Articles Burmese Diary

🔴 သမိုင်းဝင် အင်းဝ တစ်ဖက်ကမ်းမှ အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးများ၏ လုပ်ငန်းခွင်…!

🔴 သမိုင်းဝင် အင်းဝ တစ်ဖက်ကမ်းမှ အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးများ၏ လုပ်ငန်းခွင်…!

 

 

မြန်မာနိုင်ငံ အထက်ပိုင်း ရှေးမြန်မာမင်းဆက်များ၏ မင်းနေပြည်တော် အင်းဝမြို့ဟောင်း တစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် အမျိုးသမီးများ အထက်ပိုင်းဗလာကျင်းဖြင့် လုပ်ကိုင်ကြသည့် လုပ်ငန်းခွင်တစ်ခု ရှိနေသည်။

ထိုရွာမှ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ လှမ်းကြည့်လိုက်သော် နိုင်ငံခြားသားများ လာရောက်လေ့လာရာ အင်းဝဘက်ကမ်းမှ ဘကြီးတော်မင်း၏ မိဖုရားခေါင်ကြီး မယ်နုအုတ်ကျောင်းကို ခပ်ပျပျမြင်ရသည်။

 

 

 

အိမ်ခြေ ၄၀၀ ခန့်ရှိသော ဒေါင်းမကျေးရွာသည် နှစ်ပေါင်းများစွာ မြန်မာထုံးစံဖြင့် ရွှေပွားစက္ကူခတ်လုပ်ငန်း လုပ်ကိုင်နေသော ရွာဖြစ်ပြီး ထိုရွာအနီးသို့ ရောက်သွားပါက အက်ကွဲနေသည့် လင်ကွင်းချမ်းကို စည်းချက်ညီညီ ခပ်သွက်သွက်ရိုက်ခတ်လိုက်သောအခါ ထွက်ပေါ်လာသော အသံကဲ့သို့ “တုတ် . . . ချန့်၊ တုတ် . . . ချန့်၊ တုတ် . . . ချန့်”ဟု အသံကို ကြားရမည်ဖြစ်သည်။

 

 

ယင်းအသံများသည် အချို့သောနေအိမ်ခြံဝင်းများအတွင်း မြေကျင်းတူး၍ ဆောက်လုပ်ထားသော မြေတိုက်ခန်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ဝါးစက္ကူရိုက်သည့် မြေတိုက်ခန်းများကို အပြင်မှလှမ်းကြည့်လိုက်ပါက သုံးပေခန့်အကျယ်ရှိသော အဝင်တံခါးပေါက်၌ မြေတိုက်ခန်းအတွင်းသို့ မမြင်နိုင်စေရန် အဝတ်စ သို့မဟုတ် ဝါညစ်ညစ်အရောင်ရှိသော ပလတ်စတစ်အထူစများဖြင့် ကာရံထားသည်ကို တွေ့ရသည်။

 

 

 

မြေတိုက်ခန်းသည် အနက်ခုနစ်ပေဝန်းကျင်ခန့်ရှိပြီး အလျား ၁၀ ပေခန့်၊ အနံ ၆ ပေခန့် ရှိမည်ထင်ရသော ထောင့်မှန်စတုဂံပုံသဏ္ဌန် ဖွဲ့စည်းထားသည်။

ထိုမြေတိုက်ခန်းအတွင်းသို့ အုတ်လှေကား သို့မဟုတ် မြေသားဖြင့်ပင် လှေကားပုံစံဖော်ထားသည့်နေရာမှ ဆင်း၍သွားရသည်။

ထိုမြေတိုက်ခန်းအတွင်းသို့ အခွင့်မရှိပါက အမျိုးသားများ ဝင်ရောက်ခွင့်မရှိပေ။

 

 

မြေတိုက်ခန်းများအတွင်း၌ ဒေသခံအမျိုးသမီးငယ်များသည် မြန်မာ့ရိုးရာ ရွှေပွားစက္ကူတစ်ရွက်ရရန် နောက်ဆုံးအဆင့်ဖြစ်သော ဝါးစက္ကူအစို ဒါမှမဟုတ် အခြောက်ကို ကြေးဝါတုံးပေါ်တင်၍ နေသောကြောင့် “တုတ် . . . ချန့်၊ တုတ် . . . ချန့်၊ တုတ် . . . ချန့်ဟူသော” အသံများ ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း ဒေါင်းမကျေးရွာရှိ ဝင်းဝင်းနု ရွှေပွား (ဝါးစက္ကူ) လုပ်ငန်းပိုင်ရှင် ဒေါ်ဝင်းဝင်းနုက ပြောပြသည်။

 

 

ဝါးစက္ကူရိုက်နေသော အမျိုးသမီးငယ် (အလုပ်သမ) များသည် မြေတိုက်ခန်း၏အပူရှိန်နှင့် ခန္ဓာကိုယ်မှထွက်သော အပူငွေ့တို့ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ပူအိုက်မှုဒဏ်ကို သက်သာစေရန် ကိုယ်ခန္ဓာအပေါ်ပိုင်းရှိ အဝတ်အစားများကိုချွတ်၍ လုပ်ကိုင်နေကြသောကြောင့် အမျိုးသားများဝင်ရောက်ခွင့် မရှိခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။

“လုံးဝဝင်လို့မရတာတော့ မဟုတ်ပါဘူး။ ဧည့်သည်က လာလေ့လာချင်လို့ ဟေ့ . . . လို့ အပြင်ကနေ အော်လိုက်ရင် အထဲမှာအလုပ်လုပ်နေတဲ့မိန်းကလေးတွေက အဝတ်အစား ပြန်ပြင်ဆင်ဝတ်ရတာပေါ့”ဟု ဒေါ်ဝင်းဝင်းနုက ရယ်သံသဲ့သဲ့ဖြင့် ဆိုသည်။

 

 

အိမ်ခြေ ၃၈၀ ရှိသော ဒေါင်းမကျေးရွာတွင် ရွှေပွားစက္ကူလုပ်ငန်းကို အစအဆုံးလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်ခြောက်ဦးရှိပြီး မြေတိုက်ခန်းအရေအတွက် ၂၀ ခန့်တွင် ဒေသခံအမျိုးသမီးငယ် တစ်ရာခန့် လုပ်ကိုင်နေကြောင်း ပြောပြသည်။

ဒေါ်ဝင်းဝင်းနု၏ ခွင့်ပြုချက်ဖြင့် သူပိုင်ဆိုင်သည့် ဝင်းသိင်္ဂီမြေတိုက်ခန်းအဆင်း အုတ်လှေကားများကို ကျော်ဖြတ်ကာ အဝင်တံခါးဝတွင် ကာရံထားသည့် ပလတ်စတစ်အစများကိုဖယ်ရှား၍ အတွင်းပိုင်းသို့ ကြည့်လိုက်သောအခါ အလျား ၁၀ ပေခန့်၊ အနံ ၆ ပေခန့်နှင့် အမြင့် ၆ ပေကျော်ရှိမည် ထင်ရသော ထောင့်မှန်စတုဂံပုံသဏ္ဌန် အခန်းဖွဲ့စည်းမှုနှင့် စက္ကူရိုက်နေသည့် အမျိုးသမီးငယ်အချို့ကို မြင်တွေ့လိုက်ရသည်။

 

 

စက္ကူရိုက်လုပ်ငန်းခွင်ကို ဝင်ရောက်လေ့လာလိုသောကြောင့် ခြေလှမ်းများကို ရှေ့သို့တိုး၍ မြေတိုက်ခန်းအတွင်းသို့ လှမ်းဝင်လိုက်ပါက အပြင်မှာရှိသည့် အပူချိန်ထက်သာလွန်သော အခန်းအပူရှိန် ခပ်ငွေ့ငွေ့၏ ဆီးကြိုခြင်းကို ခံလိုက်ရသည်။

