Articles sports

🔴 CR7 အပေါ်မေးခွန်းစတင်ထုတ်လာကြတဲ့ ပရိတ်သတ်များ

🔴 CR7 အပေါ်မေးခွန်းစတင်ထုတ်လာကြတဲ့ ပရိတ်သတ်များ

 

 

 

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အိုးထရတ်ဖို့ဒ်ကို တကျော့ပြန်လာတဲ့ စိတ်ကူးယဥ်ဇာတ်လမ်လေးဟာ အခုအခါမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ရလဒ်ဆိုးတွေကြောင့် အိပ်မက်ဆိုးတခုအနေနဲ့ စတင်ပြောင်းလဲလာနေပြီ ဖြစ်ပါတယ်။

မန်ယူနိုက်တက်က လက်ဆက်စတာကို ၄-၂ ဂိုးနဲ့ ရှုံးခဲ့တဲ့နောက် ပရိသတ်တွေက ရော်နယ်ဒိုရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့ကြပြီး မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

 

 

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီကစားသမားဟာ ၁၂ နှစ်အကြာမှာ မန်ချက်စတာကို ပြန်ခြေချခဲ့ပြီးနောက် သူ့ရဲ့ ပထမဆုံး ၆ ပွဲမှာ ငါးဂိုး သွင်းယူထားပါတယ်။

ဒါပေမဲ့လည်း သူဟာ အောက်တိုဘာလမှာ အသင်းအတွက် ဂိုးမသွင်းနိုင်သေးတဲ့နောက် ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်ညဥ်းညူသံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

‘thenextantman’ ဆိုတဲ့ ပရိသတ်တယောက်က “ရော်နယ်ဒိုက ပြဿနာတွေ အများကြီး ဖန်တီးထားပေမယ့် ဖြေရှင်းနိုင်တာကတော့ နည်းနည်းလေးပါ။ သူသာ ဒီပုံစံအတိုင်း ဆက်ကစားနေမယ်ဆိုရင် ဇန်နဝါရီမှာ သူ့ကို အသင်းမှာ မမြင်ရတော့ရင် ကျနော် အံ့သြမိမှာမဟုတ်ဘူး။ သူ့အနေနဲ့ ဒီထက်ပိုပြီး လုပ်ပြဖို့လိုတယ်။ ဒါမှမဟုတ်ရင် ဘေးထွက်နေလိုက်တော့” ဆိုပြီး Twitter မှာ ရေးသားခဲ့ပါတယ်။

 

 

‘Jnz2001’ ဆိုတဲ့ user ဆိုရင် “သူက သိပ်မကြာခင်မှာ ၃၇ နှစ်ပြည့်တော့မယ်။ သူက ဂိုးတွေသွင်းနိုင်သေးပေမယ့် နိုင်ပွဲတွေရဖို့ ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်ဦးမှာလဲ?” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

 

 

 

ရော်နယ်ဒိုဟာ လက်ဆက်စတာနဲ့ပွဲမှာ ဂျေဒန်ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်၊ မေဆန်ဂရင်းဝုဒ်တို့ရဲ့ အရှေ့မှာ အထောင်တိုက်စစ်မှူးအဖြစ်နဲ့ ကစားခဲ့တာပါ။

အဲ့ဒီနောက် ဘောလုံးဆုံးရှုံးနေချိန်မှာ CR7 ရဲ့ ကြိုးပမ်းအားထုတ်မှု ကင်းမဲ့တဲ့ အနေအထားကို တွေ့မြင်ခဲ့တဲ့နောက် ပရိသတ်တွေက အခုလို ဝေဖန်ပြီး မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။

တချို့ ပရိသတ်တွေကတော့ မေးခွန်းကိုဖြေရမယ့်သူဟာ ရော်နယ်ဒိုမဟုတ်ဘဲ အိုလေဂန်နာဆိုးလ်ရှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“@Adzz_7” ဆိုတဲ့ ပရိသတ်တယောက်က “သူက ကွင်းလယ်သမားတယောက် လိုနေတာ။ မန်ယူနိုက်တက်မှာ ဘာကစားကွက်မှာ မရှိဘူး။ သူတို့ဘာလုပ်နေသလဲတောင် သူတို့ကိုယ်တိုင် မသိဘူး။ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ကစားနေပုံကို ကြည့်လိုက်။ မန်ယူနိုက်တက် လိုအပ်နေတာက ဆိုးလ်ရှားကို ထုတ်ဖို့ပါ” လို့ ရေးသားခဲ့ပါတယ်။

 

 

နောက်ပြီး ‘Sage_Prolific” ဆိုသူကလည်း “ပြဿနာက ရော်နယ်ဒိုမဟုတ်ဘူး။ ဆိုးလ်ရှားရဲ့ ဆိုးရွားတဲ့ ကစားကွက်ပဲ” လို့ Twitter မှာရေးသားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေမှာ ခြေစွမ်းပြနေတဲ့ လီဗာပူးလ်နဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီမတိုင်ခင်မှာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲကို ကစားရမှာဖြစ်ပါတယ်။