Articles Breaking News

နွားရောင်းပြီး အိမ်ပြန်လာသည့် တောင်သူကို ရိုက်နှက်ကန်ကျောက်ပြီး နွားရောင်းရငွေပါ စစ်ကောင်စီတပ်ဖွဲ့ ကလုယက်ယူဆောင်သွား

နွားရောင်းပြီး အိမ်ပြန်လာသည့် တောင်သူကို ရိုက်နှက်ကန်ကျောက်ပြီး နွားရောင်းရငွေပါ စစ်ကောင်စီတပ်ဖွဲ့ ကလုယက်ယူဆောင်သွား

 

 

 

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာတွင် နွားရောင်းပြီး ပြန်လာသည့် တောင်သူတစ်ဦးကို စစ်တပ်ကရိုက်နှက်ကန်ကျောက်ပြီး ငွေကျပ်လေးသိန်းခွဲလုယက်သွားမှု ယမန်နေ့ အောက်တိုဘာ ၂၂ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်လေးကျေးရွာမှ တောင်သူဦးလှမြင့်သည် နွားရောင်းပြီးအိမ်ပြန်လာကြောင်း သတင်းရထားသည့် စစ်တပ်က ၄င်း၏ နေအိမ်သို့ လာရောက်ကာ နွားရောင်းရ ငွေအားလုယက်ယူသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

 

 

 

“သူတို့နွားရောင်းပြီး ပြန်လာတာကို ဘယ်လိုကဘယ်လို သတင်းရတယ်မသိဘူး၊ အဲဒါ ညက ရွာထဲကို စစ်သားတွေ၀င်လာပြီး ကံမကောင်းတဲ့ အိမ်တွေအမွှေခံရတယ်။ နောက်တော့ ဦးလှမြင့်နေတဲ့ အိမ်သွားပြီး ပိုက်ဆံလေးသိန်းခွဲဆိုလား လုယက်ရိုက်နှက်ပြီး သိမ်းသွားကြတာပဲ။ အဲဒီမှာ ဦးလှမြင့်ရော သူ့သားရော အရိုက်အနှက်လည်း ခံထားရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်သားများက ည ၇ နာရီခွဲခန့်တွင် မော်တော်ဆိုင်ကယ် ရှစ်စီး၊ အိမ်စီးကားတစ်စီးနှင့် ရောက်လာခဲ့ခြင်းဖြစ်ပြီး အရပ်၀တ် လက်နက်ကိုင်များလည်း အတူပါလာကြောင်း၊ ဦးလှမြင့်၏နေအိမ်သို့မသွားခင် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့်ဒေသခံနေအိမ်တချို့ကို ၀င်ရောက်မွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

 

 

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Madaya Educational CDM Committee-MECC ကလည်း ဟုတ်မှန်ကြောင်းအတည်ပြုသည်။

“ဒါဟာ လက်နက်ကိုင်ပြီး ဓားပြတိုက်တာနဲ့ဘာမှ မထူးခြားပါဘူး” ဟု လည်း MECC အဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြုသည်။ စစ်တပ်က မတ္တရာမြို့နယ်ကို ယခုရက်ပိုင်းအတွင်းအငြိုးထား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ကျေးရွာနေပြည်သူများ စိုးရိမ်သောကရောက်နေကြရကြောင်းလည်း သိရသည်။