Local News

မြန်မာ့သမိုင်းထဲက ရဟန်း သံဃာတေကိုသတ်ပြီးသာသနာ ဖျက်ခဲ့သော ဘုရင်

နရသူမင်းသည် အလောင်းစည်သူဘုရင်၏ သားတော်ငယ် ဖြစ်သည်။

နရသူသည် ဘခမည်းတော် အလောင်းစည်သူ မင်းကြီးအား ရွှေဂူကြီးဘုရား‎အတွင်းသို့သွင်းကာ စောင်၊ ခေါင်းအုံးတို့ဖြင့် ဖိညှပ်သတ်ဖြတ်လိုက်သည်။

နရသူသည် ဖခင်အရင်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်သည် သာမက ပုဂံပြည်၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်အား လိမ်လည်လှည့်ဖြား အကာအကွယ်ယူပြီးလျှင် နောင်တော်ကြီး မင်းရှင်စော အား နံနက်တွင် ဘိသိက်သွန်း မင်းတင်မြှောက်ပြီး ညပွဲတော်စာတွင် အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ကာ ပုဂံပြည်ထီးနန်းအား အဓမ္မ သိမ်းပိုက်ခြင်း ပြုခဲ့သည်။




သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်သည် ယင်းအပြုအမူအား ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက်မနေတော့ပဲ သီဟိုဠ် သို့ထွက်ခွာသွား လေသည်။ ရဟန်းရှင်လူ ပုဂံပြည်သူများ သည် နရသူအား မုန်းတီးရွံရှာကြလေသည်။

ပုဂံသူပုဂံသားများသည် ဤမျှရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲသည့် နရသူဘုရင်အား မနှစ်မြို့၍ ရှောင်ကွင်းကြသည်။ နရသူသည် မိမိအား တိုင်းသူပြည်သားများက မလိုမုန်းထားသည်ကို သိရှိရ၍ ပိုမိုပြီး ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ပြန်သည်။

နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာ သန်လျက်(ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။ ထို့ကြောင့် သမိုင်းတွင် ကုလားကျမင်း ဟု၍လည်း ခေါ်တွင်သည်။




မြန်မာရာဇဝင်သမိုင်းများ၏ ရေးသားဖော်ပြချက်များအရ နရသူသည် အရိုင်းစိုင်း အယုတ်မာဆုံး မင်းတစ်ပါးဖြစ်မှန်း ပေါ်လွင်ထင်ရှားပေသည်။

နိုင်ငံခြား သမိုင်း သုတေသီ တစ်ဦးဖြစ်သည့် ဂျီအီးဟာဗီက ၎င်းစာအုပ်တွင် ထင်မြင်ချက်ပေး၍ ရေးသားထားသည်မှာ နရသူတည်ခဲ့သည့် ဓမ္မရံစေတီတော်ကြီး သည်ပင် ကျက်သရေ ကင်းမဲ့ပြီး အရောင်အဆင်း မရှိဟုဆိုသည်။ နရသူကိုလည်း ၎င်းအားမုန်းတီးသူများက လုပ်ကြံသတ်ဖြတ် လိုက်ကြလေသည်။

အာဏာဆုပ်ကိုင်လိုမှုအတွက် အုပ်စိုးသူ ရှင်ဘုရင်များကြား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ ဖခင်အရင်းနှင့် အကိုအရင်းအား လုပ်ကြံသတ်ဖြတ်လျက် ပုဂံထီးနန်းအား

သိမ်းပိုက်ခဲ့သည့် နရသူ အားလည်း ၎င်းအား မုန်းတီးသူများက လုပ်ကြံ၍ ကွယ်လွန်ပြီးနောက် နရသူ၏ သားနှစ်ယောက်ဖြစ်သည့် နရသိင်္ခ နှင့် ညီဖြစ်သူ နရပတိစည်သူတို ကြား စိတ်ဝမ်းကွဲကြပြန်လေသည်။




တည်ခဲ့သောဘုရား (ဓမ္မရံကြီးဘုရား)

ဓမ္မရံကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။

ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ဖြစ်သည်။

ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဓမ္မရံကြီးဘုရားဟာ အမည်တွင် သည်မှာ နရပတိစည်သူ (စည်သူ-၂) လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ဝင်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရား ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။




နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းအား သတ်မိသည့်အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားပုံများ၊

ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများကို လေ့လာနိုင်သည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့သည်။




ဓမ္မရံကြီး ဘုရားအုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာဝန် ပေါ့လျော့လျှင် အပြစ်ပေးသည့် အတွက် ပန်းရံ ဗိသုကာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကပြတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကပြတ်လမ်း အတွင်းမှ အတွင်း စင်္ကသြို့ ဝင်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။

သာသနာဖျက်ပုံ

နရသူဟု ဆိုလိုက်လျှင် သူရဲ့နာမည်နောက်တစ်မျိုးဖြစ်တဲ့ ကုလားကျမင်း ကိုပြောမှန်း အားလုံးသိကြမှာပါ။ သူဟာ မြန်မာ့သမိုင်းတလျှောက် အဆိုးဝါးဆုံးမင်းတွေထဲက တစ်ပါးလည်း ဖြစ်ပါတယ်။




ထီးနန်းစည်းစိမ်ကို မြန်မြန်အလိုရှိတာကြောင့် နာမကျန်းဖြစ်နေသော ခမည်းတော်အလောင်းစည်သူမင်းကြီးအား မြန်မြန်ကွယ်လွန်စေချင်သည့်အတွက် နန်းတွင်းတွင်မထားပဲ အခြွေအရံ အပြုအစုကင်းမဲ့သော ရွှေဂူကြီးဘုရားသို့ ပို့ထားလိုက်ပါတယ်။ ခမည်းတော်ကြီး သတိမေ့လျော့နေရာမှ သတိပြန်ရလာသည်ဟု ကြားတဲ့အခါ ကိုယ်တိုင်သွားပြီး အဝင်ဖြင့် ပါးစပ်ကိုဆို့ကာ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။

အလောင်းစည်သူမင်းကြီး နတ်ရွာစံကြောင်း သားတော်ကြီး ဖြစ်သူ မင်းရှင်စော ကြားတဲ့အခါ အခုခေတ် မန္တလေးနယ်ဘက်ကနေ စစ်တပ်နဲ့ ပုဂံကိုချီတက်လာခဲ့ပါတယ်။

ဒီအကြောင်းကို နရသူကြားတော့ သူကိုယ်တိုင်ကလည်း နောင်တော်လို အရည်အချင်းမရှိတော့ ခံတိုက်ဖို့ မလွယ်တဲ့အပြင် တိုင်းသူပြည်သားတွေကလည်း မင်းရှင်စောကိုသာ ချစ်ခင်ကြတဲ့အတွက် အကောက်ကြံပါတော့တယ်။ သာသနာပိုင်ဖြစ်တဲ့ ပံသကူမထေရ် ကိုချဉ်းကပ်ပြီး“အရှင်ဘုရား နောင်တော်ကြီး မင်းရှင်စောဟာ တပည့်တော်နန်းလုမှာကို စိုးတဲ့အတွက် ကြည်းကြောင်း ရေကြောင်းနဲ့ ချီတက်လာပါပြီ။




တိုင်းပြည်ဟာ မင်းမရှိရင် တစ်နေ့တစ်ရက်တောင် မတင့်တယ်တဲ့အတွက် နောင်တော်ကြီးအား မြင်းတစ်စီး ဓားတစ်လက်နဲ့ အမြန်ကြွပြီး နန်းတက်ဖို့ ခေါ်ယူပေးပါဘုရား ။ စစ်တပ်နှင့် အတူဆိုလျှင် ကြန့်ကြာနေပါမည် ဘုရား” ဟု လျှောက်ပါတယ်။ ပံသကူမထေရ်က မယုံတဲ့အတွက် သစ္စာဆိုခိုင်းပါတယ်။ နရသူကလည်း နောင်တော်ကြီးအား ဓားကိုထမ်းပြီး နန်းတင်ပါ့မယ်လို့ သစ္စာဆိုလိုက်ပါတယ်။

မင်းရှင်စော ပုဂံရောက်တော့ သူ့ကတိအတိုင်း သန်လျက်ကို ထမ်းပြီး နန်းတင်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ အစာထဲကို အဆိပ်ခပ်ပြီး မင်းရှင်စောကို လုပ်ကြံလိုက်ပါတယ်။ ပံသကူမထေရ် သိသွားတော့ မိမိကို ခုတုံးလုပ်သွားတဲ့ နရသူအပေါ်မကျေနပ် ၊ မင်းရှင်စောသေတာလည်း သူ့ပယောဂ မကင်းဘူးလို့ ခံစားရတဲ့ အတွက် မင်းဆိုးမင်းညစ်ဆီမှာ ငါမနေဟု ဆိုကာ သီဟိုဠ် သို့ကြွသွားပါတော့တယ်။

