Articles sports

ပေါ့ဂ်ဘာဟာ ယူနိုက်တက်အတွက် ဆန်းချက်လက်သစ် ဖြစ်သွားမလား ၊ သူ့ကြောင့် ယူနိုက်တက် အသင်းဖော်တွေကြား စိတ်ဝမ်းကွဲမှု ဖြစ်သွားမလား….

ပေါ့ဂ်ဘာဟာ ယူနိုက်တက်အတွက် ဆန်းချက်လက်သစ် ဖြစ်သွားမလား ၊ သူ့ကြောင့် ယူနိုက်တက် အသင်းဖော်တွေကြား စိတ်ဝမ်းကွဲမှု ဖြစ်သွားမလား….

 

 

 

ပေါလ် ပေါ့ဂ်ဘာ ဆိုတာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်ပေမဲ့ ယူနိုက်တက် ပရိသတ်တွေ အကြားတော့ မတူညီတဲ့ အတွေးတွေကို မွေးဖွားလာအောင် လုပ်ဆောင်ပေးနေခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်တယ်လို့ ပြောလိုက်ရင်လည်း မမှားပါဘူး ။

ပေါ့ဂ်ဘာဟာ ဂျူဗင်တပ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ရောက်ကတည်းက တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေကို နှစ်စဥ် ပုံမှန်ပြသနိုင်စွမ်း မရှိခဲ့တဲ့အတွက် ပရိသတ် တစ်ဖွဲ့က သူ့ကို ရောင်းထုတ်လိုက်ဖို့ အတော်လေး တောင်းဆိုခဲ့ကြပါတယ် ။

 

 

ဒါပေမဲ့ အခြားတစ်ဖွဲ့ကတော့ အသင်းမှာ ရံဖန်ရံခန် အလန်းစား စကေးတွေ ပြသနေခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြင်သစ် လက်ရွေးစင် အသင်းမှာ ပြသသလို တည်ငြိမ်တဲ့ ခြေစွမ်းမျိုး တစ်နေ့ ပြသလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ သူ့ကို အသင်းမှာပဲ ဆက်လက် ရှိစေချင်ကြပါတယ် ။

 

 

 

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်ရှိအချိန်မှာ ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေပါပြီ ။ အသင်းဖက်က သူ့ကို စာချုပ် သက်တမ်း တိုးလိုနေခဲ့ပေမဲ့ ကစားသမားနဲ့ အခုထက်ထိ သဘော တူညီမှု မရနိုင်သေးပါဘူး ။

 

အခြားတစ်ဖက်မှာတော့ ပေါ့ဂ်ဘာသာ မန်ချက်စတာကနေ ထွက်ခွာမယ်ဆိုရင် ဂျူဗင်တပ် ၊ PSG နဲ့ ရီးယဲ မက်ဒရစ် အသင်းတွေက အရံသင့် ခေါ်ယူဖို့ စောင့်မျှော်နေကြတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း အတော်လေး ကျယ်နေခဲ့ပြီပဲ ဖြစ်ပါတယ် ။

 

ဒါ့ကြောင့် ကစားသမားရဲ့ အရည်အသွေးတွေနဲ့ ပုံရိပ်ကြီးမားမှုတွေကို နှစ်ခြိုက်နေခဲ့တဲ့ ဆိုးလ်ရှား နဲ့ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ သူ့ကို တစ်ပါတ် ပေါင် 4 သိန်း အထိ ပေးပြီး စာချုပ်သက်တမ်း တိုးမြှင့်လိုက်ဖို့ စိတ်ကူးနေကြပြီလို့ The Athletic က ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

အခြားတစ်ဖက်မှာတော့ ကစားသမား ကိုယ်တိုင်ကလည််း ငယ်မွေးခြံပေါက် အသင်းမှာပဲ ဆက်ကစားလိုနေတဲ့ အရိပ်အယောင်တွေ ပြသလာခဲ့တဲ့အတွက် လက်တွေ့မှာသာ ဖြစ်ပွားသွားခဲ့ရင် သူဟာ သေချာပေါက် ရော်နယ်ဒိုရဲ့နောက် ယူနိုက်တက်ရဲ့ ဒုတိယမြောက် လစာအကောင်းဆုံး ကစားသမား ဖြစ်သွားပါလိမ့်မယ် ။

 

အဲ့တာကပဲ အသင်းဖော်တွေ အကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်သွားစေမလားဆိုတာ စိုးရိမ်စရာ အချက်တစ်ခု ဖြစ်သွားခဲ့ရပါတယ် ။ ယူနိုက်တက်တို့ဟာ အလက်ဆစ် ဆန်းချက်ဇ်ကို လစာအမြင့်ကြီးပေးပြီး အာဆင်နယ် အသင်းမှ ခေါ်ယူခဲ့စဥ်တုန်းက ဒီလို ပြသနာ ကြုံတွေ့ခဲ့ပြီးပါပြီ ။

 

 

ဆန်းချက်ဇ်ဟာ ယူနိုက်တက်အတွက် ဘာမှထူးထူးခြားခြား အကျိုးမပြုခဲ့ပေမဲ့ အသင်းရဲ့ လစာ အကောင်းဆုံး ကစားသမား ဖြစ်သွားခဲ့တဲ့အတွက် ခြေစွမ်းပြနေခဲ့ကြတဲ့ ကစားသမားတွေ လစာတိုးတောင်းချင်ကြတဲ့ အဖြစ်မျိုး ယူနိုက်တက်တို့ ကြုံတွေ့ခဲ့ကြရပါတယ် ။

ပေါ့ဂ်ဘာက ဆန်းချက်ဇ်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ အဖြစ်က ဆန်းချက်ဇ် လိုမျိုး ဖြစ်နေခဲ့တာ အားလုံး အမြင်ပါပဲ ။ လက်ရှိ ယူနိုက်တက် အသင်းမှာ ပေါ့ဂ်ဘာထက်ပိုပြီး တည်ငြိမ်တဲ့ခြေစွမ်းကောင်း ပြသနေခဲ့ကြတဲ့ ဘရူနို ဖာနန်ဒက်စ် ၊ ဟယ်ရီ မက်ဂွားယား ၊ လုခ်ရှော ၊ ရာဖေးလ် ဗာရန်း ၊ ဒေးဗစ် ဒီဂီယာတို့ ရှိနေကြပါတယ် ။

 

သူတို့ အားလုံးက အပတ်စဥ် အပတ်တိုင်း အစွမ်းပြပြီး ပေါ့ဂ်ဘာကပဲ လစာတွေသိမ်းကြုံးယူသွားမယ်ဆိုရင် ဒါကို လက်ခံချင်မှ လက်ခံနိုင်ကြပါလိမ့်မယ် ။ အဲ့တာကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင်တော့ အခြားသူတွေကိုပါ လစာတိုးပေး ၊ ဒါမှမဟုတ် တိုးတောင်းသူတွေကို ရောင်းထုတ်မလား ပေါ့ဂ်ဘာမလားဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ် ။

 

အကယ်လို့ သူတို့ အားလုံးကို တိုးပေးလိုက်မယ်ဆိုရင်တော့ ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ များမကြာမီ အချိန်ကာလ တစ်ခု အတွင်းမှာပဲ ဘာစီလိုနာ အသင်းလို ဘဏ္ဍာရေးပိုင််း အနှုတ်လက္ခဏာ ပြသွားတဲ့ အသင်းမျိုး ဖြစ်သွားမှာ အသေအချာပါပဲ ။

ဒါ့ကြောင့် ယူနိုက်တက်တို့ ပေါ့ဂ်ဘာကို ၊ စာချုပ် သက်တမ််း တိုးနိုင်မလား ၊ တိုးနိုင်ပါက လစာ ဘယ်လောက်ထိ ပေးသွားမှာလဲ၊ ကစားသမားကရော လစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်း ပြသသွားနိုင်ပါ့မလား ၊ မပြနိုင်ခဲ့ရင် ဆန်းချက်ဇ်လို ဇာတ်လမ်းမျိုး ထပ်ဖြစ်လာလိမ့်ဦးမလား ဆိုတာ တကယ့်ကို စိတ်ဝင်စားဖွယ် ကောင်းနေပါပြီ ။