Articles Breaking News

ချမ်းမြသာစည်မြို့နယ်တွင်း ပေါက်ကွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရ

ချမ်းမြသာစည်မြို့နယ်တွင်း ပေါက်ကွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရ

ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၁

 

 

 

 

 

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်း၊ ၁၁၇ လမ်းနှင့် ၁၁၈ လမ်းကြားရှိ မြရည်နန္ဒာ အားကစားကွင်း ဝင်ပေါက်တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်အဆင့်ရှိသူ ၂ ဦးနှင့် တပ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

“မြရည်နန္ဒာ အားကစားကွင်းထဲမှာ တပ်က လုံခြုံရေးယူထားတာ ရှိတယ်။ အားကစားကွင်း ဝင်ပေါက်မှာ သဲအိတ်တွေ ကာထားတဲ့ နေရာမှာ ပေါက်ကွဲတာ။ မိုင်းထောင်ပြီး အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတာလို့ သိရတယ်။ အစောင့်တာဝန်ကျနေတဲ့ တပ်ကြပ်အဆင့် နှစ်ယောက်နဲ့ ရဲဘော်တယောက် စိုးရိမ်ရတဲ့အခြေအနေထိ ဒဏ်ရာရခဲ့တယ်။

သူတို့ကို စစ်ဆေးရုံ ပို့ထားတယ်” ဟု အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသည့် အဖွဲ့ဝင်တဦးက ပြောသည်။ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားသည့်နေရာသည် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ အနီးတွင်ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယင်းအိမ်ရာဝင်းအတွင်း မကြာခဏ ဝင်ရောက် ရှာဖွေစီးနင်းမှုများ ပြုလုပ်လျက်ရှိသည်။

“မနက်က ပေါက်ကွဲတာ နှစ်ခါဗျ။ ပထမတခါက အသံက သိပ်မကျယ်ဘူး။ ဒုတိယ တခါကတော့ အသံတော်တော် ကျယ်တယ်။ အဲဒီလိုဖြစ်ပြီးတော့ မကြာပါဘူး တန်ဖိုးနည်းအိမ်ရာတခုလုံးရယ်၊ ၄၉ လမ်းကို ၁၁၅ လမ်းလောက်ကနေ သံလမ်းအထိ၊ ၄၈ လမ်းဘက်ခြမ်း အကုန်ပိတ်ပြီး စစ်ဆေးတာတွေ လုပ်နေတာ။ ပြောရမယ်ဆိုရင် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာကို အဝင်အထွက် ဖြတ်ပစ်လိုက်တာပဲ။ ပေါက်ကွဲတာကလည်း တန်ဖိုးနည်းအိမ်ရာနဲ့ အရမ်းနီးတာကို” ဟု ဖြစ်စဉ်ဖြစ်ပွားသည့်အနီးတွင် နေထိုင်သူ တဦးက ပြောသည်။

 

 

 

 

မန္တလေးမြို့တွင် သြဂုတ်လကုန်ပိုင်းခန့်မှ စတင်၍ စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာများတွင် ဗုံးဖောက်ခွဲခံရခြင်း၊ ပြောက်ကျားတိုက်ခိုက်ခံရခြင်း၊ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း စစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများအား ဆက်တိုက် လုပ်ဆောင်လျက် ရှိသည်။

ပုံစာ – ၂၀၂၁ မတ်လအတွင်းက မြရည်နန္ဒာအိမ်ရာဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ (ဓာတ်ပုံ/CJ)

#WhatsHappeningInMyanmar
#RejectMilitaryCoup