Articles Breaking News

ထီးလင်းတွင် ပျူစောထီးအချို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ လက်နက် အပ်နှံ

ထီးလင်းတွင် ပျူစောထီးအချို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ လက်နက် အပ်နှံ

 

 

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းမှ ပျူစောထီးအဖွဲ့ဝင်အချို့ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YDF – ထီးလင်း) ထံ တူမီးသေနတ်၂၅ လက် အပ်နှံကာ အလင်း ဝင်ခဲ့ကြောင်း YDF က အတည်ပြု ပြောကြား သည်။

YDF ထီးလင်းထံ လက်နက် လာရောက် အပ်နှံသူများမှာ ထီးလင်းမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဇီးတောကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရွာများမှ ဖြစ်ကြပြီး ယနေ့အထိ ထီးလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ပြန် လည် ရရှိထားသည့် လက်နက်မှာ ၄၅ လက်ရှိပြီ ဖြစ် ကြောင်း သိရသည်။

 

 

 

YDF ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းက “လာအပ်တဲ့နေ့မှာ ဆရာတော်တပါးနဲ့ ရွာသား ၂၈ ယောက် ပါတယ်။ သူတို့ကို ဖမ်းဆီးတာ မရှိပါဘူး။ ကျနော်တို့က သူတို့ကို ကူညီမှုတွေ၊ စောင့်ရှောက်မှုတွေ အတတ်နိုင်ဆုံးပြန်လုပ်ပေးမယ်ပေါ့။ သူတို့ရဲ့ ဖြစ်တည်မှုတွေ၊ ဘဝလုံခြုံမှုတွေ အားလုံးကို တာဝန်ယူပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့ ယောဒေသမှာရှိတဲ့နောက် နောင်အဲဒီလို လာအပ်မယ့်သူတွေရဲ့ အသက်အန္တရာယ်၊ ဘဝ လုံခြုံမှုကိုလည်း အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်ပေးပါမယ်” ဟု ပြော သည်။

 

YDF- ထီးလင်းအနေဖြင့် အောက်တိုဘာ ၁၀ ရက်က ထီးလင်း ရဲစခန်းက သိမ်းဆည်းထားသည့် လက်နက်များအား ပျူစောထီး အဖွဲ့ဝင်များအား ပေးအပ်သည်ကို သတင်း ရသည့်အတွက် ထီးလင်းရေမျက်နီလမ်းပိုင်းတွင် ရဲစခန်းမှ လက်နက်များ သယ်လာသည့် ပျူစောထီးများအား စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း YDF ဘက်က ပြော သည်။

 

 

 

ပျူစောထီး အဖွဲ့ဝင် လေးဦးအနေဖြင့် ယင်းနေ့တွင် ဆိုင်ကယ်သုံးစီးဖြင့် လက်နက်များ သယ်လာခြင်းဖြစ်ပြီး YDF – ထီးလင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့်၂ ဦး အဖမ်းခံရကာ ၁ ဦး သေဆုံးခဲ့ပြီး တူမီးသေနတ်အလက် ၂၀ အား ထီးလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

“သတင်း အတိအကျရလို့ အပြန်မှာ သွားစောင့်ပြီး တိုက်ခိုက်တာပေါ့။ ၂ ယောက်ကို မိတယ်။ ကျန်တဲ့ ၂ ယောက်က ထွက်ပြေးတော့ လိုက်ဖမ်းရင်း သူတို့ဘက်က တယောက် ကျသွားတာပေါ့။ အခုတော့ ဖမ်းမိခဲ့တဲ့၂ ယောက်ကိုလည်း လွှတ်ပေးလိုက်ပါပြီ” ဟု ကိုမင်းမင်းက ပြောသည်။

 

 

 

ဒေသတွင်း စိုးမိုးမှု အားကောင်းလာသည့် YDF ထီးလင်းအနေဖြင့် အောက်တိုဘာ ၁၂ ရက်ကလည်း ထီးလင်း- ဂန့်ဂေါလမ်းပိုင်းတွင် တရားမဝင် ပိတောက်သစ်ခွဲသား ၁၁ တန်ခွဲခန့်အား တင်ဆောင်လာသည့် ယာဉ်နှစ်စီး ဖမ်းဆီးရမိခဲ့ပြီး သစ်များအား ပြည်သူပိုင် သိမ်းဆည်းကာ ယာဉ်ပေါ်ပါလာသူ ၄ ဦးအား ထပ်မံ မပြုလုပ်ရန် သတိပေးကာ လွှတ်ပေးခဲ့ကြောင်းလည်း YDF က သတင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၇ ရက်ကလည်း ထီးလင်း- ဆင်စွယ်လမ်းတွင် ဆိုင်ကယ် ၁၀ စီးဖြင့်လာသည့် စစ်ကောင်စီ တပ်သား၂၀ ဦးအား YDF ထီးလင်း တပ်ဖွဲ့က မိုင်းနှစ်လုံးခွဲ၍ တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်သားလေးဦး ပြင်းထန် ဒဏ်ရာရခဲ့သေးကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဓာတ်ပုံ – CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup