Breaking News Articles

🔴 ကိုယ်တိုင် ဖြတ်သန်းခဲ့ရသော စစ်ကြောရေး ရဲ့ ညသုံးယံ

🔴 ကိုယ်တိုင် ဖြတ်သန်းခဲ့ရသော စစ်ကြောရေး ရဲ့ ညသုံးယံ

 

 

 

 

၂၀၂၁ ရဲ့ မတ်လ၂၇ရက်နေ့ဟာ ကျွန်တော်ဘဝ အတွက်တော့ မေ့မရတဲ့ နေ့တစ်နေ့ပါပဲ။ကျွန်တော်တို့နိုင်ငံ ဖက်ဆစ်ဂျပန်လက်အောက်ကနေ ရုန်းထွက်တော်လှန်တဲ့ နေ့ကလည်း မတ်လ ၂၇ ရက်ပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ရဲဘော်သုံကျိပ်ဟာ ဖက်ဆစ်ဂျပန် ကို တော်လှန်ခဲ့သလိုပဲ ကျွန်တော်တို့ပြည်သူများရဲ့ နွေဦးတော်လှန်ရေးဟာလည်း အရှိန်အမြင့်ဆုံး ရောက်ခဲ့တယ်ဆို မမှားပါဘူး။

 

 

မတ်လ ၂၇ ရက်နေ့မှာ ပြည်လုံးကျွတ်နီးပါး အာဏာလု စစ်အုပ်စုကို ခုခံတော်လှန်ခဲ့ကြတယ်။မနက်ပိုငးကတည်းက ရနကုန်မြို့အနှံ့မှာ သေနတ်သံတွေ ညံနေခဲ့ပါတယ်။မိတ်ဆွေတစ်ဦးနာရေးကြောင့်ပဲ သူငယ်ချင်းသုံးယောက် ကားတစ်စီးနဲ့ထွက်လာခဲ့တယ်။

နာရေးအိမ်ကနေ ပြန်ထွက်တော့ ၁၁ နာရီထိုးလုနေပြီ။ ရန်ကုန်ဟာ မြို့ပျက်ကြီးလို ဖြစ်နေပါတယ်။အချို့လမ်းမတွေက သွားလို့မရ။ လမ်းတိုင်းမှာလည်း တာယာကွင်းတွေ မီးရှို့ထားတယ်။မီးခိုးငွေ့တွေ မှိုင်းဝေနေသလို သေနတ်သံတွေကလည်း နီးသွားလိုက် ဝေးသွားလိုက်ပါပဲ။

 

 

သူငယ်ချင်းတစ်ယောက်ကို ဝင်ပို့ပြီး ပြန်အထွက် လမ်းမပေါ် အရောက်မှာပဲ စစ်သားများနဲ့ တည့်တည့်တိုးပါတော့တယ်။အနားက သူငယ်ချင်းက သူတို့နဲ့ရင်ဆိုင်မတွေ့ဘဲ လမ်းသွယ်ထဲ ကွေ့ဝင်ဖို့ ပြောပါသေးတယ်။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဆက်မောင်းလာတော့ သူတို့အနား အရောက်မှာပဲ သေနတ်နဲ့ ထိုးချိန်ပြီး ကားပေါ်က ဆင်းခိုင်းပါတယ်။

သူတို့ အမိန့်ပေးတဲ့အတိုင်း လမ်းပေါ်ဒူးထောက်ပြီးခေါင်းပေါ်လက်တင်ထားရပါတယ်။ ကားနောက်ဖုံးကို ဖွင်ရှာပြီး” ဒီမှာတွေ့ပြီ” ဆိုတဲ့အသံကြောင့် ငဲ့ကြည့်ဖြစ်တယ်။ အစောပိုင်းရက်များက ဆန္ဒပြပွဲမှာ ကိုင်ဆောင်တဲ့ ဆိုင်းဘုတ်သုံးလေးခုကိုတွေ့လိုက်ရပါတယ်။

 

 

ကျွန်တော့်ကို သေနတ်ဒင်နဲ့ ဆောင့်ဖို့လုပ်သလို သူငယ်ချင်းဖြစ်သူကိုလည်း စစ်ဖိနပ်နဲ့ပြေးကန်ဖို့ လုပ်ခိုက်မှာပဲ လူတစ်ဦး ကျွန်တာ်တိုအနား ရောက်လာပါတယ်။ အဲဒီလူကို ဝိုင်းဝန်းကန်ကျောက်ကြတာနဲ့ပဲ ကျွန်တော်တို့သက်သာရာရသွားခဲ့ပါတယ်။

မြို့နယ်ရဲစခန်းဆီ အရင်ရောက်ပါတယ်။ ပါလာတဲ့ဖုန်းနဲ့ ပစ္စည်းတွေကိုသိမ်းတယ်။ အဲဒီနေ့က ဖမ်းခံရတာ လူ ၃၀ ကျော်ပါတယ်။ မိန်းကလေးတချို့နဲ့ အသက်မပြည့်တဲ့သူတွေကို ပြန်လွှတ်ပေးပေမယ့် ကျန်သူများကတော့ ရွှေပြည်သာ စစ်အကျဉ်း ထောင်ဆီ ရောက်ခဲ့ပါတယ်။

 

 

စစ်ကြောရေးရောက်တော့ ည၈နာရီထိုးပေမယ့် ထမင်းကျွေးပါတယ်။ သေနတ်မှန်တဲ့သူ ရိုက်နှက်ဒဏ်ရာရသူတွေကို ဆေးကုပေးတာ တွေ့ရပါတယ်။ အဆောင်ထဲမှာတော့ လူနှစ်ရာလောက်ရှိမယ်ထင်ပါတယ်။

အဆောင်ကတော့ ပေတစ်ရာ ပေခြောက်ဆယ်လောက်ရှိမယ်ထင်တယ်။ နေခဲ့ရတဲ့ရက်တွေမှာ ရေလုံးဝ မချိုးရပါဘူး။အိမ်သာကတော့ ၅ လုံးရှိပါတယ်။ ကျွန်တောတို့နေတဲ့ အဆောင်မှာပဲ ရဲအရာရှိ၁၀ဦးက စစ်ကြဆေးကြတာပါ။ စရောက်တဲ့ညမှာပဲ မနက်လေးနာရီအထိ တစ်ညလုံးနီးပါး စစ်မေးပါတယ်။

 

 

၂၈ရက် မနက်ဆယ်နာရီမှာ စစ်ကြောရေးပြန်စပါတယ်။တစ်ယောက်ကို နာရီဝက် ၄၅မိနစ် တစ်နာရီခန့် အသီးသီးကြာပါတယ်။ အဆောင်ထဲရှိလူတွေက သက်လတ်နဲ့သက်ကြီးပိုင်းများပြီး GEN Z တွေက ၂၀ ဦးခန့်ပဲရှိပါတယ်။ ရိုက်တာနှက်တာ ဆဲတာဆိုတာ အနည်းလောက်တော့ရှိတယ်။

သူများတွေစစ်တာကိုကြားနေရသလို ကိုယ့်ကိုယ်စစ်တာလည်း သူများတွေကြားရမှာပါ။ ဝန်းထဲမှာ အဆောင်လေးဆောင်ရှိပါတယ်။ မိန်းကလေးများကို တစ်ဆောင်သပ်သပ်ထားပါတယ်။ အစားအသောက်က ထင်သလောက်မဆိုးပါဘူး။ တစ်နေ့ သုံးနပ်ကျွေးပါတယ်။

 

 

၂၈ရက်နေ့ညပိုင်းမှာတော့ လူနှစ်ဆယ်လောက် ထပ်ရောက်လာပါတယ်။ လူကတော့ လူစုံပါပဲ။ လမ်းပေါ်တွေ့တဲ့သူကို ဖမ်းလာတဲ့သဘောပါပဲ။ သေနတ်ထိမှန်ထားသူ ၁၅ ဦးလောက်တော့ ရှိပါတယ်။ အိပ်မရတဲ့အထဲ ပုံမှန်စိတ်ရှိမနေသူတစ်ဦးက “ အရေးတော်ပုံ ” လို့ ထတိုင်လိုက်တဲ့အတွက် ရုတ်ရုတ်သည်းသည်း ဖြစ်သွားပါသေးတယ်။

