Articles Breaking News

🔴 အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး

🔴 အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး

 

 

နေပြည်တော်၊ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကျောက်ဆည်နည်း ပညာ တက္ကသိုလ်မှ ကိုလင်းပိုင်စိုးသည် မန္တလေး နန်းတွင်း စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကြောင်း ကိုလင်းပိုင်စိုးနှင့် နီးစပ်သူများထံမှ သိရသည်။

 

 

 

 

ကိုလင်းပိုင်စိုးသည် ကျောက်ဆည် နည်းပညာတက္ကသိုလ်မှ ဒြပ်သတ္တုပိုင်းဆိုင်ရာ နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသားဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဂေါ်ရခါးလူမျိုးဖြစ်ကြောင်း သိရသည်။

 

 

ကိုလင်းပိုင်စိုးနှင့် နီးစပ်သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတဦးက “ကိုလင်းပိုင်စိုး ဆုံးတယ် ဆိုတာကို ကျနော်တို့ မနေ့ကမှ သိရတာပါ၊

 

 

 

 

ဒီလဆန်း ၁ ရက်နေ့ ဖမ်းခံရပြီး နောက်တရက်မှာပဲ ဆုံးသွားခဲ့တာလို့ သိရတယ်၊ သူ့က လူမျိုးခြားဖြစ်နေလို့ ဝိုင်းရိုက်ကြတာ၊ စစ်ကြောရေးမှာပဲ ဆုံးတာလို့ သိရတယ်၊ ကိုလင်းပိုင်စိုးကို မန္တလေး အိုးဖိုထောင် ပို့ခဲ့တယ်ဆိုတာ စစ်တပ်ကလိမ်ခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

 

 

ထိုသို့ သေဆုံးခဲ့ခြင်းကို သေဆုံးပြီး ၁၈ ရက်အကြာ အောက်တိုဘာလ ၁၈ ရက်နေ့ရောက်မှ သိရှိခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ်ကပင် နှိပ်စက်ဒဏ်ရာများရရှိခဲ့ကာ စစ်ကြောရေးသို့ ရောက်သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဟု သိရသည်။

 

 

 

ကိုလင်းပိုင်စိုး၏ မိတ်ဆွေ တဦး က “အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန် ရက်စက်မှုတွေပဲပေါ့၊ လူတွေကို ဖမ်းတယ်၊ ထောင်ချတယ်ဆိုတာအပြင် အခုဟာက လူကိုသတ်တယ်၊

 

 

 

 

ပြီးတော့ အလောင်းဖျောက်တဲ့အပြင် သတင်းတွေကိုပါ ဖျောက်ပစ်တာ၊ သူတို့ကို စဖမ်းကတည်းက လူမဆန်စွာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားကြတာပဲလေ၊ ကိုလင်းပိုင်စိုး ဆုံးတယ်ဆိုတာကို မိသားစုလည်း သိပြီးပါပြီ” ဟု ပြောသည်။