Local News

နားလိုက်တော့ အာဆီယံ…

အာဆီယံဆိုသည်မှာ မတူညီသော အနေနီးသူတို့ကြား အစုအဖွဲ့ဖြစ်သည်။ အဓိကမတူညီမှုမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား မတူညီသော နိုင်ငံရေးစနစ်ဖြစ်သည်။ မတူညီသောနိုင်ငံရေးစနစ်အပေါ် အခြေခံကာ မတူညီသောနိုင်ငံရေးရပ်တည်ချက်များ ထွက်ပေါ်လာမြဲဖြစ်သည်။ထို့ပြင် တစ်နိုင်ငံသဘောမတူလျှင် မည်သည့်အရာမျှ အထမမြောက်စေသော အာဆီယံမူအရ အာဆီယံ၏ အရွေ့နှင့်သြဇာသည် နိုင်ငံတကာမျက် နှာစာတွင် အာဆီယံရှိသည်ဆိုရုံမျှပင်ဖြစ်သည်။…

သို့သော်၊ တစ်စုတည်းစုဖွဲ့ထားခြင်းအရ တစ်စုတည်းလုပ်ဆောင်နိုင်စွမ်းရှိသောအရာများသည် အရွေ့ပိုကြီးသည်။ ဒေသတွင်းတစ်ခုလုံးနှင့်သက်ဆိုင်သောကိစ္စရပ်များကို အာဆီယံအနေနှင့် ခြုံငုံကိုယ်စာပြုသယောင်ရှိသောကြောင့် နိုင်ငံတကာက အာဆီယံဟူ၍ လူရာသွင်းကြခြင်း ဖြစ်သည်။


ဒေသတွင်း သူကအာဆီယံဆိုတော့ ကိုယ်ကမှ အာဆီမယံလျှင် ထီးထီးကြီးကျန်ခဲ့မည်ဖြစ်၍ ဒေသ တွင်း အထီးကျန်နိုင်ငံမဟုတ်ကြောင်းသက်သေပြရန်အတွက် အာဆီယံအဖွဲ့ဝင်ဖြစ်လာကြသည်။ အာဆီယံ အတွင်းရှိ စီးပွားရေးတောင့်တင်းသော နိုင်ငံများနှင့် ဒီမိုကရေစီအခြေခံအားကောင်းသော နိုင်ငံများက အာဆီယံဦးဆောင်နေရာရယူလိုသလို အာဆီယံ၏ သြဇာကိုမြှင့်တင်ရင်း မိမိနိုင်ငံ၏သြဇာကိုပါ ကျွဲကူးရေပါမြှင့်တင်လိုကြသည်။

ကျန်အာဆီယံနိုင်ငံများကမူ အာဆီယံမှနေ၍ ကိုယ့်နိုင်ငံအကျိုးစီးပွားဘာရနိုင်မလဲဟု မျှော် လင့်ကြသည်။ ထို့ပြင် အာဆီယံတစ်နိုင်ငံချင်းစီအနေ ဖြင့် အမေရိကန်နှင့်နီးသောနိုင်ငံများနှင့် တရုတ်နှင့်နီးသော နိုင်ငံများဟူ၍ ရှိနေပြန်သဖြင့် အကဲဆတ်သောဆုံးဖြတ်ချက်များ ချမှတ်ရန်ကြိုးစားကြလေတိုင်း ဘုံသဘောတူညီချက်ရရန် ရုန်းရကန်ရ အလုပ်မဖြစ်ရဖြင့် ပွဲပြီးရသည်။…