အဖေကိုသတ် ၊ အစ်ကိုကို သတ်တဲ့အပြင် သာသနာပိုင်ကိုလည်း ထွက်သွားအောင်လုပ်တဲ့အတွက် ပြည်သူလူထု နဲ့ ရဟန်းတွေက မကျေနပ်ကြ။ ထိုအချိန်က ရဟန်းအင်အားက အလွန်ကြီးမားတဲ့အတွက် ရဟန်းတွေ ပုန်ကန်မှာကို နရသူ ကြောက်ပါတယ်။ ဒီအတွက် ရဟန်းတွေကို ရှင်းပစ်မယ်လုပ်တော့ သိဒ္ဓိကာ ဆိုတဲ့ အမတ်တစ်ပါးက“သာသနာကို ဖျက်လျှင် ရဟန်းတွေတင်မက ပြည်သူကပါပုန်ကန်ပါလိမ့်မယ်။




ဒီအခါ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ်။ ပြည်သူလူထု စိတ်မဆိုးရအောင် ရဟန်းတွေကို မသတ်ပဲ လူထွက်အောင်ကြံပါဘုရား “ ဟု အကြံပေးပါတယ်။ ဘယ်လိုလူထွက်အောင် လုပ်ရမလဲ ထိုအမတ်ကို မေးတော့ “တိုင်းပြည်မှာ ရှိတဲ့မိန်းမတွေကို အင်္ကျီရှေ့ကွဲ ၊ ထဘီကိုလည်း ရှေ့ကွဲ မလုံခြုံအောင် ဝတ်ခိုင်းဖို့ အမိန့်ထုတ်လိုက်ပါ ၊ ရဟန်းတွေဆိုတာလည်း အာသဝေါ ကုန်ခမ်းသေးတာ မဟုတ်တဲ့အတွက် လူထွက်ကြပါလိမ့်မယ်” လို့ သံတော်ဦးတင်ပါတယ်။ (အင်္ကျီရှေ့ကွဲ ၊ ထဘီရှေ့ကွဲ ဆိုတာအဲဒီ ခေတ်ကတည်းက ပေါ်ခဲ့တာပါတဲ့)။

ဒီအကြံအတိုင်း လုပ်သော် ရဟန်းတွေလူထွက်ကြပါတယ်။ သို့သော် အနည်းငယ်သာ ထွက်တဲ့အတွက် နောက်ဆုံး လူထွက်မလား ၊ အသတ်ခံမလားဆိုကာ တွေ့သမျှရဟန်းတွေကို ဖမ်းတယ် ၊ ဓားမိုး အမိန့်ပေးကာ လူထွက်ခိုင်းတယ် ၊ ရဟန်းတွေကလည်း လူမထွက်ပဲ အသေသာ ခံသွားကြပါတယ်။ ဒီလိုနဲ့ ပုဂံမှာ ရဟန်းဆိုတာ ရှားသွားပါတယ်။

ဒီအတွက် ပြည်သူက အလွန်မုန်းကြတယ်။ နရသူကလည်း သူ့ကိုမုန်းမှန်း သိတဲ့အတွက် ပိုမိုရက်စက်စွာအုပ်ချုပ်ပါတယ်။ အမြင်မကြည်သူ မှန်သမျှကိုလည်း သတ်ဖြတ်ပစ်ပါတယ်။ ဒီအတွက် ဒီမင်းလက်ထက်မှာ သာသနာ ဆုတ်ယုတ်တဲ့ အပြင် တိုင်းပြည်ကလည်း အလွန်ဆင်းရဲခဲ့တယ်လို့ သိရပါတယ်။




တစ်နေ့သော် နရသူဟာ ဘိုးတော် ဘေးတော်တို့ အစဉ်အဆက်အတိုင်း ကောင်းမှုတော် စေတီ ပုထိုး တစ်ဆူတည်ဖို့ အကြံရတဲ့အတွက် မှူးမတ်များ နှင့် ပန်းရံဆရာများကို ခေါ်ကာ တည်စေပါတယ်။ တည်ရာမှာ အခြားဘုရင်များထက် ပိုမိုသာအောင် ၊ အကြီးမားဆုံးဖြစ်အောင် တည်လိုတဲ့အတွက် ကိုယ်တိုင် အစေ့စပ်ဆုံး စစ်ဆေးတော်မူပါတယ်။

