Articles

မြန်မာနိုင်ငံမှာ ပုံမှန် အခြေအနေရှိနေကြောင်း ဝဏ္ဏမောင်လွင် ပြော

မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိရေး ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

 

 

 

မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့က ဆားဘီးယားနိုင်ငံရှိ ဘဲလ်ဂရိတ်မြို့မှာ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ် ၆၀ပြည့်အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဆက်လက်ပြီး ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့သည် နိုင်ငံစုံ တစ်စုတစ်စည်းတည်းဖြင့် သီးခြားရပ်တည်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်နဲ့အညီ နိုင်ငံအချင်းချင်းအကြား နားလည်မှုရှိမှုနဲ့ လေးစားမှု၊ ဘက်မလိုက်မှုနဲ့ နိုင်ငံရေးပယောဂကင်းရှင်းစေရန် စသည့်အခြေခံမူများကို ဆက်လက်ကျင့်သုံးရမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဘုံအကျိုးစီးပွားကာကွယ်ရန်နဲ့ ဘုံစိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားမယ်လို့ ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။

 

ထို့နောက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်နေသည့်အချိန်မှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များရဲ့ ထောက်ခံမှု၊ နားလည်မှုနဲ့ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။