Articles Local News

မဟာဗျူဟာမြောက်လွှမ်းမိုးမှု ကျဆုံးခန်း နဲ့ စစ်တပ် ရင်ဆိုင်နေရပြီ

မဟာဗျူဟာမြောက်လွှမ်းမိုးမှု ကျဆုံးခန်း နဲ့ စစ်တပ် ရင်ဆိုင်နေရပြီ

 

 

 

 

စစ်တပ် ရင်ဆိုင်နေရသည့် မကြုံစဖူး ခြိမ်းခြောက်မှုနှင့် မဟာဗျူဟာမြောက် လွှမ်းမိုးမှု ကျဆုံးခန်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအရပ်ဘက် ခေါင်းဆောင်တွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။ သို့ပေမဲ့ သူနဲ့သူ့နောက်လိုက်တွေအတွက် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက် မတွေးမိခဲ့ပါဘူး။

အာဏာသိမ်းတာကို ဆန့်ကျင့်ခုခံမယ့်သူအချို့ ရှိမယ်ဆိုတာကိုတော့ သူကြိုတွေးပြီးသားလို့ သေသေချာချာပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အရင်အာဏာရှင်ဟောင်း သန်းရွှေတောင် လုပ်နိုင်ရင် သူလည်းလုပ်နိုင်လိမ့်မယ် လို့ယုံကြည်ခဲ့ပုံပါပဲ။

 

 

သေချာပြောနိုင်တာက မင်းအောင်လှိုင်ဟာ လူတွေကို ရာဂဏန်းထက်ပိုပြီး ဖမ်းစရာမလိုသလို၊ အချို့ကို ချုပ်နှောင်ညှဉ်းပန်းနှိပ်စက်တာမျိုး၊ လက်နက်နဲ့ထိန်းသိမ်းရတာ၊ ဆန္ဒပြသူတွေကို အနည်းအကျဉ်း ပစ်ခတ်တာလောက်၊ အာဏာသိမ်းတာကို ဆန့်ကျင်တွန်းလှန်လူထုကို ထိန်းချုပ်ဖို့မြို့ကြီးတွေမှာ ဒါဇင်နဲ့ချီတဲ့တင့်ကားတွေ ချီတက်ပြရုံလောက်နဲ့သာ ပြီးသွားလိမ့်မယ်လို့ တွက်ချက်ခဲ့ပုံ ရပါတယ်။

အဲ့ဒီအရာတွေအစား မင်းအောင်လှိုင် ယနေ့ရင်ဆိုင်နေတာကတော့ နိုင်ငံရေးနဲ့စစ်ရေးအရ စစ်တပ်ကို ဆန့်ကျင်တွန်းလှန်မှုတွေကို နေရာစုံမှာအဆက်မပြတ်ကြီးထွားလာနေတာပါပဲ။ ဒါဟာ ခေတ်သစ်သမိုင်းမှာ မြန်မာလူထုရော နိုင်ငံတကာမှာပါ မကြုံဖူးတဲ့အရာတစ်ခုပါ။ ဒီလေ့လာဆန်းစစ်မှုမှာတော့ စစ်ရေးအခြေအနေတွေကို ကျွန်တော်တို့အဓိကထား သုံးသပ်သွားမှာဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ငါးလအတွင်း စစ်တပ်ကိုခုခံတွန်းလှန်ဖို့ ပုံစံနှစ်မျိုးနဲ့ ထွက်ပေါ်လာပါတယ်။ လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ လက်နက်မဲ့နည်းလမ်းပါ။ တစ်ခုနဲ့ တစ်ခုကလည်း ချိတ်ဆက်မှုရှိပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်က အကြမ်းမဖက်ဆန္ဒပြတွေသူကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းလိုက်ချိန်မှာတော့ လက်လုပ်သေနတ်တွေတပ်ဆင်ထားတဲ့ ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့တွေ တစ်နိုင်ငံလုံးအနှံ့ မှိုပွင့်တွေလို ထွက်ပေါ်လာပါတယ်။

ဒီလိုပုံစံနဲ့ အခြေတည်ဖွဲ့စည်းမှုတွေကို “ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” (PDF) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDF) လို့ အမည်ပေးခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ဒီအဖွဲ့လေးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့အရပ်သားတွေကို စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုကနေ ကာကွယ်ဖို့အတွက်ပါ။ အခုတော့ ပြောင်းလဲသွားခဲ့ပါပြီ။

 

 

ဒေသခံပြည်သူ့စစ်အဖွဲ့တွေဟာ ပိုမိုခေတ်မှီဆန်းသစ်လာပြီး စနစ်တကျစုဖွဲ့မှုတွေရှိလာပါတယ်။ အဆင့်မြင့်လက်နက်တွေနဲ့ လေ့ကျင့်မှုတွေလည်းရရှိလာကြတယ်။ ဂက်စ်သေနတ်တွေနဲ့ ပိုက်ဗုံးတွေအစား တိုက်ခိုက်ရေးရိုင်ဖယ်တွေ၊ စနိုက်ပါတွေနဲ့ လက်ပစ်ဗုံးတွေကိုအသုံးပြုလာကြပါပြီ။

တီရှပ်နှင့်ဘောင်းဘီတိုတွေအစား ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ စစ်ဝတ်စုံအပြည့်အစုံ၊ Kevlar ကျည်ကာအင်္ကျီတွေနဲ့ ကြွားလုံးထုတ်နိုင်နေပါပြီ။ ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း စစ်တပ်အငယ်စားပုံစံနဲ့ အသွင်တူလာပါပြီ။ အရေးအကြီးဆုံးကတော့ ပြည်သူ့စစ်အဖွဲ့တွေဟာ တိုက်ရိုက်ရန်စတာမျိုးမရှိဘဲ စစ်တပ်ပစ်မှတ်တွေကို ခံစစ်ကနေ ထိုးစစ်အသွင်ယူပြောင်းပြီး လက်ဦးမှုယူ တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

 

 

ဒီအခြေအနေက စနစ်တကျဖွဲ့စည်းတည်ထောင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ(EAO)နဲ့ ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်အတွက် သတင်းဆိုးတစ်ခုဖြစ်ပါတယ်။

အစီရင်ခံစာတစ်ချို့အရဆိုရင် ပူတာအို-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အမြှောက်သေနတ်တွေကို သုံးလာပါတယ်။ ပြည်တွင်းစစ်ပွဲတွေဆိုရင် ပုံမှန်အားဖြင့် ပရော်ဖက်ရှင်နယ် စစ်တပ်တွေသုံးလေ့ရှိတဲ့ အမြှောက်သေနတ်တွေကို သုံးနိုင်လာတာက ပြည်သူ့စစ်အဖွဲ့တွေအတွက် တိုက်ပွဲကို အဆုံးအဖြတ်ပေးတဲ့အရာ ဖြစ်လာနိုင်ပါတယ်။

 

 

ပြည်သူ့စစ်အဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်−မန္တလေး (PDF-Mandalay) ၊ ပြည်သူ့ကာကွယ်ရေးတပ်−ကလေး (PDF-Kalay) နဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ် (Chinland Defence Force-CDF) တို့ဆိုရင် ကိုယ်ပိုင်အမှတ်တံဆိပ်တောင် ရှိနေပါပြီ။

လွတ်လွတ်လပ်လပ် ကိုယ့်အစီအစဉ်နဲ့ ကိုယ်လှုပ်ရှားနေကြတဲ့ ဒေသကာကွယ်ရေးအဖွဲ့လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖြစ် ဖွဲ့စည်းလိုက်ချိန်မှာတော့ အဖွဲ့အစည်းအမည်တွေကိုပါ ပြောင်းလဲလိုက်ပါတယ်။

 

 

 

ဥပမာ စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ−မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့နယ်အတွင်းက အရပ်သားတိုက်ခိုက်ရေးသမားတွေနဲ့ စုဖွဲ့ထားတဲ့ တမူးမြို့နယ် လုံခြုံရေးအဖွဲ့ (TSG)ဆိုရင် နောက်ပိုင်းမှာ တမူး−ပြည်သူ့ကာကွယ်ရေးတပ် (Tamu-PDF) သို့မဟုတ် TPDF ဆိုပြီး အမည်ပြောင်း ဖွဲ့စည်းလိုက်တာမျိုးရှိပါတယ်။

ပြည်သူ့စစ်အဖွဲ့အများအပြားဟာ သူတို့ထက်အတွေ့အကြုံရင့်ကျက်ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေဆင်နွှဲခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီမှာ အဆင့်မြင့်စစ်သင်တန်းတွေကို တက်ရောက်ကြပါတယ်။ တစ်ချို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်တွဲပြီး စစ်တပ်ပစ်မှတ်တွေကို ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်တာမျိုးတွေ ပြုလုပ်လာကြပါတယ်။

 

 

စာရေးသူဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစတင်ပြီး ပြည်တွင်းပဋိပက္ခဖြစ်စဉ်ကို တိုက်ပွဲဖြစ်ပွားတဲ့ တည်နေရာတွေနဲ့ သတင်းအချက်အလက်တွေကတစ်ဆင့် သေသေချာချာ လေ့လာစောင့်ကြည့်နေပါတယ်။ လေ့လာမှုအရ လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ပစ်မှတ်တွေကို အကြီးစားပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အသေးစားတိုက်ခိုက်မှုအချို့ကိုတော့ ဒီလေ့လာမှုမှာ ထည့်မတွက်ထားပါဘူး။

ပူးပေါင်းတိုက်ခိုက်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေအဖြစ် ထွက်ပေါ်လာတဲ့ ပြည်သူ့စစ်တွေအတွက် အလွန်အဖိုးတန်ပါတယ်။ ၂၀၂၁ ခုနှစ်စက်တင်ဘာလ ၇ ရက်မှာ ဒေသကာကွယ်ရေးတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲင်န်ယူ)ရဲ့ လက်နက်ကိုင်အဖွဲ့ -ကရင်အမျိူးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ပူးပေါင်းပြီး တနင်္သာရီတောင်ပိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာမှာ စစ်တပ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။

 

 

KNLA ဟာတပ်မတော်ကို ဆယ်စုနှစ်များစွာ တိုက်ခိုက်လာခဲ့တဲ့ အားကောင်းခိုင်မာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ KNLA နဲ့ ပူးပေါင်းတိုက်ခိုက်တာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက်တန်ဖိုးရှိတဲ့ တိုက်ပွဲအတွေ့အကြုံကို ရရှိစေသလို အခြားအဖွဲ့တွေကိုလည်း လက်ဆင့်ကမ်းနိုင်ပါသေးတယ်။

ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာလည်း လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defense Force−KNDF)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ စစ်တပ်ဖြစ်တဲ့ ကရင်နီစစ်တပ်တို့ ပူးပေါင်းတိုက်ခိုက်မှုဟာ တပ်မတော်ကို တော်တော်လေး အထိနာစေခဲ့ပါတယ်။

 

 

ကချင်ပြည်နယ်မှာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားကြီး ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ကေအိုင်အေသတင်းဌာနက ဖြန့်ချိလိုက်တဲ့ သီချင်းဗီဒီယိုတစ်ခုမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်သားတွေဟာ ကေအိုင်အေတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်တာမျိုးတွေ အပါအဝင် ရင်းရင်းနှီးနှီး နေထိုင်စားသောက်နေကြတာ ကိုတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝတ်စုံနဲ့ ကေအိုင်အေဝတ်စုံကို ပေါင်းစပ်ဝတ်ဆင်ထားသူ အချို့ကိုလည်း တွေ့ရပါသေးတယ်။

မကြာသေးမီက ပေါ်ထွက်လာတဲ့ အရေးပါတဲ့ နောက်ထပ်ပုံစံတစ်ခုကတော့ မတူညီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလိုက်တာပဲဖြစ်ပါတယ်။ ဒါက တော်တော်လေး အံ့အားသင့်စရာကောင်းပြီး အတူတကွ ပိုမိုခိုင်မာအားကောင်းမှုကိုလည်း ဖြစ်စေပါတယ်။

 

 

နောက်ဆုံး ဥပမာကတော့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက နီပေါဘာသာစကားပြော တိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ ဂေါ်ရခါးကာကွယ်ရေးတပ်ဖွဲ့ (Gurkha Defence Froce )၊ စစ်ကိုင်းတိုင်းဒေသကြီးက တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Tamu-PDF) နဲ့ ချင်းပြည်နယ်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)တွေ မဟာမိတ်ဖွဲ့ပေါင်းစည်းလိုက်တာပဲ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသေးစားလေးတွေ စုစည်းပြီး အဖွဲ့ကြီးဖြစ်အောင် စုဖွဲ့လိုက်တာမျိုးလည်း ရှိနေပါတယ်။ ကယားပြည်နယ်မှာဆိုရင်လည်း ဒေသအလိုက် ဖွဲ့ထားတဲ့အဖွဲ့ငယ်လေးတွေက အားကောင်းတဲ့လက်နက်ကိုင်အဖွဲ့ KNDF အဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ KNDF ဟာ ကယားပြည်နယ်တစ်ကြောမှာ တပ်မတော်ကို ရဲရဲရင့်ရင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ပြုလုပ်နေပါတယ်။