 

 

အများစုကိုတော့ အဆောင်မှာပဲ စစ်ပါတယ်။

လက်နက်မှုနဲ့ ထင်ရှားတဲ့သူတွေကိုတော့ လက်ထိပ်ခတ် ခေါင်းစွပ်စွပ်ပြီး အခြားတစ်နေကို ခေါ်ပြီးစစ်ပါတယ်။ တစ်ခါခေါ်ထုတ်သွားရင် ၂နာရီလောက်ကြာပြီးမှ ပြန်ရောက်လာပါတယ်။

 

 

၂၉ရက်နေ့ညမှာတော့နေသားကျလာပြီး ခေါင်းစွပ်စွပ်ပြီး ခေါ်ခံရသူထဲက နှစ်ယောက်နဲ့ စကားပြောစပ်စုမိပါတယ်။ တစ်ဦးက ၅၀ ကျော်အရွယ် CRPH နဲ့ပတ်သက်သူပါ။ သူဟာ ၈၈တုန်းကလည်း ပါဝင်ခဲ့ပြီး စစ်ကြောရေး အတွေ့အကြုံရှိသူပါ။ သူ့စကားပြောပုံက အရမ်းငြိမ်ပါတယ်။

 

 

နောက်တစ်ယောက်ကတော့ လက်လုပ်ဗုံးနဲ့ အတူမိတဲ့နောက်ဆုံးနှစ် ဆေးကျောင်းသားပါ။ သူ့ကိုမကြာခဏခေါ်စစ်တော့ စိတ်ပျက်နေပုံရပါတယ်။ မခံနိုင်တော့ဘူး ထွက်ပြေးချင်တယ်ပြောလို့ နှစ်သိမ့်ခဲ့ရပါသေးတယ်။ သူတို့မေးတာ မဖြေရင် ငယ်ပါကို ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်တဲ့။ ဆေးကျောင်းသားလေးက နှုတ်လုံပါတယ်။ သူတစ်ယောက်တည်း ကြိတ်ခံပြီးလမ်းစ ဖျောက်ထားပါတယ်။

 

 

အဲဒီညက စစ်ကြောရေးရဲ့ နောက်ဆုံးညဆိုတာ တကယ်မသိခဲ့ပါဘူး။ဆေးကျောင်းသားလေး အိပ်ပျော်သွားပေမယ့် ဘာမှန်းမသိတဲ့ အနာဂတ်ကို တွေးရင်း အိပ်မပျော်ခဲ့ပါဘူး။

 

 

 

ကျွန်တော်တို့နှစ်ယောက် ပြန်မလွတ်ဘဲ အင်းစိန်ရောက်နိုင်တယ်လို့ တွေးထားပါတယ်။ တကယ်တမ်းမှာတော့ ကျွန်တော်တို့နှစ်ယောက် အင်းစိန်ထောင်ကို မရောက်ဖြစ်လိုက်ပါဘူး။ ဆေးကျောင်းသားလေး အပါအဝင် ၅၀ ဦးလောက်ကို အင်းစိန် ထောင်ဆီ ပို့လိုက်ကြပါတယ်။ ကျွန်တော်နဲ့မိန်းကလေးတွေအပါအဝင် ၁၈၀ လောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

 

 

 

ကျွန်တော်တို့လွတ်ခဲ့ပေမယ့် ထပ်ရောက်လာမယ့် သူတွေရှိနေဦးမှာပါပဲ။ နွေဦးတော်လှန်ရေး မပြီးသရွေ့ ရောက်နေကြဦးမှာပါပဲ။ အရေးတော်ပုံပြီးဆုံးပြီး နွေဦးတော်လှန်ရေးအောင်မြင်မှ အကျဉ်းကျတဲ့သူတွေရော အပြင်ကပြည်သူတွေပါ စစ်အာဏာ ရှင်စနစ်ဆိုး အောက်မှ အပြီးလွတ်မြောက်ကြမှာ ဖြစ်ပါတယ်။

( ဒေါင်းဝေ )