Local News

တရု တ်အထူးကိုယ်စာလှယ်ရဲ့ သတင်းစကားကြောင့် တုန်လှုပ်သွားတဲ့ အာဏာသိမ်းခေါင်းဆောင်

ဆန်ဂူးရှန်၏ မကြာသေးမီက မြန်မာနိုင်ငံခရီးသည် သိုသိုသိပ်သိပ် ပြီးဆုံးသွားသည်။ ၎င်းတို့၏ အာရှရေးရာ အထူးသံတမန်သည် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်သို့သွားရောက်ခဲ့ကြောင်း ဘေ့ဂျင်းက အင်္ဂါနေ့တွင် ကြေညာသည်။ သူသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရာပြည့် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် ဖြုတ်ချခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သူ၏တောင်းဆိုမှုကို စစ်ကောင်စီက ပယ်ချခဲ့သည်။

စစ်ဝင်စားစရာကောင်းသည်မှာ စစ်ကောင်စီက ထိုခရီးစဉ်နှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုပါက မြန်မာနိုင်ငံသို့ ပြည်ပမှ အဆင့်မြင့် ဂုဏ်သရေရှိ အရာရှိတဦး လာရောက်လည်ပတ်ခြင်းသည် စစ်ကောင်စီ၏ သတင်းစာများတွင် ရှေ့ဆုံးမျက်နှာဖုံးသတင်း ဖြစ်လေ့ရှိသော်လည်း ယခုအခါ ထိုသတင်းကို စတင်ထုတ်ပြန်သည်မှာ တရုတ်နိုင်ငံဘက်က ဖြစ်နေသည်။ ထိုအထူးသံတမန်သည် မြန်မာ့နိုင်ငံရေး ရှုခင်းနှင့် ကိုဗစ်နိုင်တင်း တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို (စစ်အရာရှိများနှင့်) ဆွေးနွေးကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဝေဘင်က အင်္ဂါနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။




ထိုခရီးစဉ်နှင့်ပတ်သက်သည့် တရုတ်နိုင်ငံမှ စိတ်ဝင်စားစရာအကောင်းဆုံး သတင်းစကားမှာ ဝမ် ၏ ထုတ်ပြန်ချက် နောက်ပိုင်းတွင် တွေ့ရသည်။ “လူမှုတည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စောလျှင်စွာ ပြန်လည်စတင်ရေး မြန်မာနိုင်ငံရဲ့အားထုတ်မှုမှ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကပါဝင်ဖို့ ကျနော်တို့က နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သူ အလေးထားပြောသည်။

သို့သော် မြန်မာ့အရေးလေ့လာသူများ၏ နားများ ဖြတ်ကနဲ လှုပ်သွားစေသည်မှာ နောက်ဆုံးမှတ်ချက်ဖြစ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စောလျှင်စွာပြန်လည်စတင်ရေး ဆိုသည့် မှတ်ချက်ဖြစ်သည်။

စစ်ကောင်စီအရာရှိများနှင့် သူ၏ အစည်းအဝေးများအတွင်း ဆွန်ကော့ရှန်သည် နယ်စပ်လုံခြုံရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာသေးမီက ပြင်းထန်လာနေသည်။ နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တရုတ်နိုင်ငံက လျှို့ဝှက်ထောက်ခံနေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်များကလည်း သံသယရှိနေသည်။




ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံရာတွင် နှစ်ဘက်တို့သည် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြဿနာကို ဆွေးနွေးကြသည်။ ယခင်ကကဲ့သို့ပင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးရန် တရုတ်က နေရာထိုင်ခင်း စီစဉ်ပေးနိုင်သည်။

အန္တရာယ်ကင်းအောင် သတိထားနေ

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာ၏ အိမ်နီးချင်းနိုင်ငံကြီးနှင့် သြဇာကြီးမားသော နိုင်ငံဖြစ်သော တရုတ်သည် မြန်မာပြဿနာတွင် တက်ကြွစွာပါဝင်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အနေဖြင့် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် အခန်းမှ ပါဝင်ရန် ပြောသည်။ မြန်မာနိုင်ငံသို့ ASEAN အထူးသံတမန်သည် နိုင်ငံရေး ဖိနှိပ်မှုများမှ လွတ်မြောက်ရန် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဗီဒီယိုမှ မကြာသေးမီက ဆွေးနွေးခဲ့သော်လည်း ၎င်း၏ ခရီးစဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် မရေမရာဖြစ်နေသည်။