ပန်းရံဆရာများ ဆောက်ပြီးသမျှကို အပ်တစ်ချောင်းဖြင့် အုတ်ကြားတွင်ထိုးကာ အပ်ထိုး၍ဝင်လျှင် ထိုပန်းရံဆရာကို ထိုနေရာမှာပင် ကွပ်မျက်ပါတယ်။ ဒီအတွက် ပန်းရံဆရာများမှာ ပို၍ပင်ပန်းကြတဲ့အပြင် လူအင်အားကလည်း တစ်စတစ်စ နည်းပါးလာတဲ့အတွက် ဘုရားကြီးမှာ မပြီးဆုံးခဲ့။ ထိုအခါ ပညာရှိ အမတ်တစ်ယောက်ဟာ မင်းကြီးကို ပညာပေးချင်တဲ့အတွက် ဆောက်ခွင့်တောင်းပါတယ်။ ထိုအမတ်ဟာ ဘုရင်အလိုကျ အပ်တစ်ချောင်းပင် ထိုးလို့မရအောင် ဆောက်လုပ်ပေးပါတယ်။

သို့သော်လည်း ဘုရင်မော့ကြည့်၍ မရသော စစ်ဆေးလို့မရသော နေရာမှန်သမျှကို အပ်တစ်ချောင်းထိုးလို့ရအောင် တည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်၍ပြီးသော် ထိုအမတ်ဟာ နေပြည်တော်မှ ထွက်ပြေးသွားပါတယ်။ ဒီအကြောင်း မင်းကြီးသိသော် ဒေါသအလွန်ထွက်သည့်အတွက် ဘုရားကို ထီးတော်မတင်ပဲ ထိုအမတ်ကို လူလွှတ်ကာ ရှာခိုင်းခဲ့ပါတယ်။

ရှာ၍မတွေ့သဖြင့် ဒေါသပို၍ ကြီးလာခဲ့ပါတယ်။ တစ်နေ့ ကုလားမင်းသမီးတစ်ပါး ဟာ နရသူထံ အခစားဝင်ပါတယ်။ ထိုသို့ဝင်နေရင်း နရသူ ရေအိမ်ဝင်ရာ သန့်သက်ရေ မယူသည်ကို တွေ့သော် ရွံသဖြင့် ဘုရင့်အနားသို့မကပ်တော့ ။ မင်းကြီးသိတော့ သူ့ကိုရွံရမလား ဆိုကာ သန်လျှက်ဖြင့် ထိုနေရာတွင်ပင် ခုတ်သတ်ပါတယ်။




ဒီအကြောင်းကို ကုလားမင်းသမီး၏ ဖခမည်းတော်သိသွားသော် ကုလားသူရဲကောင်း ရှစ်ယောက်ကိုရွေးကာ “အမောင်တို့ နရသူမင်းထံသို့ သွားကာ နရသူကိုလုပ်ကြံစေ ၊ သင်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုသတ်သေကြစေ ၊ သင်တို့သားမယားများ တစ်သက်စားမကုန်သော ရွှေ ၊ ငွေ ကို ငါပေးတော်မူမည် ” ဟု မိန့်သဖြင့် ကုလားသူရဲများလည်း သတ်မည် ဟု ဝန်ခံပြီး ပုဂံနေပြည်တော်ကို ချဉ်းကပ်ပါတယ်။

နေပြည်တော်ရောက်သော် မင်းကြီးအား ဘိသိက်မြှောက်ပေးမည်ဟုဆိုရာ ယုံသည့်အတွက် မင်္ဂလာခံယူနေစဉ် အသင့်ပါလာသည့် ဓားငယ်တို့ဖြင့် ထိုးသတ်ကာ သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုပြန်သတ်ပါတယ်။ နရသူမင်းအား ဓားဖြင့်အထိုးခံရကြောင်း မှူးမတ်တို့သိသော်လည်း ရက်စက်သည့်မင်းအား ရွံ့ရှာကြသဖြင့် ဆေးမကုပဲ ထားသော် နရသူမင်း နတ်ရွာစံပါတော့တယ်။ ကုလားများသတ်လို့သေသည့်အတွက် ကုလားကျမင်းဟု နာမည်တွင်ခဲ့ပါတယ်။

ဘုရားဒါယကာ၏ စေတနာမမှန်မှုကြောင့် ဓမ္မရံကြီးဘုရားသည် ထုထည်ကြီးမားခိုင်ခံပြီး အလွန်မြင့်မားလှသော်လည်း အနန္ဒာ ၊ မဗ္ဗညု ၊ ဂေါဓောပလ္လင် စသော အခြား စေတီပုထိုးများလို ကြည်ညိုဖွယ် သပ္ပါယ်သည့်အသွင် ဆောင်မနေပဲ ထုံထုံထိုင်းထိုင်း မှိုင်းမှိုင်းညို့ညို့ဖြစ်နေကြောင်း သမိုင်းဆရာများက ရေးသားကြပါတယ်။

မှတ်ချက်
သာသနာဖျက်ပင်ဖြစ်လင့်ကစား ဘုရားတည်ခဲ့သေးသည်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။