Articles sports

ပေါင် သန်း ၄၅၀ ထိ သုံးထားပေမယ့် ယူနိုက်တက် ခေါ်ယူမှုတွေ အပေါ် စိတ်တိုင်းမကျတဲ့ ဆိုးရှား

ပေါင် သန်း ၄၅၀ ထိ သုံးထားပေမယ့် ယူနိုက်တက် ခေါ်ယူမှုတွေ အပေါ် စိတ်တိုင်းမကျတဲ့ ဆိုးရှား

 

 

 

 

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ပြီးခဲ့တဲ့နွေက အသင်းရဲ့ ခေါ်ယူမှုတွေအပေါ် စိတ်တိုင်းကျခြင်း မရှိဘဲ သူ လိုချင်တဲ့ ကစားသမားတွေ မရခဲ့တဲ့ အပေါ် စိတ်ပျက် မကျေမနပ် ဖြစ်နေကြောင်း အင်္ဂလန်က သတင်းတွေမှာ ဖော်ပြလာပါတယ်။

 

ယူနိုက်တက်ဟာ ဆိုးရှားအတွက် ကစားသမားခေါ်ယူမှု ပေါင် သန်း ၄၅၀ ထိ သုံးကာ ပြုလုပ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကွင်းလယ်က ဖရက်၊ တော်မီနေး၊ မာတစ်နဲ့ ဗန်ဒီဘိခ်တို့ စွမ်းဆောင်ရည်တွေ အပေါ် ပရိသတ်တွေက အားမရဘဲ ဝေဖန်မှုတွေ ရှိနေပါတယ်။

 

 

ပြီးခဲ့တဲ့နွေက ယူနိုက်တက်ဟာ ဒီကလန်ရိုက်စ်၊ ကာမာဗင်ဂါ၊ ဂေါ်ရက်စကာ၊ ချူဝါမီနီတို့ကို ချိတ်ဆက်ခဲ့ပေမယ့် တကယ် ခေါ်ယူမှုမှာတော့ ရော်နယ်ဒို၊ ဆန်ချို၊ ဗာရိန်းတို့ သုံးဦးသာ ရောက်ခဲ့ပါတယ်။ ဆိုးရှားက ဒီရာသီ ကွင်းလယ် အတွက် မတူတဲ့ အတွဲအဖက် ၇ မျိုးထိ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် ထိုကွင်းလယ်ကပဲ အသင်း အားနည်းချက် ဖြစ်နေဆဲပါ။

 

စနေနေ့က လက်စတာကို ၄-၂ နဲ့ ရှုံးတဲ့ ပွဲ အပြီးမှာ ကွင်းလယ် ယိုပေါက်က သိသာခဲ့ပြီး ဂိုးတွေ ဆက်တိုက် ပေးခဲ့ရတာပါ။ ဆိုးရှားက သူ့ လူစာရင်းနဲ့ ပတ်သတ်ပြီး ကျေနပ်တယ် အားရတယ် အထပ်ထပ် ပြောနေခဲ့ပေမယ့် ပြီးခဲ့တဲ့ နွေမှာ သူ လိုချင်တဲ့ ကွင်းလယ်သမား တစ်ယောက်မှ မရတာ အတွက် မကျေနပ် ဖြစ်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

 

 

အင်္ဂလန် တိုက်စစ်မှုးဟောင်း အလန်ရှီးယားကလည်း ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ကွင်းလယ် ဗဟို တစ်ဦးမှ မခေါ်ခဲ့တာက ကျရှှုံးမှု ဖြစ်လာနိုင်ကြောင်း ထောက်ပြထားခဲ့ပါတယ်။

” ဒါက ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ရာသီတည်းက ပြသနာပါ။ ဒါကို သူတို့ဖြည့်ဆည်းဖို့ ငွေမသုံးခဲ့ဘူး။ အခု ပြသနာတွေ ထပ်ကြုံလာနေပြီလေ။ ကွင်းလယ်ကနေ ဘောလုံး သေချာပေးနိုင်တာ၊ ရှေ့ကို ထိန်းချုပ်နိုင်တာ ဘယ်သူ ရှိလို့လဲ။ ဒါမျိုး ပရီးမီးယားလိဂ်မှာ သွားလုပ်လို့ မရဘူး။ ” လို့ အလန်ရှီးယားက ပြောဆိုခဲ့ပါတယ်။

 

 

 

လက်တလော ရလဒ်တွေ ဆိုးလာနေပေမယ့် ယူနိုက်တက် ဘုတ်အဖွဲ့ကတော့ ဆိုးရှားကို ထောက်ခံဆဲ ဖြစ်ပြီး ဇန်နဝါရီမှာလည်း ကစားသမား ခေါ်ယူဖို့ အသုံးစရိတ်ပေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။