Articles Breaking News

🔴 နိုင်ငံရေး အကျဉ်းသား တဦး လူမှားလွှတ်မိသည်ဟုဆိုကာ ပြန်ဖမ်းသွား

🔴 နိုင်ငံရေး အကျဉ်းသား တဦး လူမှားလွှတ်မိသည်ဟုဆိုကာ ပြန်ဖမ်းသွား

 

ဧရာဝတီ အောက်တိုဘာ ၂၀၊ ၂၀၂၁

 

 

 

 

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားတဦးကို လွှတ်ပြီးမှ လူမှားလွှတ်မိခြင်းဖြစ်သည်ဟု ဆိုကာ ၁၉ ရက်နေ့ ညပိုင်းက နာရီပိုင်း အတွင်းမှာပင် ပြန်လည်ဖမ်းဆီးသွားသည်။

 

 

ပြန်ဖမ်းခံရသူမှာ ကိုသက်ပိုင်ထွေးဖြစ်ပြီး သူသည် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရပြီး မေလ ၂ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူဖြစ်သည်။

 

 

 

 

ကိုသက်ပိုင်ထွေး၏ မိသားစုဝင် တဦးက “ညီအစ်ကို နှစ်ယောက်အတူတူဖမ်းခံရတာ သူ့ညီက မလွတ်သေးဘူး သူက အရင်လွတ်တာပါ။ ကျမဘဝမှာလူမှားပြီး အဖမ်းခံရတယ်ပဲ ကြားဖူးတယ် လူမှားပြီး လွှတ်တယ်ဆိုတာ တခါမှ မကြားဖူးဘူးလို့” ဟု ဧရာဝတီသို့ ပြောသည်။

 

 

 

ကိုသက်ပိုင်ထွေး လွတ်မြောက်လာသည့်အချိန် မိသားစုနှင့် စကားပြောဆိုနေစဉ် နေအိမ်ရှေ့သို့ စစ်ကောင်စီတပ်များရောက်လာပြီး စခန်းသို့ လိုက်ခဲ့ရန် ပြောဆိုခဲ့ကြောင်း မိသားစုဝင်က ရှင်းပြသည်။

 

 

၎င်းက “ကျမတို့နဲ့ တွေ့ပြီးစကားပြောတာ နာရီဝက် ၄၅ မိနစ်လောက်ပဲ ရှိသေးတယ် သူကိုပြန်ဖမ်းသွားတယ်” ဟု ပြောသည်။

 

 

အောက်တိုဘာလ ၁၉ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်တွင် အင်းစိန်မြို့နယ် ရွာမ ရဲစခန်းကို ပြန်လည်ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။

 

 

 

 

မိသားစုဝင်ဖြစ်သူက “မိသားစုတွေ လိုက်ခဲ့ဆိုလို့ လိုက်သွားတယ် ၅ မိနစ်လောက်ပဲခြားတယ်။ ဒါပေမယ့် စခန်းရောက်တော့ ဘယ်သူမှမရှိဘူးလို့ပြောပြီးပြန်လွှတ်လိုက်တယ်” ဟု ဆိုသည်။

 

 

 

 

ယနေ့နံနက်ပိုင်းတွင် ရွာမရဲစခန်းသို့ မိသားစုက ထပ်မံလိုက်သွားခဲ့သော်လည်း လူမှားပြီး လွှတ်မိလိုက်သဖြင့် အင်းစိန်အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ရဲစခန်းဘက်က ရှင်းပြသည်ဟု ဆိုသည်။