Breaking News Articles

🔴မြောက်ဥက္ကလာတွင် မီတာမဆောင်သော အိမ်များ မီးလိုက်ဖြတ်နေ၊ လျှပ်စစ်ဝန်ထမ်းများအပြင် ရဲများပါ လိုက်ပါ၊ ဓာတ်ပုံရိုက်သည့် လူငယ်တစ်ဦးကို ဖမ်းခေါ်သွား

🔴မြောက်ဥက္ကလာတွင် မီတာမဆောင်သော အိမ်များ မီးလိုက်ဖြတ်နေ၊ လျှပ်စစ်ဝန်ထမ်းများအပြင် ရဲများပါ လိုက်ပါ၊ ဓာတ်ပုံရိုက်သည့် လူငယ်တစ်ဦးကို ဖမ်းခေါ်သွား

 

 

 

မြောက်ဥက္ကလာတွင် မီတာမဆောင်သော အိမ်များ မီးလိုက်ဖြတ်နေ၊ လျှပ်စစ်ဝန်ထမ်းများအပြင် ရဲများပါ လိုက်ပါ၊ ဓာတ်ပုံရိုက်သည့် လူငယ်တစ်ဦးကို ဖမ်းခေါ်သွား

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် မီတာ မဆောင်သည့် နေအိမ်များကို မီးများ လိုက်လံဖြတ်တောက်နေပြီး လျှပ်စစ်ဝန်ထမ်းအပြင် ရဲပါ ခေါ်ဆောင်လာကြောင်း မြောက်ဥက္ကလာတွင်း နေထိုင်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောဆိုသည်။

 

“Light Turck ကားတစ်စီးနဲ့ မီတာရုံးဝန်ထမ်းတွေ ၁၀ ယောက်ကျော်လောက် ပါတယ်ဗျ။ ဥဇ္ဇာနာမှာပါ။ လမ်းမထိပ်မှာ ရဲတွေ စောင့်နေတယ် လမ်းထဲတော့ မဝင်ဘူး ။ မီးတာရုံးက သူတွေပဲ ဝင်ဖျက်နေတယ်” ဟု မြောက်ဥက္ကလာဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

 

 

 

ထို့ပြင် မြောက်ဥက္ကလာမြို့နယ်တွင် မီတာဆောင်ရန် ပြောဆိုသည်ကို ဓာတ်ပုံရိုက်ကူးခဲ့သည့် လူငယ်တစ်ဦးကိုလည်း ဖုန်းယူစစ်ကာ ခေါ်ဆောင်သွားသည်ဟု မြောက်ဥက္ကလာဒေသခံတစ်ဦးက ပြောဆိုသည်။

 

“မြောက်ဥက္ကလာမြို့နယ် (ဋ)ရက်ကွက်မှာ မီတာ ဆောင်ဖို့ ရဲတွေ လက်နက်တွေနဲ့ လာပြီး ပြောတာကို ကောင်လေးတစ်ယောက်က ဓာတ်ပုံရိုက်လို့ ရဲက ဖုန်းကို ယူစစ်ပြီး ခေါ်သွားပါတယ်ဗျာ။ ခုချိန်ထိ ခေါ်သွားတဲ့ ကောင်လေးကို မလွှတ်သေးဘူး။ အကုန်လက်နက်တွေနဲ့ ဆိုင်ကယ် နှစ်စီးနဲ့ ရဲလေးယောက် ” ဟု ခေါ်ဆောင်သွားခံရသည့် လူငယ်နှင့်တစ်လမ်းတည်းတွင် နေထိုင်သူက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

 

 

 

မီးများဖြတ်တောက်မှုကို ကွက်ကျားမိုး ရွာသကဲ့သို့ ဖြတ်တောက်ခဲ့ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် မီတာခ သိန်းကျော်ကျနေသည့် အိမ်များကို ရွေးချယ်ဖြတ်တောက်သွားခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ လမ်းထဲမှာ သိန်းကျော်တဲ့ အိမ်တွေကို ဖြတ်သွားတယ်။ ကျွန်တော်တို့ အိမ်တော့ အဖြတ်မခံရဘူး။ ဒါပေမဲ့ မီးဖြတ်ခံရရင်လည်း မဆောင်ဘူး။ ပိုက်ဆံ မရှိဘူး။ ဆောင်စရာ အလုပ်တွေက မရှိ။ ဖြတ်လည်း ဖြတ်” ဟု မြောက်ဥက္ကလာဒေသခံတစ်ဦးက ပြောကြားသည် ။

 

ယနေ့ အောက်တိုဘာ ၂၈ တွင် မြောက်ဥက္ကလာမြို့နယ်အတွင်း လှည့်ပတ်၍ မီးများ လိုက်ဖြတ်နေသကဲ့သို့ ရှေ့ရက်များတွင်လည်း လှိုင်နှင့် တာမွေမြို့နယ်များသို့ မီးများ လိုက်လံဖြတ်တောက်နေသည်ဟု အဆိုပါ မြို့နယ်နေ ဒေသခံများထံမှာ သိရသည်။

 

အလားတူ ယနေ့ အောက်တိုဘာ ၂၈ တွင် ရန်ကုန်မြို့လယ် လသာမြို့နယ်တွင်လည်း မနက် ၁၁ နာရီဝန်းကျင်က မီတာဆောင်ရန် လိုက်လံခြိမ်းခြောက်မှုများ နေသည်။

 

” မီတာရုံးက လူတွေလာပြီး ဒီ‌နေ့အတွင်း မီတာမဆောင်ရင်မီးဖျက်မယ်လို့ခြိမ်းခြောက်သွားတယ်ဗျ။ ပြီးတော့ တချို့အိမ်တွေဆို သော့တွေ ရိုက်ဖျက်ပြီးမီတာကြိုးတွေ လာဖြတ်သွားပါတယ်” ဟု လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

 

ဓာတ်ပုံ – ယနေ့ မြောက်ဥက္ကလာတွင် မီးလိုက်ဖြတ်နေသည့် EPC ဝန်ထမ်းနှင့် ရဲများပုံ