မြန်မာလူမျိုးတွေကတော့ ကိုယ်ရှေ့မှာ ဒုက္ခရောက်နေသူ ၊ အားငယ်သူတွေကို တွေ့ရင် မကြည့်ရက်လို့ အမြဲ ရိုင်းပင်းကူညီတတ်ကြသူတွေပဲဖြစ်ပါတယ် ။ စေတနာ သဒ္ဓါ တရားကလည်း ထက်သန်လွန်းလို့ ကိုယ်ရဲ့ အခက်အခဲ အဆင်မပြေမှုတွေကိုတောင် မေ့လျော့ပြီး ကူညီတက်ကြသူတွေပါ ။
အခုလို ကာလတွေမှာဆို ပိုတောင် ခက်ခဲနေကြသူတွေ များလို့ တတ်နိုင်သလောက် လိုအပ်တာတွေ အချင်းချင်း လှူဒါန်းပေးလျက်ရှိတာတွေ့ရပါတယ် ။


အခုလည်း လူငယ်လေးတစ်ယောက်က ရန်ကုန်မြို့ရဲ့ လမ်းတွေမှာ တွေ့သမျှ သက်ကြီး အဖိုးအဖွားတွေကို ကြက်ပေါင်းအလှူလေး လိုက်လုပ်နေတဲ့ ပို့စ်လေးတစ်ခုတွေ့ရပါတယ် ။
အဖိုးအဖွားတွေကို ကြက်ပေါင်းစားမလား မေးရာ စားချင်ပေမယ့်လည်း ထမင်းဖိုးတောင်မနည်း ရုန်းကန်ရှာစားနေရတယ်ဆိုပြီး ပြန်ပြောထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။


ဒါ့အပြင် လူငယ်လေးက ပိုက်ဆံလှူရင်ကော ဝယ်စားမှာလား ထပ်ပြီးမေးလိုက်ရာ ” မစားပါဘူး သားလေးရယ်…အဲ့ ပိုက်ဆံလေးနဲ့ တခြား လိုတာလေး ဝယ်ရမှာပါ စျေးကြီးတာတွေ မစားနိုင်ပါဘူး သားရယ်” ဆိုပြီး ပြန်ပြောတယ်လို့လည်း ရေးသားဖော်ပြထားပါတယ် ။
လူငယ်လေးလည်း စိတ်မကောင်းဖြစ်မိကာ ချက်ချင်း ကြက်ပေါင်းတစ်ဗူး လှူဒါန်းပေးရာ ဝမ်းသားအားရယူပြီး ကြက်ပေါင်းစားဖူးပြီလို့ ဆိုကာ ပျော်ရွှင်နေတယ်လို့ပြောကြားထားပါသေးတယ် ။
တကယ်ကို စိတ်မကောင်းစရာတွေပါပဲနော် အသက်ကြီးမှ ရုန်းကန်နေရတာ ဘယ်လောက်ပင်ပန်းနေမလည်း ။ ပရိသတ်ကြီးအတွက် ဒီသတင်းကို ဖတ်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးရင်း သက်ကြီးအဖိုးအဖွားတွေကို တွေ့ရင် ကူညီဖို့ တိုက်တွန်းလိုက်ပါရစေ ။

