Local News

ဓမ္မဖက်ကိုပြောင်းပြီး CDM လုပ်ခဲ့တဲ့ စစ်သားမိန်းမတစ်ယောက်ရဲ့ ရင်ဖွင့်စာ

ဓမ္မဖက်ကိုပြောင်းပြီး CDM လုပ်ခဲ့တဲ့ စစ်သားမိန်းမတယောက်ရဲ့ ရင်ဖွင့်စာ

ကျမ အမျိုးသားက တပ်မတော်က ဦးစီးအရာရှိ(တတိယတန်း)အရာရှိတယောက်ပါ။ February နဲ့ March လမှာ သူကတော့ သင်တန်းတခုတက်နေတာပါ။ အဲ့ဒီအချိန်မှာ သူ့ကို ပြည်သူတင်မြှောက်ထားတဲ့ အစိုးရ အာဏာ ပြန်ရအောင် ဘာလုပ်ရမလဲ လို့ သူ့ကိုမေးတယ်။

သူကပြန်ဖြေတယ် ”တပ်မတော်သားအားလုံး ပြည်သူဘက်ကိုထွက်လာမှအာဏာပြန်ရမှာတဲ့ ” အဲ့ဒါက February လဆန်းပိုင်းကပြောခဲ့တာပါ။ အဲ့ဒါနဲ့ မိတ်ဆွေတွေကို ပြောပြဖြစ်တယ်။ သူတို့ကလည်း အားတက်သရောနဲ့ တပ်မတော်သားများ ပြည်သူ့ဘက်ရပ်တည်ပေးပါဆိုတဲ့




challenge post တွေ ဝိုင်းတင်ကြတယ်။ ကျမ တော်လှန်ရေးနဲ့ပါတ်သက်တာတွေ post တင်တယ် share တယ် ။ အသိတွေက မလုပ်ပါနဲ့ လို့ဝိုင်းတားကြတယ် ။ ဒါပေမဲ့ ကျမ မတရားမှူအတွက် နှူတ်ဆိတ်နေဖို့ လိပ်ပြာမလုံခဲ့ဘူး။ ကျမ အမျိုးသားကိုတော့ ကျမအမြဲတိုက်တွန်းတယ်။ ပြည်သူတွေတော့ မတရားနှိပ်စက်ခံနေရတဲ့အကြောင်း နေ့တဓူဝပြောတယ်။

သူကတော့ စစ်တပ်က ဒီလိုပြုမူနေတာတွေကို မကြိုက်ပေမယ့် ထွက်လာရင်ကြုံရမယ့်အခက်ခဲတွေကို စိုးရိမ်တယ် ။ ရှေ့ဆက်မိသားစုစားဝတ်နေရေးသူစိတ်ပူတယ်။ တပ်ပြေးဆိုတာ ကြီးလည်း သူရင်မဆိုင်နိုင်သေးဘူး။




ဒီလိုနဲ့ ပြည်သူနဲ့နဖူးတွေ့ ဒူးတွေ့တွေ့တဲ့အခါ သူ့ရဲ့ဆုံးဖြတ်ချက်တွေက ခိုင်မာ လာခဲ့တယ်။ သူ့စရိုက်နဲ့မကိုက်ဖူးတဲ့။ သူက ပြည်သူတွေနဲ့အရမ်းစည်းလုံးတဲ့ အရာရှိတယောက်ပါ။ သူ့ကိုထမင်းတွေကျွေး စိတ်တွေပူပေးတဲ့ ပြည်သူတွေကို သူက​တော့ ဒီလိုမပြုမူနိုင်ဘူးတဲ့။ ကိုယ့်အောက်လက် ငယ်သားအပေါ် မညှာတာတဲ့ အရာရှိကြီးတွေကိုဘဲ စိတ်နာတယ်တဲ့။

သူကျမ ကိုမေးတယ် ”ကြုံတွေ့ရမယ့်အခက်ခဲတွေကို ” ရင်ဆိုင်နိုင်လားတဲ့။ ကျမကရင်ဆိုင်နိုင်တယ် ဘာလို့လဲဆိုတော့ အပြစ်မဲ့ ပြည်သူတွေကို မတရားနှိပ်စက်တဲ့ အဖွဲ့အစည်းနဲ့ ကျမ ကင်းချင်တယ်။ ကျမတို့ရဲ့မျိုးဆက်ကလေးတွေကို

မျက်နှာမငယ်စေချင်ဘူး ပြည်သူအားလုံးရဲ့အမုန်းကိုလည်း ဆွေစဥ်မျိုးဆက်မခံယူချင်ဘူး ။ ကျမတို့က လူတိုင်းအပေါ် စေတနာ မေတ္တာထား တတ်တဲ့ ဇနီးမောင်နှံမို့ သိမ်းကျုံးရောပြီး အမုန်းခံရတဲ့ အမုန်းတရားကိုလည်း မလိုချင်ဘူး ။ ဒါကြောင့် ဖြစ်လာသမျှ ရင်ဆိုင်မယ်။




ကျမတို့ ဓမ္မ ဖက်ကိုဘဲ ရပ်ခဲ့တယ် ရပ်တည်လိုက်တဲ့အချိန် မိန်းမတယောက်ရဲ့ Supporting & Encouraging…… ပထမဆုံး CDM စတင်တဲ့​နေ့ဟာ နှစ်ယောက်လုံး စိတ်တွေအရမ်းလှုပ်ရှားရပါတယ်။ သူ့ကိုအားပေးတယ် ဒါသမိုင်းဘဲလို့ သူကလည်း ကိုယ့်ကိုပြန်အားပေးတယ် ခုချိန် ခက်ခဲနေပေမယ့် တို့ရဲ့

ဆွေစဥ်မျိုးဆက်က မျက်နှာမငယ်ရတော့ဘူးတဲ့။ ပြည်သူဘက်ကို ရပ်လိုက်တဲ့အတွက် သူကလည်း ပြည်သူတယောက်ဖြစ်သွားပီတဲ့ အမှန်တရားဘက်မှာ အားနည်းတယ်ဆိုရင်တောင် အဲ့ဘက်မှာပဲရပ်တည်မယ်တဲ့ ။ သူလည်းအတော်ခက်ခဲစွာနဲ့ လုံခြုံမဲ့နေရာထိ လာနိုင်ခဲ့တယ် အဲ့လို လာနိုင်ဖို့ရာလည်း လိုအပ်တဲ့အရာတွေကျမလိုက်လုပ်တယ်….

တချို့အရာတွေဆိုရင် တယောက်တည်းသွားရလည်း သွားတယ် သူ့အတွက် Secure ဖြစ်ဖို့အရမ်းလိုအပ်လို့ တခြားသူတွေမသိအောင်တယောက်တည်း လှူပ်ရှားရတာတွေရှိခဲ့ပါတယ် ။ ဒီနေရာမှာ ကျမတို့မိန်းမသားတွေ ကိုယ့်ယောကျာ်းကို




သတ္တိရှိစွာ Supporting ပေးဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ် ။ ဒါဟာ ကျမတို့မျိုးဆက်အတွက်ပါ။ ကျမတို့ မျိုးဆက်လေးတွေကို စနစ်ဆိုးအောက်မှာ ထားခဲ့ချင်သလားရှင်။ ကျမတို့ဆို သားသမီးမရှိသေးပါ ။ ဒါပေမဲ့ မမြင်ရသေးတဲ့ သားသမီးလေးတွေကို စိတ်ကူး ပုံဖော်ပြီး တအားချစ်ကြပါတယ်။

အရာရှိစစ်သည်တို့ရဲ့ ဇနီးများမှာလည်း အဖိုးတန်သားသမီးလေးတွေ လက်ဝယ်ရှိတဲ့သူက ရှိမှာပါ။ မိမိရင်သွေးငယ်တွေရဲ့အနာဂတ်ကို စဥ်းစားပေးကြပါ ။ သူတို့လေးတွေမှာ အပြစ်မရှိတာကို အမဲစက်တွေ ချန်ထားရစ်ခဲ့ချင်သလား…… ပြည်သူအများဝိုင်းကျဥ်ခံရတဲ့လူသားတွေအဖြစ်ချန်ခဲ့ကြမလား

…… ပြီးတော့ ပြည်သူကိုမတရားပြုနေတဲ့ ဘက်မှာ လိပ်ပြာလုံစွာ ဆက်ရှိနေမလား….. စဥ်းစားကြပါရှင် မတရားတဲ့ဘက်မှာ မနေချင်တော့ဘူး …… ပြည်သူ့စစ်သားဇနီးမယား အဖြစ်ဘဲ ပြည်သူတွေရဲ့ မေတ္တာကိုခံယူချင်တယ်ဆိုရင်တော့ ပြည်သူ့စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ People’s Soldiers အဖွဲ့ကို ဆက်သွယ်မေးမြန်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။


crd-Su Thisar Zaw