေ အဲဒီစာချုပ်မှာပါဝင်တယ်လို့ အမည်အဖော်လို့သည့် EAO နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။




စစ်ကောင်စီဖြုတ်ချနိုင်ခဲ့ရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းကိုစွန့်လွှတ်ပြီး အသစ်ပြင်ဆင်ထားတဲ့စာချုပ်အတိုင်း ငြိမ်းချမ်းရေးကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်မယ်လို့ ရည်ရွယ်ထားတယ်လို့ သူကဆိုပါတယ်။

အဲ့ဒီစာချုပ်သည် NUG နှင့် EAOs တို့က ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့အတွက်ရည်ရွယ်ပြီး သဘောတူသည့် EAO အဖွဲ့တွေနဲ့ NUG က လက်မှတ်ရေးထိုးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“NUG အာဏာရလို့တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုခံရရင် သူတို့စိတ်ကြိုက်လုပ်ချင်သလို လုပ်လို့မရအောင် လက်မှတ်ထိုးပြီး တရားဝင်ကတိကဝတ်ယူထားတဲ့သဘောမျိုးပေါ့။ ဖယ်ဒရယ်ဒီမိုကရေစီထူထောင်ဖို့အတွက်သဘောတူစာချုပ်လို့သိရပါတယ်။ ပါးစပ်နဲ့သဘောတူညီတာမဟုတ်ပဲ တရားဝင်လက်မှတ်ရေးထိုးထားရင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို လိမ်လို့မရဘူးဆိုတဲ့သဘော” လို့ အမည်မဖော်လိုတဲ့တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကပြောပါတယ်။


လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေက ပါဝင်လက်မှတ်ရေးထိုးဖို့ဆန္ဒရှိတယ်လို့သိရကြောင်း သတင်းအရင်းမြစ်က ဆိုပါတယ်။ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းကလည်း ဆွေးနွေးတိုင်ပင်နေကြတယ်လို့ဆိုပါတယ်။

“စစ်ကောင်စီဦးဆောင်တဲ့စစ်အစိုးရပြိုလဲမယ်လို့ သူတို့ကယုံကြည်တယ်။ အဲ့ဒီတော့ စစ်အစိုးရပြုတ်ကျရင် NUG ပဲအစိုးရဖြစ်လာမယ်။ အဲ့ဒီတော့ NUG ကို အခုကတည်းကချုပ်ထားတဲ့သဘောပေါ့” လို့ အထက်ပါတိုင်းရင်းသားခေါင်းဆောင်က ပြောပါတယ်။

အခုရက်ပိုင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းအချို့ကလည်း သက်ဆိုင်ရာအစည်းအဝေးတွေလုပ်နေကြပြီး ပါဝင်လက်မှတ်ရေးထိုးရေး၊ မရေးထိုးရေးကို ဆွေးနွေးနေကြတယ်လို့ သူကဆိုပါတယ်။ တချို့ခေါင်းဆောင်တွေကလည်း အမြင်မတူတာတွေရှိတယ်လို့ဆိုပါတယ်။




တိုင်းရင်းသားရဲ့နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒရေးရာနှင့် လိုလားချက်တွေက NUG နဲ့ကွာဟနိုင်တာကြောင့် NUG နဲ့စာချုပ်လက်မှတ်ရေးထိုးဖို့ကစောနေသေးတယ်လို့ တချို့ခေါင်းဆောင်တွေကသုံးသပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကိုလက်နက်အင်အားအပြည့်အစုံမတပ်ဆင်ပေးနိုင်တဲ့အတွက် မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့၊ မြို့ပြဒေသတွေသိမ်းယူထိန်းချုပ်ဖို့ အခက်အခဲဖြစ်နိုင်တယ်လို့ တချို့တိုင်းရင်းသားခေါင်းဆောင်တချို့ကသုံးသပ်ပါတယ်။

EAO ဒေသတွေမှာ စစ်သင်တန်းဆင်းပြီး သေနတ်မရှိသေးတဲ့ PDF တွေအများအပြားရှိနေတယ်လို့သိရပါတယ်။ NUG ကငွေတွေဘယ်လောက်ရှိနေတယ် ဘယ်လိုပံ့ပိုးဆောင်ရွက်နေလဲပြောဆိုနေပေမဲ့ မြေပြင်အခြေအနေနဲ့ကွာခြားနေတာရှိတယ်လို့ EAO သတင်းအရင်းအမြစ်တချို့ကပြောပါတယ်။




မြို့တွင်းတိုက်ပွဲကိုဆင်နွှဲဖို့ စိတ်အားထက်သန်နေတဲ့လူတွေရှိပေမဲ့ လက်နက်အလုံအလောက်မရှိဘူးလို့ သိရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် NUG အပေါ်ယုံကြည်မှုအားနည်းတဲ့ EAO ခေါင်းဆောင်တချို့က NUG နဲ့သဘောတူလက်မှတ်ထိုးဖို့စောနေသေးတယ်လို့ ဆိုပါတယ်။

တချို့ EAO ခေါင်းဆောင်က PDF တွေနဲ့ လက်ရှိမြို့ပြမှာတိုက်ပွဲဆင်နွှဲနေတဲ့ PDF နဲ့ဆက်နွယ်တဲ့လူတွေအပေါ်ယုံကြည်မှုရှိပေမဲ့စစ်လက်နက်ပစ္စည်းတွေမှာအခက်အခဲရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာ လက်နက်မှောင်ခိုပေါက်ဈေးကလည်း အရင်ကထက်မဆမတန်မြင့်တက်သွားပြီးလို့ ဆိုပါတယ်။

KNU ခေါင်းဆောင်တချို့ကလည်း NUG သည် အရင် ၁၉ ၈၈ ခုနှစ်အရေးအခင်းတုန်းကလို လွတ်မြောက်နယ်မြေကိုထွက်ပြေးလာပြီး စစ်အစိုးရကိုပြန်တော်လှန်တဲ့အဖွဲ့အစည်းမျိုးလိုပဲဖြစ်နေမလားလို့ သံသယစိတ်ရှိနေပါတယ်။ တချို့ဆိုရင် အနောက်နိုင်ငံတွေနဲ့ တခြားနိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့ကုန်တယ်လို့ သူတို့ကဆိုပါတယ်။




စင်ပြိုင်အစိုးရဖြစ်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ National Coalition Government of the Union of Burma (NCGUB) အပါအဝင် Democratic Alliance of Burma (DAB), National Democratic Front (NDF) စတဲ့အဖွဲ့အစည်းတွေကိုလည်းတည်ထောင်ခဲ့၊ ကြိုးစားခဲ့ကြပေမဲ့ ထင်သလောက်ခရီးမရောက်ခဲ့ဘူးလို့ EAO ခေါင်းဆောင်တချို့ကသုံးသပ်ပါတယ်။

EAO အဖွဲ့တချို့ကလည်း မြန်မာအစိုးရနဲ့တစ်ဖွဲ့ချင်းတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်ရပ်ခဲ့ကြပါတယ်။ KIO က မြန်မာအစိုးရနဲ့အပစ်ရပ်သဘောတူခဲ့ကြပြီး ကျောက်စိမ်းအပါအဝင် စီးပွားရေးလုပ်နေချိန်မှာ မြန်မာစစ်တပ်က KNU ကိုအပြင်းအထန်ထိုးစစ်ဆင်ခဲ့လို့ အလူးအလဲခံခဲ့ရဖူးတယ်။

အလားတူ ၂၀၁၁ ခုနှစ်မှာ KIO က မြန်မာတပ်မတော်နဲ့ အကြီးအကျယ်စစ်ပွဲဆင်နွှဲခဲ့စဉ်က KNU က သမ္မတဟောင်းဦးသိန်စိန်ဦးဆောင်တဲ့အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အပစ်ရပ်ခဲ့ပြီး ၂၀၁၅ မှ NCA လက်မှတ်ရေးထိုးခဲ့တဲ့အထိဖြစ်လာခဲ့ပါတယ်။ တချို့ EAO အဖွဲ့ကလည်း တွေ့ဆုံညှိနှိုင်းမှုကတဆင့် NCA နဲ့အဆုံးသတ်ခဲ့ကြပါတယ်။




သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းမှာ NCA လမ်းကြောင်းသည်အလုပ်မဖြစ်တော့ဘူးလို့ EAO တချို့ကမြင်လာကြပါတယ်။ KNU ကလည်းပြောင်ပြောင်တင်းတင်းပြောဆိုလာပါတယ်။

မကြာသေးခင်က KNU ရဲ့ထုတ်ပြန်ချက်တွေအရ NCA နဲ့ပတ်သက်ပြီးလေသံပြောင်းလာတယ်လို့တချို့ကသုံးသပ်ပါတယ်။ တွေ့ဆုံညှိနှိုင်းရေးကိုမျှော်လင့်ချက်ထားလို့မရတော့ဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောမူတူးစေးဖိုးက ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်အေးချမ်းရေးအတွက် နည်းလမ်းသစ်ကိုဆက်လက်ရှာဖွေသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။




နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းရန် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုဆောင်ကြည်းရန် နောက်ထပ်ဖြေရှင်းရေးနည်းလမ်းသစ်ကို ဆက်လက်ရှာဖွေလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ကလည်း NUG က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာပြန်လည်ထူထောင်နိုင်သည့်အချိန်ထိ သတ်မှတ်တယ်လို့ဆိုပါတယ်။ အရေးပေါ်အခြေအနေသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းဆိုပါတယ်။

ပြည်သူလူထုအနေနဲ့မလိုအပ်ပဲခရီးမသွားဖို့၊ လိုအပ်သည့်စားနပ်ရိက္ခာတွေသိုလှောင်ထားဖို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့လည်း ဒီနေ့ကစပြီးရုံးမတက်ဖို့ NUG ကတိုက်တွန်းပါတယ်။




ဒါ့အပြင် PDF အားကောင်းတဲ့ဒေသတွေမှာ စစ်ကောင်စီကိုတိုက်ခိုက်ခြေမှုန်းဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကလည်း တတ်နိုင်တဲ့ဘက်ကစစ်ကောင်စီတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့နဲ့ နယ်မြေထိန်းချုပ်နိုင်ဖို့ဆောင်ရွက်မယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ PDF တပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

NUG ကြေညာချက်ထုတ်ပြန်ပြီးနောက် တချို့ဒေသမှာတိုက်ပွဲတွေ၊ တိုက်ခိုက်မှုတွေပိုများလာတယ်လို့ စစ်ကောင်စီဘက်ကလည်းဆိုပါတယ်။

လက်ရှိဖြစ်ပေါ်တိုးတက်မှုသည် NUG နဲ့ EAO တို့ရဲ့ဖယ်ဒရယ်ဒီမိုကရေစီထူထောင်ရေးစာချုပ်အတွက် ပြင်ဆင်မှုများဖြစ်နေမလားလို့ စောင့်ကြည့်လေ့လာသူတချို့ကသုံးသပ်ကြပါတယ်။




ဓာတ်ပုံ – ၂၀၁၃ ခုနှစ်က EAO ခေါင်းဆောင်နဲ့ တပ်မတော်ကိုယ်စားလှယ်တချို့ ကချင်ပြည်နယ် မြစ်ကြီးနားမှာတွေ့ဆုံစဉ်။ (Photo: Salween Press)

Source Salweenpress