ဧရာဝတီမြစ်နှင့်နီးသော်လည်း အညာဒေသဖြစ်သောကြောင့် အပူရှိန်မြင့်မားသောနေရာ ဒေသဖြစ်သည်။ နွေကာလများတွင် မြေတိုက်ခန်း အပူချိန်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင် ရှိနေနိုင်သည်။

 

 

ထိုအပူချိန်အောက်တွင် အမျိုးသမီးငယ်များသည် ဘယ်ညာလက်အစုံတွင် အဝနှစ်လက်မခန့်နှင့် အရှည်တစ်ထောင်ကျော်ရှိ ဒန်း (ရေငတ်သား) တို့ဖြင့် ကြေးဝါတုံးမျက်နှာပြင်ပေါ်တွင် တင်ထားသော ဝါညိုရောင်အဆင်းရှိ လေးလက်မပတ်လည် ဝါးစက္ကူကို အချိန်အဆမှန်စွာဖြင့် ကြက်ခြေခတ်ပုံစံ ခပ်သွက်သွက်ထုရိုက်လျက်ရှိသည်။

 

 

“မိန်းမပျိုလေးတွေ ကိုယ့်ရပ်ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်လို့ရတဲ့ ရိုးရာလက်မှုလုပ်ငန်းတစ်ခုပေါ့”ဟု ကျေးရွာဥက္ကဋ္ဌဦးညွန့်ဝေက သူ၏အမြင်ကို ဖွင့်ဆိုသည်။

အမျိုးသမီးငယ် ၁၀ ဦးအထိ လုပ်ငန်းခွင်ဝင်ကာ လုပ်ကိုင်နိုင်သည့် အကျယ်အဝန်းရှိသော မြေတိုက်ခန်းအတွင်း လှောင်ပိတ်လျက်ရှိသော အပူငွေ့ကြောင့် စက္ကူရိုက်နေသည့် အမျိုးသမီးငယ်လေးများ၏ မျက်နှာပြင်ပေါ်တွင် ချွေးစက်ချွေးပေါက်များ တစ်လိမ့်ချင်းစီးကျနေသည်ကိုတွေ့ရသည်။

 

 

 

ဧည့်သည်အချို့ဝင်ရောက်လေ့လာမည်ကို ကြိုသိထားသောကြောင့် မကြာခင်ကပင် ပြန်လည်ဝတ်ထားသော အင်္ကျီများမှာလည်း ချွေးစက်များကြောင့် မိုးရေထိထားသည့်နှယ် နေရာအချို့တွင် စိုစွတ်လျက်ပင် ရှိနေသည်။

အမျိုးသမီးအများစုရှိနေသော မြေတိုက်ခန်းအတွင်းသို့ ဒေသခံအမျိုးသားများ ဝင်ရောက်ခြင်းမရှိသလို ဧည့်သည်များအနေနှင့် ဝင်ရောက်လေ့လာလိုပါက ပိုင်ရှင်ထံတွင်ခွင့်တောင်းရကြောင်း ယင်းနေရာသို့ လိုက်လံပြသပေးသည့် ဒေသခံမိန်းမပျိုတစ်ဦးက ပြောပြသည်။

 

 

စက္ကူရိုက်အမျိုးသမီးငယ်လေးများ လုပ်ငန်းခွင်အတွင်း အပူဒဏ်ကို အန်တုလုပ်ကိုင်နေကြရသည့် ပကတိအနေအထားကို ကျေးတောသူပီပီ စကားကို သွယ်ဝိုက်မနေဘဲ ရိုးရှင်းစွာဆက်ပြောလိုက်သည်က . . .