 

 

 

ဥပမာပြောမယ်ဆိုရင် စက်တင်ဘာ ၂၇ ရက်နေ့က ဖယ်ခုံမြို့နယ် KNDF က ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အတွင်း ဆောင်ဖြောင်ကျေးရွာမှာ စစ်တပ်ယာဉ်တန်း ၄၅ စီးကို တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂၀ ဦးသေဆုံးခဲ့ပါတယ်။

အထူးသဖြင့် ရွေးကောက်ခံ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)က ၎င်းရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ခဲ့ပြီး နိုင်ငံတဝှမ်းရှိအခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စိတ်ဓာတ်ပိုင်းနဲ့ နိုင်ငံရေးအရ ပံ့ပိုးပေးတာမျိုးရှိပါတယ်။ သို့ပေမဲ့ လှုပ်ရှားဆောင်ရွက်မှုအပိုင်းမှာတော့ အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုး မရှိပါဘူး။

အင်န်ယူဂျီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖွဲ့စည်းပုံကို အသေးစိတ်ထုတ်ပြန်ထားပါတယ်။ စစ်ဦးစီးချုပ်ရဲ့ တာဝန်ဝတ္တရားတွေ၊ စစ်တိုင်းမှူးတွေနဲ့ ဒေသဆိုင်ရာ စစ်ဦးစီးတွေလည်း ပါဝင်ပါတယ်။

 

 

သို့ပေမဲ့ အင်န်ယူဂျီ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲ့ အင်အား၊ ပိုင်ဆိုင်တဲ့ စစ်လက်နက်အမျိုးအစားတွေနဲ့ ပတ်သတ်ပြီးက တိတိပပ ရှင်းပြထားတာတော့ မရှိသေးပါဘူး။

အင်န်ယူဂျီ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် တည်ထောင်ရတဲ့ အကြောင်းရင်းကို ရှင်းပြထားပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံရဲ့စစ်တပ်ကို တရားဝင်စစ်တပ်အဖြစ် လူထုက လက်ခံနိုင်ခြင်းမရှိတော့ဘဲ ပြည်သူနဲ့ တိုင်းပြည်ကိုအမှန်တကယ်ကာကွယ်ပေးမယ့် စစ်တပ်ကို တောင်းဆိုခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ပါတယ်လို့ ရှင်းပြထားပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်−PDF က “ အရပ်သားထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့ ဖြစ်ရမည်”လို့ထပ်မံဖော်ပြထားပါတယ်။ ဒီအချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ တပ်မတော်(စစ်တပ်)ရဲ့ ရည်တည်မှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

 

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အများအပြားဟာ ဒေသအလိုက်စုဖွဲ့မှုပုံစံ နဲ့လှုပ်ရှားနေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တစ်ခုတည်းသော မဟာဗျူဟာ အမိန့်တစ်ခုအောက်မှာ တစုတစည်းတည်း လှုပ်ရှားဆောင်ရွက်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။

အမှန်တော့ ဒီလိုဖြစ်လာဖို့တောင် လိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသအလိုက် နိုင်ငံရေးလုံခြုံရေး လုပ်ဆောင်ကြတဲ့အဖွဲ့တွေဟာ ဗဟိုဦးစီးအဖွဲ့တွေထက် တိကျတဲ့ ရည်မှန်းချက်များတွေကို အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ အမြဲတမ်း သာလွန်ထိရောက်လေ့ ရှိပါတယ်။

 

 

 

အင်န်ယူဂျီကတော့ လောလောဆယ် မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်းနဲ့ အနောက်ပိုင်းတိုင်းဆိုပြီး စစ်ဌာနချုပ်ငါးခု ပိုင်းခြားပြီး ပေါင်းစပ်အမိန့်ပေး လုပ်ဆောင်နေပါတယ်။ စစ်ဌာနချုပ်တစ်ခုချင်းစီမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ ရောနှောပါဝင်နေတာကို ကေအိုင်အေရဲ့ သီချင်းဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ဖွဲ့စည်းထားပါတယ်။

Angshuman Choudhury ရေးသားသည့် Why the Myanmar military is facing its most serious challenge today ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန် တင်ဆက်ထားခြင်း ဖြစ်ပါသည်။ ယခု ဆောင်းပါး၏ ဒုတိယအပိုင်းကို မနက်ဖြန် အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ဆက်လက် ဖော်ပြသွားပါမည်။