Articles Breaking News Local News နောက်ဆုံးရသတင်းများ

ရာထူးမှနှုတ်ထွက်ပေးရန်ပြောဆိုခဲ့ဟု သမ္မတဦးဝင်းမြင့်က ရုံးတော်တွင်ထွက်ဆို

လာရောက်ဖမ်းဆီးစဉ်တွင် ကျန်းမာရေးအကြောင်းပြ ရာထူးမှနှုတ်ထွက်ပေးရန်ပြောဆိုခဲ့ဟု သမ္မတဦးဝင်းမြင့်က ရုံးတော်တွင်ထွက်ဆို

 

——— ——– ——–
သမ္မတဦးဝင်းမြင့်အနေဖြင့် ၎င်းအား စွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နှင့် ပတ်သတ်ပြီး နေပြည်တော်ကောင်စီ ဝင်း အတွင်းရှိ အထူးတရားရုံးတွင် ယနေ့(အောက်တိုဘာ ၁၂) သက်သေအဖြစ် ကိုယ်တိုင်လာရောက်ထွက်ဆိုခဲ့ကြောင်း သိရ သည်။

 

 

ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက်(၅)နာရီတွင် ၎င်းအား လာရောက်ဖမ်းဆီးရာ၌ ကျန်းမာရေးအကြောင်းပြရာထူးမှနှုတ်ထွက်ပေးရန် ပြောဆိုခဲ့သည့်အကြောင်း ဦးဝင်းမြင့်က ထွက်ဆိုခဲ့သည်ဟုသိရသည်။

 

 

”ဦးဝင်းမြင့်ရဲ့ အဓိကထွက်ဆိုချက်ထဲမှာ (၁.၂.၂၀၂၁)နေ့ နံနက် ၅နာရီအချိန်လာရောက်ဖမ်းဆီးစဉ် ဦးဝင်းမြင့်အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလားမသိ ၂ဦးဝင်လာတယ်တဲ့။

 

 

ဝင်လာပြီးတော့ ကျန်းမာရေးကောင်းမွန်တဲ့လူတယောက် ကျန်းမာရေးကို အကြောင်းပြပြီးတော့နှုတ်ထွက်ပေးဖို့ပြောတယ်တဲ့ သူ့ကို။

 

 

အဲ့ဒီအခါ သမ္မတကြီးက သူက ကျန်းမာရေး ကောင်းမွန်တဲ့အတွက်ကြောင့် နှုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့” ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအ ဖွဲ့ဝင်တဦးက ပြောသည်။

 

 

ထိုသို့ပြောဆိုမှုအပေါ် တဖက်က ပြန်စဉ်းစားရန်နှင့် ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနိုင်တယ်ဟုပြောကြောင်း၊ ထိုအခါ ဦးဝင်းမြင့်က နှုတ်ထွက်မပေးနိုင်ကြောင်းနှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မည်ဆိုပါကလည်း မတတ်နိုင်ကြောင်း၊ “အသေပဲခံလိုက်မယ်”ဟု ပြန်ပြောခဲ့ကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်ဟု သိရသည်။

 

 

“ဦးဝင်းမြင့်က နောက်တခါ ထပ်ပြီးတော့ ခင်ဗျားတို့ဥပဒေနဲ့ အညီပဲလုပ်သင့်တယ်။ အာဏာမသိမ်းသင့်ပါဘူးလို့ပြောခဲ့တယ်လို့ အဓိကစစ်မေးချက်မှာ ဦးဝင်းမြင့်ကပြောပါတယ်”ဟု ရှေ့နေအဖွဲ့ဝင်ကပြောသည်။

 

 

ထို့အပြင် NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းတွင် အမည်ပါရုံဖြင့် စွဲဆိုထားသည့်အမှုကို ကျူးလွန်သည်ဟု စွပ်စွဲပြော ဆိုခြင်းမှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဖြစ်ကြောင်း အဓိက စစ်မေးချက်တွင် ဦးဝင်းမြင့်က ထွက်ဆိုသွားကြောင်း သိရသည်။

 

 

ပြန်လှန်စစ်မေးချက်တွင် တရားလိုရှေ့နေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဖွဲ့စည်းထားမှုကို သိပါသလားဟု

 

 

မေးမြန်းမှုကို ဦးဝင်းမြင့်က ၎င်းအနေဖြင့် ထိုအချိန်က အဖမ်းခံထားရသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်ပြီး မသိရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

 

 

ထို့နောက် အဆိုပါကိစ္စများနှင့် တရားလိုရှေ့နေကဆက်လက်မေးမြန်းခဲ့ရာ မေးမြန်းမှုများမှာ အမှုနှင့်မသက်ဆိုင်သည့်အတွက် မမေးသင့်ဟု စွပ်စွဲခံရသူ၏ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

 

 

အဆိုပါ ၅၀၅(ခ)အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ပူးတွဲစွဲဆိုထားခြင်းဖြစ်သည်။

 

 

အမှုကို အောက်တိုဘာ (၁၂)ရက်နေ့တွင် သမ္မတဦးဝင်းမြင့်၊ အောက်တိုဘာ (၂၆)ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုဝင်ဘာ (၂)ရက်နေ့တွင် ဒေါက်တာမျိုးအောင် စသည်ဖြင့် ကိုယ်တိုင်သက်သေအဖြစ် ထွက်ဆိုကြမည်ဖြစ်သည်။

 

 

ယနေ့ရုံးချိန်းတွင် ၅၀၅(ခ)အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို စွဲဆိုထားသည့် သဘာဝဘေးအမှုတို့ကို စစ်ဆေးခဲ့သည်။

 

 

လက်ရှိတွင် သမ္မတဦးဝင်းမြင့်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် နေပြည်တော်တွင် တရားရင်ဆိုင်နေရသည်။