Articles

🔴 စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ်ခန့်

🔴 စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ်ခန့်

 

 

စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ်ခန့်

 

ဧရာဝတီ ၊ အောက်တိုဘာ ၂၆ ၊ ၂၀၂၁

ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးဟောင်းတဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ စင်္ကာပူနိုင်ငံသူ မစ္စနိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ကြောင်း ကုလအထွေထွေအတွင်းရေးမှုးချုပ် António Guterres က အောက်တိုဘာလ ၂၅ ရက်တွင် ကြေညာသည်။

ယခုလကုန်တွင် သက်တမ်း ကုန်ဆုံးတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဖြစ်သူ ဆွီဒင်နိုင်ငံသူ မစ္စ ခရစ္စတင်းရှရနာ ဘာဂနာ၏ နေရာတွင် တာဝန်ထမ်းဆောင်ရန် မစ္စနိုလင်းဟေဇာကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။

မစ္စနိုလင်းဟေဇာသည် လက်ရှိတွင် အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည်။

 

၎င်းသည် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းက ကုလသမဂ္ဂ၏ ဒေသဆိုင်ရာကော်မရှင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်သည်။

လူမှု သိပ္ပံ ပညာရှင်ဖြစ်သော နိုလင်းဟေဇာသည် အာရှပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အကြီးအကဲဟောင်း ဖြစ်ပြီး တီမောတွင် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အကြံပေးအဖြစ်လည်း ထမ်းဆောင်နေသူဖြစ်သည်။

 

 

 

မြန်မာ နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လအထိ အုပ်ချုပ်ခဲ့သော စစ်အုပ်စုခေတ်က မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ အကြိမ်များစွာ လာရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံ ခံစားနေရသည့် ဆင်းရဲနွမ်းပါးမှုများကို ကောင်းစွာသိသူဖြစ်သည်။

 

 

 

၎င်းသည် စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားရသည့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသူ တဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်ဆလင် ပြဿနာကို အဓိကထား ကိုင်တွယ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဖန်တီးခဲ့သော ရာထူးတခုဖြစ်သည်။