ထိုသို့ရှုပ်ထွေးလွန်းလှသောအာဆီယံသည် ဒေသတွင်းချေးထုပ်ဖြစ်နေဆဲသော မြန်မာနိုင်ငံက ဖေဖေါ်ဝါရီ ၁ ရက်တွင် ကမ္ဘာကျော်အနံ့ ပြန်နံလာတော့ မြန်မာ့အရေးသည် သူ့နိုင်ငံပြည်တွင်းရေးသာဖြစ်ကြောင်း အထိုင်ပေါ်ကောက်တင်ပစ်ကာ လက်ရှောင်ရန် ကြိုးစားခဲ့သည်။ (ယင်းသို့ဒေသတွင်း နိုင်ငံရေးပြဿနာပေါ်တိုင်း ရူးချင်ယောင်ဆောင်ခြင်းကို အာဆီယံ၏ တရားမဝင်မူဟုလည်း ဆိုနိုင်သည်။)…


ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များနှင့် မီဒီယာတို့၏ အဆိုအရ ၂၀၂၀ ရွေးကောက် ပွဲရလဒ်သည် အငြင်းပွားဖွယ်ရာမရှိသော ရလဒ်အစစ် အမှန်ဖြစ်ကြောင်း အာဆီယံအနေနှင့် အလွယ်တကူ သိပြီးဖြစ်သည်။ ဘာ့ကြောင့်စစ်တပ်က အာဏာသိမ်းခဲ့သလဲဆိုသည်ကို တစ်ကမ္ဘာလုံးသိသလို အာဆီယံလ ည်း စားပွဲဝိုင်းထိုင်ဆွေးနွေးစရာမလိုဘဲ သိပြီးဖြစ် သည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်နေမှန်း နက်ကမ္ဘာပေါ်ပလူပျံနေသော မှတ်တမ်းများနှင့် မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးတို့၏ သတင်းပေးပို့ချက်များအရ သိရှိပြီးဖြစ်သည်။…

သို့သော်၊ ကိုယ့်အကြောင်းကိုယ်သိသော အာဆီယံ၏ ထုံးစံအတိုင်း ရူးချင်ယောင်ဆောင်ခဲ့သည်။ မြန် မာ့အရေး အာဆီယံ၏အခန်းကဏ္ဍကို နိုင်ငံတကာမျက် နှာကြီးအသိုင်းအဝိုင်းက မေးခွန်းထုတ်လာသည့် အခါကျတော့ မြန်မာ့အရေးကို အာဆီယံစားပွဲဝိုင်းပေါ် တင်သင့်၊ မသင့် စတင်ဆွေးနွေးခြင်းဖြင့် အလုပ်ပြခဲ့သည်။အာဆီယံစတိုင်အတိုင်း


ကော်ဖီစုသောက်ကြ၊ ကိုးရိုး ကားရားလက်ချင်းချိတ်ပြ။ အနောက်အုပ်စုရော တရု တ်ကပါ မြန်မာ့အရေး အာဆီယံတာဝန်ယူရန် ပြင်းပြ င်းပြပြ သဘောထားပေးလာသည့်အခါ ဆွေးနွေးမှု အထပ်ထပ်၊ ညှိနှိုင်းမှု အထပ်ထပ်တို့ဖြင့် မြန်မာ့အရေး အာဆီယံမူ ၅ ချက်ထွက်ပေါ်လာခဲ့သည်။…

အာဆီယံမူ ၅ချက်သည် အာဏာသိမ်းလုပ်ရပ်ကို ယေ ဘုယျအားဖြင့် လက်မခံဟု ဆိုနိုင်သော်လည်း အာဏာ သိမ်းလုပ်ရပ်အပေါ် ကန့်ကွက်ထားခြင်းမရှိပေ။ ထို့အပြင် မူ ၅ ချက်နှင့် ပတ်သက်ပြီး အချိန်ကာလ သတ် မှတ်ချက်လည်းမပါပေ။ သို့တိုင်အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်က အာဆီယံမူ ၅ ချက်နှင့်ပတ် သက်ပြီး တိကျသေချာသော မည်သည့် ကတိကဝတ်မှ မပေးဘဲ ၎င်းတို့အကျိုးရှိ၏မှ လုပ်မည့်သဘော ထားမျိုး ၊ မူ ၅ ချက်ကနေ ဘယ်လို အမြတ်ထုတ်ရမလဲဆိုသည့်သဘောမျိုးသာရှိကြောင်းတွေ့ရသည်။…

