Articles Breaking News

🔴 စစ်ကောင်စီ ဖမ်းထားသော မိဘ၂ ပါးအရေး နိုင်ငံတကာ ကူညီပေးဖို့ ပရဟိတ ဆရာဝန် တောင်းဆို

စစ်ကောင်စီ ဖမ်းထားသော မိဘ၂ ပါးအရေး နိုင်ငံတကာ ကူညီပေးဖို့ ပရဟိတ ဆရာဝန် တောင်းဆို

 

ဧရာဝတီ၊ အောက်တိုဘာ ၁၀ ၊ ၂၀၂၁

 

 

 

 

ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်များကို ဆေးဝါးကုသပေးနေသည့် ပရဟိတ ဆရာဝန် ဒေါက်တာ အငြိမ်း ၏ မိဘ ၂ ပါးကို စစ်ကောင်စီ ဖမ်းထားသည့်အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ ကူညီပေးရန် အောက်တိုဘာလ ၉ ရက်တွင် ၎င်း Facebook လူမှုကွန် ရက်မှတဆင့် ရေးသား တောင်းဆိုသည်။

 

 

 

အသက် ၆၀ ကျော်အရွယ် ဒေါက်တာ အငြိမ်း၏ မိဘ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၂၂ ရက် ည ၇ နာရီခွဲတွင် မန္တလေးမြို့ရှိ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မန္တလေး အိုးဘိုထောင်တွင် ဖမ်း ဆီးထိန်းသိမ်းထားကြောင်း၎င်းက ဆိုသည်။

 

 

 

မိခင်ဖြစ်သူသည် နှလုံး အဆို့ရှင်ရောဂါ၊ နှလုံးသွေး ကြောကျဉ်းရောဂါ ဝေဒနာများ ခံစားနေရပြီး အဖမ်းခံရချိန်တွင် ကိုဗစ်- ၁၉ ရောဂါလည်း ကူးစက်နေကြောင်း၊ ဖခင်ဖြစ်သူသည် အငြိမ်းစား စစ်တပ်အရာရှိဖြစ်ပြီး တိုက်ပွဲအတွင်း မိုင်းဒဏ်ရာကြောင့် ခြေထောက်တဖက် အာရုံကြောများ ပြတ်နေသူ ဖြစ်ကြောင်း ၎င်း၏ ရေး သားချက်အရ သိရသည်။

 

 

 

ထို့ပြင် လက်ရှိ ၎င်းလုပ်ဆောင်နေသော အလုပ်များသည် မိမိ၏ ဆန္ဒဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး မိဘများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ မိဘ ၂ ဦးသည် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံထားရပြီး အကျဉ်းထောင်အတွင်း အကူအညီ မဲ့နေသဖြင့် နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များက အကူအညီပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။

 

 

 

မန္တလေးမြို့မှ သပိတ်ခေါင်းဆောင် တဦးကလည်း ဒေါက်တာ အငြိမ်း၏ မိဘများကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းထားပြီး ဒေါက်တာအငြိမ်း လာရောက် အဖမ်းခံမှသာ ပြန်လွှတ်ပေးမည်ဟု မန္တလေးတွင် သတင်း လွှင့်ထားကြောင်း ဧရာဝတီသို့ ပြောသည်။

 

 

 

“စစ်တပ်က သူတို့ တနိုင်ငံလုံးမှာ လုပ်နေကြတဲ့ အတိုင်းပဲ။ မရရတဲ့သူကို ဖမ်းထားတာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

 

 

 

ဆက်လက်၍ မန္တလေးမြို့မှ သပိတ်ခေါင်းဆောင်တဦးက လက်ရှိတွင် စစ်ကောင်စီသည် အာဏာသိမ်းမှု ဆန့်ကျင်နေသူများကို မန္တလေးတွင် ပိုမို ဖိနှိပ်လာနေပြီး မြေပြင်ဆန္ဒပြသည့် သပိတ်လုပ်ဆောင်သွားသည့် နေရာတွင် ရှိနေကြသော ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားမှုများ ရှိနေကြောင်း ပြောသည်။

 

 

 

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း စစ်ကောင် စီ တပ်ဖွဲ့ဝင်များက အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့သော မန္တလေး ရေနီမြောင်း ဈေးသို့ ဝင်ရောက် လာကာ ဈေးထဲရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် အရပ်သား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်သေးဘဲ ချုပ်နှောင်ထားကြောင်း ၎င်းက ဆိုသည်။

 

 

 

ဓာတ်ပုံ – A Nyein/ Facebook

 

#WhatsHappeningInMyanmar

#RejectMilitaryCoup