“နေကလည်းပူ၊ လူကလည်းများရင် အထဲမှာ တအားပူတယ်။ မိန်းမချင်းဆိုတော့လည်း မရှက်တော့ဘူး။ အပေါ်က အဝတ်အစားတွေ ချွတ်ရိုက်ရတာ”ဟူ၍ပင်။

အဆင့်ဆင့်လုပ်ဆောင်ခဲ့သော ဝါးစက္ကူများအား မြေတိုက်ခန်းကထွက်သော အပူဓာတ်နှင့် ခန္ဓာကိုယ်မှထွက်သော ကိုယ်အပူချိန်တို့ဖြင့် ပေါင်းခံ၍ ဒန်းသားဖြင့် စနစ်တကျထုရိုက်မှသာ ရွှေဆိုင်းခတ်သည့်အခါ အသုံးပြုနိုင်သည့် ရွှေပွားစက္ကူများရသည်ဟု ရွှေပွားစက္ကူပညာရပ်ကို လေ့လာနေသည့် မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

 

 

ဘုရား၊ စေတီပုထိုးများတွင်ကပ်လှူသော ရွှေဆိုင်းများရရှိလာစေရန် ရွှေခတ် (ထုရိုက်) သောအခါ ရွှေပွားစက္ကူကို မဖြစ်မနေထည့်သွင်း အသုံးပြုရသည်။

ရွှေခတ်ရာတွင် ကိုးပေါင်တူဖြင့် ထုနှက်မှုဒဏ်ကိုခံနိုင်သော မြန်မာ့ရိုးရာရွှေပွားစက္ကူများသည် မြန်မာနိုင်ငံတွင် ဒေါင်းမကျေးရွာတစ်ရွာတည်းကသာ ထွက်ရှိကြောင်း မန္တလေးမြို့မျက်ပါးရပ်ရှိ ရွှေခတ်ဆရာများထံမှ သိရသည်။

 

 

 

ရွှေခတ်ရာတွင်အသုံးပြုသော အကြမ်းခံကောင်းမွန်သော ရွှေပွားစက္ကူ (ခေါ်) ဝါးစက္ကူတစ်ရွက်ရရှိရန် အဆင့်ဆင့်လုပ်ဆောင်ရသည့် အချိန်ကာလသည် သုံးနှစ်ကျော်ကြာမြင့်သည်ဟု ဆိုသည်။

ရွှေပွားစက္ကူရရှိလာစေရန် ပထမအဆင့်အနေနှင့် ထွန်ဆံဝါးကို စဥ့်အိုးများတွင် ပေါင်းထားရပြီး ပေါင်းခံထားသောဝါးကိုကြိတ်ခါ ရရှိလာသော ကြိတ်ဖတ်များအားနယ်ခြင်း၊ အခြောက်လှန်းခြင်း၊ မြေတိုက်ခန်းတွင် စက္ကူအစိုရိုက်ခြင်းနှင့် စက္ကူအခြောက်ရိုက်ခြင်း အစရှိသောလုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်ရခြင်းဖြစ်သည်။

 

 

ရွှေပွားစက္ကူများသည် အသန့်အရှင်းအလွန် ကြိုက်သော စက္ကူလေးများလည်းဖြစ်သည်။

မြေတိုက်ခန်းအတွင်းသို့ဝင်၍ စက္ကူရိုက်မည့် အမျိုးသမီးငယ်များသည် ကိုယ်လက်သန့်စင်ပြီးမှသာ မြေတိုက်ခန်းသို့ ဝင်ရောက်လုပ်ကိုင်ရသည်ဟု ဒေါ်ဝင်းဝင်းနုက ပြောပြသည်။

 

 

ခန္ဓာကိုယ်၌ ကပ်ငြိပါလာနိုင်သော ဖုန်၊ သဲများနှင့် အလုပ်လုပ်နေရင်း ကျွတ်ကျဆံပင်ခြည်တစ်မျှင်မျှပင်ဖြစ်စေ ရွှေပွားစက္ကူ၌ ကပ်ငြိပါသွားလျှင် ရွှေခတ်ရာတွင် အဆင်မပြေဖြစ်ကာ ရွှေလွှာများပျက်စီးတတ်သောကြောင့် ဂရုတစိုက်ရွေးချယ်၍ ရွှေဆိုင်းပိုင်ရှင်များထံ ရောင်းချပေးရကြောင်းလည်း သူက ပြောဆိုသည်။

