Articles Breaking News

မန္တလေးမြို့ရှိ အထင်ကရဈေးကြီးများကို စစ်ကောင်စီ ပြန်ဖွင့်

မန္တလေးမြို့ရှိ အထင်ကရဈေးကြီးများကို စစ်ကောင်စီ ပြန်ဖွင့်

 

 

 

ဧရာဝတီ၊ အောက်တိုဘာ ၂၃၊ ၂၀၂၁

မန္တလေးမြို့၏ အထင်ကရ နာမည်ကျော် ဈေးကြီးများဖြစ်သည့် ဈေးချိုတော်၊ ရတနာပုံဈေးနှင့် မန်းမြန်မာပလာဇာတို့ကို ယနေ့ ပြန်လည် ဖွင့်ပေးခဲ့သော်လည်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဆိုင်ပြန်မဖွင့်လိုသူများ ရှိနေကြောင်း သိရသည်။

 

 

 

 

“မန္တလေးမှာက အခု ရက်ပိုင်းထဲမှာ ဟိုနေရာက ပေါက်ကွဲလိုက်၊ ဒီနေရာက ပစ်ခတ်လိုက်ဆိုတာတွေ ကြားနေ သိနေရတော့ ဆိုင်ပြန်ဖွင့်ဆိုလည်း လောလောဆယ်တော့ မဖွင့်ရဲသေးပါဘူး။ ကျောက်ဝိုင်း ပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဗုံးပေါက်တယ်။

အဲဒီလိုပဲ ဈေးထဲမှာ ဆိုင်ပြန်ဖွင့်ပါပြီတဲ့ တခုခုဆိုရင် ဘယ်သူကမှ တာဝန်ယူပေးကြမှာ မဟုတ်ဘူး။ ဒါကြောင့် ပြန်မဖွင့်ရဲသေးဘူး။ ဈေးမှာ ဆိုင်မဖွင့်ပေမယ့်လည်း ဖုန်းအဆက်အသွယ်နဲ့ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နေတာလည်း အဆင်ပြေနေတာပဲ” ဟု ရတနာပုံဈေးတွင် အထည်ဆိုင် ဖွင့်လှစ်ရောင်းချသည့် ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

 

 

 

 

စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် အောက်တိုဘာ ၂၃ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း အထူးညွှန်ကြားချက် တစုံတရာ ပေးထားခြင်း မရှိကြောင်း၊ ကိုဗစ်-၁၉ ဖြေလျှော့မှုများနှင့် စတင်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆင့်မြင့်ဈေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးမင်းမင်းက ပြောသည်။

ရတနာပုံဈေး အကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူ တဦးကလည်း ယခင်ကကဲ့သို့ ဈေးပုံမှန်ဖွင့်ရမည့် အချိန်အတိုင်း တံခါးများကို ဖွင့်ပေးထားကြောင်း၊ ဆိုင်ခန်းများ ဖွင့်ခြင်း မဖွင့်ခြင်းသည် ဆိုင်ပိုင်ရှင်များ၏ သဘောဆန္ဒအတိုင်းသာ ဖြစ်ပြီး ထို့အတွက် မည်သည့်ဖိအားမှ ပေးရန် မရှိကြောင်း ပြောဆိုသည်။

 

 

 

 

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဆိုပါ ဈေးကြီးများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်ပိုင်းက ပိတ်ထားခဲ့ပြီးနောက် ယခုနှစ် မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီခန့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

သို့သော် ကိုဗစ် တတိယလှိုင်းကြောင့် ဇူလိုင်လလယ်မှ စတင်၍ ပြန်ပိတ်ခိုင်းခဲ့ပြီးနောက် ယခုအခါ ပြန်ဖွင့်ရန် ထပ်မံ ညွှန်ကြားလာခြင်းလည်း ဖြစ်သည်။

 

 

 

ဈေးများ ပိတ်ထားသည့် ကာလအတွင်း ဆိုင်ခန်းပိုင်ရှင်များက ဈေးအတွင်းရှိ ပစ္စည်းများကို နေအိမ်များသို့ ရွှေ့ပြောင်းပြီး အွန်လိုင်းမှတဆင့် ရောင်းချမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကိုဗစ်ကြောင့် ဈေးကြီးက ပိတ်ထားခဲ့ရတယ်။ ဒါပေမဲ့ ကုန်စည် ပြတ်လပ်မှု မရှိအောင်တော့ ဈေးသူဈေးသားတွေအနေနဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ လည်ပတ်ခဲ့တာ ရှိတယ်။ အခု အနေအထားကတော့ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်စီးဆင်းမှုရော၊ နယ်စပ်ကုန်သွယ်ရေး အနေအထားအရရော အခက်အခဲ ရှိနေတာပေါ့။

 

 

 

 

နောက်ပိုင်းမှာ တည်ငြိမ်မှု ရှိလာမယ် ဆိုရင်တော့ အရင်လိုမျိုးထိ မဟုတ်တောင် ပြန်ပြီး လည်ပတ်သွားနိုင်မယ့် အခြေအနေပေါ့။ အချိန်ကာလ တခုတော့ ပေးရမှာပေါ့” ဟု ဦးမင်းမင်းက ဆိုသည်။

အဆိုပါ ဈေးကြီးများကို ယနေ့ ပြန်ဖွင့်ပေးထားသော်လည်း ဆိုင်များ လာရောက် ဖွင့်လှစ်ခြင်း မရှိသကဲ့သို့ ဈေးလာဝယ်သူများလည်း မရှိကြောင်း၊ ဈေးများ ဖွင့်လှစ်ထားပြီးနောက် ဈေးဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စောင့်ကြပ်၍ လုံခြုံရေး ယူထားကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup