Articles Breaking News

🔴 မင်းတပ်-မတူပီ လမ်းတွင် စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်တို့ နေရာ ၂ ခုတွင် တိုက်ပွဲဖြစ်ပွားနေ၊ ဖယ်ခုံတွင်လည်း စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

မင်းတပ်-မတူပီ လမ်းတွင် စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်တို့ နေရာ ၂ ခုတွင် တိုက်ပွဲဖြစ်ပွားနေ၊ ဖယ်ခုံတွင်လည်း စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်း ၄၃ မိုင်နှင့် ၆မိုင်-၉မိုင် နေရာ ၂ ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-မင်းတပ်တို့ ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း CDF-မင်းတပ် ထံမှ သိရသည်။

 

 

 

မင်းတပ်မြို့နယ်၊ မင်းတပ်-မတူပီလမ်း ၆မိုင်-၉မိုင်အနီးတွင် မင်းတပ်မြို့မှ ဆိုင်ကယ်ဖြင့်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CDF မင်းတပ်တို့ ယနေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

အလားတူ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၄၃ တွင်လည်း မတူပီဘက်မှ ထွက်ခွာလာသော သံချပ်ကာ အမြှောက်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းအား CDF-မင်းတပ်မှ ရှေ့နောက်ညှပ်ကာ တိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးစာရင်း မသိရသေးကြောင်း CDF-မင်းတပ် ပြောခွင့်ရ ကိုယောမန်ထံမှ သိရသည်။

 

 

 

အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ ၂ စီးပါ စစ်ကား ၇၅ စီးပါသော စစ်ယာဉ်တန်းအား CDF-မင်းတပ်မှ ကြားဖြတ်တိုက်ခိုက်နေပြီး မင်းတပ်-မတူပီလမ်းပိုင်းတွင် စစ်ကောင်စီနှင့် CDF ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်ကို မြန်မာနိုင်ငံအနှံ့တွင် ဆန့်ကျင်တိုက်ခိုက်နေကြရာ ရှမ်းပြည်နယ်၊ တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း၌လည်း ကရင်နီတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

 

 

 

ဖယ်ခုံမြို့နယ်၊ လွယ်ဟဲကျေးရွာသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် ၇ နာရီမှစ၍ ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၄ ဦးသေဆုံးကြောင်း၊ ကရင်နီတပ်ဖွဲ့မှ ၂ ဦးဒဏ်ရာရကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

 

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့အား ကရင်နီတပ်မတော်၊ KNDF၊ KGZ၊ ဖယ်ခုံ-မိုးဗြဲ-ဒီးမော့ဆို PDF များ၊ အလယ်ပိုင်းတိုင်း PDF များမှ ခုခံတိုက်ခိုက်နေကြောင်း သိရှိရသည်။