မြန်မာ့အရေး မူ ၅ ချက်ကို အာဏာသိမ်းပြီး ၃ လခန့်အကြာ ဧပြီ ၂၄ ရက်တွင် ချမှတ်နိုင်ခဲ့ပြီး ယင်းမူ ၅ ချက် ၌ ပါဝင်သော မြန်မာ့အရေး အာဆီယံအထူးသံတမန်ခန့်အပ်မှုကို နောက်ထပ် ၃ လကျော်အကြာ (အာဏာ သိမ်းပြီး ၆ လကျော်အကြာ) သြဂုတ် ၂ ရက်က စစ်ကောင်စီထံ အတည်ပြုချက်တောင်းခံကာ ခန့်အပ်ခဲ့သည်။အာဆီယံအထူးသံ၏တာဝန်မှာ မြန်မာနိုင်ငံတွင်း


အကြမ်းဖက်မှုမရှိစေဘဲ ပဋိပက္ခဖြစ်နေသော ဘက်အသီးသီးတို့ကို စားပွဲဝိုင်းအရောက်ခေါ်ကာ တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် ယခင်ကရှိခဲ့သော စစ်တစ်ပိုင်းဒီမိုကရေစီသို့ရောက်အောင်ပြန်သွားရေးဖြစ်သည်။ ပြောရလျှင် အာဏာအတွက် ပြည်သူကိုသတ်ဖြတ် လုယက်ခြင်းအမှု နေ့စဉ်ကျူးလွန်နေသည့် မင်းအောင်လှိုင်ကို ကျောသပ်ရင်သပ်ဖြင့်ဖျောင်းဖျ နားချလိုခြင်း ဖြစ်သည်။….

ဘက်အသီးသီးကို ခြုံပြောရသော် အနည်းဆုံးနှစ်ဖက်။ စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရဖြစ် သည်။ ထို့ပြင် မြန်မာပြည်သူတို့၏ သဘောထားအမြင်ကိုလည်း မဖြစ်မနေ ထည့်သွင်းရပေမည်။ ဘက်နှစ်ဘက်အနက် အာဏာသိမ်းစစ်ကောင်စီကို အဓိက ဆက်ဆံရမည်မှာ မှန်သော်လည်း စစ်ကောင်စီနှင့် ၃ ကြိမ် တွေ့လျှင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တစ်ကြိမ်တွေ့ဆုံရန် လိုအပ်ပေသည်။…

သို့သော်၊ အထူးသံခန့်အပ်ပြီး တစ်လကျော်သည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ခရီးရောက်သည့် တရားဝင်တွေ့ဆုံမှု ရေရေရာရာမရှိသေးဘဲ စစ်ကောင်စီနှင့်သာ ဆက်ဆံလျက်ရှိသည်။ အာဏာသိမ်းမှုအပြီး အာဆီယံ၏ စစ်ကောင်စီအပေါ်ဆက်ဆံရေးနှင့် အထ က်ပါ တစ်ဖက်သတ်ဆက်ဆံမှုများအရ အာဆီယံသည် မူ ၅ ချက်လိုလို၊ အထူးသံလိုလို နည်းဖြင့် အာဏာသိမ်းစစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် တရားဝင်အသိ အမှတ်ပြုရန် ကြိုးစားနေသလားဟု မြန်မာပြည်သူတို့ သံသယကြီးကြရသည်။


ထို့ပြင် မကြာသေးမီက ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက်အာဆီယံ လွှတ်တော်ညီလာခံသို့တက် ရောက်ရန် ၂၀၂၀ ရွေးကောက်ခံများဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို လုံးဝမဖိတ်ကြားရုံတင်မက CRPH၏ တက်ရောက်လိုကြောင်း ကမ်းလှမ်းချက်ကိုပင် မတုံ့ပြန်ခဲ့ပေ။ ဒါကိုနောက်တစ်နည်းဆိုရသော် CRPHကို အာဆီယံအနေဖြင့် လုံးဝအဖက်မလုပ်ခြင်းဖြစ်သည်။ အာဆီယံအနေနှင့် CRPH ကို

အဖက်မလုပ်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီကိုမူ လေ့လာသူအဖြစ်ကိုယ် စားလှယ်တစ်ဦးတက်ရောက်ခွင့်ပြုခြင်းက မြန်မာပြည်သူတို့ကို အသည်းကို ဆတ်ဆတ်နာစေခဲ့ရုံတင်မက မြန်မာ့အရေးအာဆီယံ၏ ဆောင်ရွက်ချက်များအပေါ် လုံး ဝအယုံအကြည်ကင်းမဲ့စေခဲ့သည်။ ( အာဆီယံအနေနှင့်မူ သူတို့မလုပ်ချင်သောအလုပ်ကို မဖြစ်မနေ အခြေ အနေများအရ လုပ်ချင်ယောင်ဆောင်နေရခြင်းကြောင့် မြန်မာပြည်သူတို့၏ သဘောထားကိုလည်း လုံးဝထည့်သွင်းစဉ်းစား ဟန်မတူပေ။)…

ယခုအာဆီယံအထူးသံသက်တမ်း ၁ လကျော်လာသည့်တိုင် မြန်မာပြည်သူတို့၏ ယုံကြည်မှုရရှိရန် အထူးအ ရေးပါသော သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ခဏ တဖြုတ်တွေ့ခွင့်ရရှိရေးသည်ပင် ရေရေရာရာ မရှိသေးပေ။ ပို၍ဆိုးတာက ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသလဲဆိုသည်ကိုပင် အထူးသံ သိရှိသေးပုံမရပေ။


ယင်းသို့သောတိုးတက်မှုမရှိသည့်အခြေအနေနှင့် လိပ်လိုရွေ့နေသော အာဆီယံ၏ဆောင်ရွက် ချက်များအရ မင်းအောင်လှိုင်အာဏာသိမ်းထားမည်ဆိုသည့် ၂၀၂၃ ခုနှစ်တိုင် ယုံကြည်မှု တည်ဆောက်သည့်အဆင့် ပြီးစီးရန်ပင်မဖြစ်နိုင်ဟုဆိုသော် မည်သူငြင်းမည်နည်း။ သေ ချာတာက မြန်မာပြည်သူတို့ ငြင်းမည်မဟုတ်ပေ။ ထို့ ပြင် အာဆီယံ၏ ဆောင်ရွက်ချက်များသည် တရုတ်၏ အလိုတော်နှင့်အညီ စစ်ကောင်စီ၏ အသက်ဆက်နိုင်ရေးအတွက် အချိန်ဆွဲပေးနေသလားဟုပင် သံသယကြီးကြသည်။…

ယခုလည်းအာဆီယံအထူးသံက ၄ လကြာအပစ်ရပ်ရန် တောင်းဆိုခဲ့သည်။ အကြောင်းပြချက်မှာ လူသားချင်းစာနာမှုအထောက်အပံ့များ လုံခြုံစွာဖြန့်ချိနိုင်ရေးဟုဆိုသည်။ ယင်းတောင်းဆိုချက်ကို စစ်ကောင်စီခန့် နိုင် ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် အွန်လိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ရာ စစ်ကောင်စီက လက်ခံသည်ဟု သတင်းများအရသိရသည်။ ထို့ပြင် မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသူများအား တိုက်ရိုက်မဟုတ်သော လမ်းကြောင်းများမှ ၄ လကြာ အပစ်ရပ်တောင်းဆိုမှု သတင်းစကားပေးပို့ခဲ့သည်ဟုလည်း အထူးသံက ဆိုသည်။…