ဝါးစက္ကူများကို မြေတိုက်ခန်းမှနေ၍အပြင်သို့ သယ်ယူသည့်အခါ ပိတ်သားအဝတ်စဖြင့် စနစ်တကျ ထုပ်ပိုးခြင်းမရှိဘဲ စက္ကူချည်း အလွတ်သာ ယူဆောင်ခဲ့လျှင် ပြင်ပနေဒဏ်၊ လေဒဏ်တို့ကြောင့် ဝါးစက္ကူရွက်များမှာကျုံ့၍ သေးငယ်သွားတတ်ကြောင်းလည်း ဒေါ်ဝင်းဝင်းနုက ထပ်မံရှင်းပြသည်။

 

 

ရွှေပွားစက္ကူလုပ်ငန်းကို ဒေါင်းမကျေးရွာတွင် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

စက္ကူရိုက်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူ အများစုမှာ ကျေးရွာအတွင်းရှိ မိန်းမပျိုများသာဖြစ်ပြီး အိမ်ထောင်ရှင်များ ဝင်ရောက်လုပ်ကိုင်သူနည်းကြောင်း ဒေါင်းမကျေးရွာဒေသခံတစ်ဦးဖြစ်သူ မဝင်းဝင်းမြင့်က ၂ နှစ်သားအရွယ် သမီးငယ်ပွေ့ချီရင်း အခုလိုရှင်းပြခဲ့သေးသည်။

 

 

“ဒီလုပ်ငန်းက တစ်နေကုန်အချိန်ပေး လုပ်ရတာ။ အိမ်ကိစ္စတစ်ဖက်၊ ကလေးတစ်ဖက်နဲ့ဆို အဆင်မပြေဘူး။ ကလေးကို အထဲခေါ်သွားဖို့ကလည်း အဆင်မပြေဘူးလေ။ ကလေးကတစ်ဖက်နဲ့ဆိုတော့ မဝင်ဖြစ်တော့ဘူး”ဟူ၍ပင်။

ရွှေပွားစက္ကူအစို၊ အခြောက်တစ်ရွက်ရိုက်ခမှာ ၁၂၀ ကျပ်ရရှိပြီး တစ်နေကုန်အလုပ်ဝင်လျှင် ရွက်ရေ ၇၀ ခန့်ပြီးစီးသောကြောင့် တစ်ရက်လျှင် ကျပ် ၈၀၀၀ ခန့် ဝင်ငွေရရှိကြောင်း စက္ကူရိုက်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူ မချစ်စုဝင်းက ပြောပြသည်။

 

 

“တစ်နေကုန်ထိုင်ပြီး ရိုက်နေရတော့ လက်တွေလည်း တအားနာတယ်။ တော်တော်ကို ပင်ပန်းတယ်”ဟု စက္ကူရိုက်ရသည့် အတွေ့အကြုံကို သူက မျှဝေသည်။

အမျိုးသားတစ်ဦးတစ်ယောက်သည် မသိ၍ဘဲဖြစ်ဖြစ် သိရက်နဲ့ဖြစ်ဖြစ် မြေတိုက်ခန်းထဲသို့ ရုတ်တရက်ဝင်လာခဲ့လျှင်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သောအခါ။

 

 

“တစ်ခါမှလည်း ရွာမှာ အဲလိုဖြစ်တာမကြားမိဘူး။ အဲဒီတော့ ဒီထဲဝင်လာခဲ့ရင် ဘာတွေဖြစ်သွားမလဲဆိုတာ မပြောတတ်ဘူး”ဟု ပြောသည်။