Articles Breaking News

🔴 သာကေတ ရေတပ်စခန်းရှေ့ ဗုံးပေါက်မှုဖြစ်၊ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရမှုရှိ

သာကေတ ရေတပ်စခန်းရှေ့ ဗုံးပေါက်မှုဖြစ်၊ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရမှုရှိ

ဧရာဝတီ၊ အောက်တိုဘာ ၁၀ ၊ ၂၀၂၁

ရန်ကုန်မြို့ရှိ သာကေတမြို့နယ်၊ ၄ ရပ်ကွက်အနီး၊ ရှုခင်းသာလမ်းမပေါ်ရှိ ရေတပ်စခန်းရှေ့တွင် မနက် ၇ နာရီ ကျော်အချိန်က ဖောက်ခွဲမှု အကြီးစားတခု ပြုလုပ်ခဲ့ကြောင်း ဗမာ့နောက်ဆုံး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ (B.F.R.A.F) က ထုတ်ပြန်ထားသည်။

 

 

 

ယနေ့ မနက် ၇ နာရီကျော် အချိန်တွင် ရေတပ်စခန်းရှေ့တွင် ဗုံးတလုံး တွေ့ရှိရ၍ စစ်ကောင်စီတပ်ဖွဲ့များ လမ်းများ ပိတ်ဆို့ကာ ဗုံးအား ဝါးလုံးဖြင့် ထိုးနေချိန် ဖောက်ခွဲခဲ့ကြောင်း၊ ထို့နောက် နောက် ဗုံးတလုံး ထပ်တွေ့ရ၍ စစ်ကောင်စီ တပ်ဖွဲ့က မိုင်းရှင်းလင်းရန် လုပ်ဆောင်နေစဉ်မှာပင် ထိုဗုံးလည်း ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

သာကေတမြို့နယ်နေထိုင်သူ တဦးက ” အုန်း ဆိုပြီး ၂ ခါတောင် ကြားလိုက်ရတယ်။ အသံက တော်တော်ကျယ်ပါတယ်။ အဲဒီနားက အိမ်တွေဆို တုန်တောင် တုန်သွားတယ်” ဟု ဆိုသည်။

 

ထိုပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့မှ ၃ ဦးခန့် ထိခိုက်ဒဏ်ရာရမှု ရှိနိုင်ကြောင်း ဆိုကြသည်။

 

လက်ရှိတွင် သာကေတမြို့နယ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ဆေးမှုများလည်း ပြုလုပ်နေသလို၊ ကင်းပုန်းများလည်း ချထားကြောင်း ရပ်ကွက်နေသူများက ပြောသည်။

 

 

ထို့အတူ မနက် ၁၀ နာရီကျော် အချိန်တွင် ရန်ကုန်မြို့ရှိ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီး၊ သုဝဏ္ဏရဲစခန်းရှေ့တွင်လည်း ဗုံးပေါက်မှုတခု၊ မြောက်ဒဂုံမြို့နယ်တို့တွင်လည်း ပေါက်ကွဲမှု အသီးသီး ဖြစ်ပွားခဲ့သည်။

 

ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ နေရာအနှံ့ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် မဖြစ်မနေ ထွက်ရှိရပါက အထူးသတိထား သွားလာကြရန်လည်း အမျိုးသား အထူးစစ်ဆင်ရေး တပ်ဖွဲ့ (NSTF) ၏ ထုတ်ပြန်ချက်တခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

 

 

#WhatsHappeningInMyanmar
#RejectMilitaryCoup