ဘာ့ကြောင့် မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသူများအား အာဆီယံအနေနှင့် တိုက်ရိုက်ပြော ကြား ရန်ပျက်ကွက်ရသနည်း။ ဘာ့ကြောင့် အမျိုးသားညီ ညွတ်ရေးအစိုး ရနှင့် တိုက်ရိုက်ဆက်ဆံမှုမရှိရသနည်း။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာဒီမိုကရေစီပြည်သူအားလုံးကို ကိုယ်စားပြုသော အစိုးရတစ်ရပ် ဖြစ်ပြီး အာဆီယံရည် ညွှန်းနေသည့်တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွင် ပဓာနကျသည့် ဘက်တစ်ဘက်ဖြစ်သည့်တိုင် ဘာ့ကြောင့် တိုက်ရိုက်ဆက်ဆံရန် အလိုမရှိရသနည်း။


တိုက်ရိုက်ဆက်ဆံမှုမရှိခြင်း၏ နောက်တစ်မျိုးဖွင့်ဆိုရသော် တစ်ဆင့်နှိမ့်ဆက်ဆံခြင်းမည်၏။ စစ်ကောင်စီနှင့်သာ တိုက်ရိုက်ဆက်ဆံပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ဆက်ဆံရန်ပျက်ကွက်ခြင်းသည် အာဆီယံအပေါ်အယုံအကြည်ကင်းမဲ့စေသလို ဆွေးနွေးပွဲများ မဖြစ်မြောက်စေရန်အတွက် အရေးကြီးသောစေ့ဆော်အားဖြစ်သည်။….

အာဆီယံ၏ စစ်ကောင်စီတစ်ဘက်တည်းကိုသာ အလေးထားဆက်ဆံနေသည့် မမျှတမှု၊ တိုးတက်မှုလွန်စွာ နှေးကွေးပြီး ဘယ်အချိန်ပြီးကိုပြီးရမည်ဆိုသည့် မူ ၅ ချက်လုပ်ငန်းစဉ်အပေါ် အာမခံချက်မပေးနိုင်မှုနှင့် မြန်မာပြည်သူတို့၏ခံစားချက်ကို မြူတစ်မှုန်မျှပင် အရေးမထားမှုတို့သည် အာဆီယံကိုယ်တိုင်စိုက်ပျိုးခဲ့သော အာဆီယံအပေါ် အယုံအကြည်ကင်းမဲ့မှုပင်ဖြစ်သည်။….

စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ ပြည်သူ့တော်လှန် ရေးစတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုး ရက ကြေညာလိုက်ခြင်းသည် တစ်ဖက်သတ်ဆက်ဆံမှုများဖြင့် ရေပေါ်အရုပ်ရေးနေသော အာဆီယံ၏ ဆောင် ရွက်ချက်များကို ပြတ်သားစွာငြင်းပယ်လိုက်ခြင်းဖြစ် သည်။အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့တော် လှန်ရေးကြေညာချက်သည် မြန်မာဒီမိုကရေစီပြည် သူတို့၏ စောင့်မျှော်ချက်ဖြစ်သည်။


နေ့စဉ်ပစ်သတ်ခံနေရ၊ ရိုက်သတ်ခံနေရ၊ လုယက်ခံနေရသော မြန်မာပြည်သူတို့သည် ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ဖြင့် ကိုယ့်လမ်း ကိုယ်ဖောက်လိုက်ကြ ခြင်းလည်းဖြစ် သည်။အာဆီယံမူ ၅ ချက်ထွက်မလာမီ အချိန်အတန် ကြာကပင် စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်ရန်နှင့် ၂၀၀၈ အခြေခံဥပဒေဆီ ပြန်မသွားတော့ဟု မြန်မာပြည်သူတို့ ယတိပြတ်ပိုင်းဖြတ်ခဲ့ပြီး ဖြစ်သည်။…

လင်းခေတ်