မေလအတွင်းက ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်ကျောင်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖရိုဖရဲအခြေအနေများကို ဖြေရှင်းရန် ပိုမိုပြင်းထန်သည့် သံတမန်ရေး အားထုတ်မှုများကို တောင်းဆိုပြီး နောက်ထပ်အကြမ်းဖက်မှုများသည် အခြေအနေကို ယိုယွင်းစေနိုင်ပြီး ပြည်တွင်းစစ်ပင် ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

မြန်မာနိုင်ငံသည် မိတ်ဆွေနိုင်ငံဖြစ်သည်ဟု ကျောက်က ပြောကြားပြီး တရုတ်နိုင်ငံသည် ASEAN ၏ သံတမန်ရေး အားထုတ်မှုများကို အခိုင်အမာထောက်ခံကြောင်းပြောသည်။

NLD သည် ဖျက်သိမ်းခံရမည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။ တရုတ်အထူးသံတမန်သည် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် မုန်းတီးမှုအတွက် လွန်စွာအံ့သြသွားသည်

“နိုင်ငံကို ပုံမှန်အခြေအနေပြန်ရောက်စေဖို့ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်တွေအတွင်းကနေ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအဖြေရှာဖို့ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခုကို ကျနော်တို့ ဖန်တီးပေးသင့်တယ်” ဟုလည်း သူပြောသည်။




သို့သော် သံတမန် သတင်းရင်းမြစ်များ၏ အဆိုအရ နေပြည်တော်တွင် ဆန်ဂူးရှန်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NLD အပေါ်ထားရှိသော ရန်လိုမှုကို သိရသောကြောင့် လွန်စွာအံ့သြရသည်ဟု သိရသည်။ ဖြုတ်ချခံ NLD သည် ဖျက်သိမ်းခံရမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။ ထို့အပြင် တရုတ်အထူးသံတမန်သည် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် မုန်းတီးမှုအတွက်လည်း လွန်စွာအံ့သြသွားသည်ဟု ဆိုသည်။

“NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့ တင်းမာတဲ့သဘောထားထားကို သိရလို့ သူတော်တော် တုန်လှုပ်သွားတယ်” ရန်ကုန်မှ သံတမန်တဦးပြောသည်။

အပြင်းအထန် ခုခံကာကွယ်ခြင်း

မြန်မာစစ်ကောင်စီက ဆွန်၏ ခရီးစဉ်နှင့်ပတ်သတ်ပြီး မည်သည့် တရားဝင်ထုတ်ပြန်ကြေညာချက်မျှ ထုတ်ပြန်ခြင်း မရှိပေ။ တရုတ်အထူးသံတမန်သည် စစ်ကောင်စီခေါင်းဆောင်များနှင့် ဆက်ဆံရာတွင် ပရိရာယ် ကြွယ်ဝသော်လည်း ဘေ့ဂျင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို အရေးပါပြီး လိုအပ်သော ခေါင်းဆောင်အဖြစ် မြင်နေဆဲဖြစ်ကြောင်း သိရသောအခါ အာဏာသိမ်း စစ်ခေါင်းဆောင်သည် လွန်စွာ တုန်လှုပ်သွားသည်ဟု အတည်မပြုနိုင်သေးသော သတင်းများက ဆိုသည်။




NLD ကို မဖျက်သိမ်းရန် စစ်ကောင်စီက တရုတ်နိုင်ငံက ပြောခဲ့သည်ဆိုသည့် သတင်းတပုဒ်ကို ဧရာဝတီသတင်းဌာနက ဆွန်၏ ခရီးစဉ်မတိုင်မီ ထုတ်ဝေခဲ့သည်။ ဘေ့ဂျင်းသည် NLD ကို နိုင်ငံရေး ပါတီတခုအဖြစ် ဆက်လက်တည်ရှိသည်အား မြင်လိုကြောင်း တရုတ်အရာရှိများက စစ်ကောင်စီကို သတင်းစကား ပါးခဲ့သည်ဟု ထိုသတင်းက ဆိုသည်။

မြန်မာရွေးကောက်ခံအစိုးရကို စစ်ကောင်စီက ဖေဖေါ်ဝါရီလတွင် ဖြုတ်ချပြီး မကြာမီ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထိုသို့ လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းမှုသည် “အစိုးရအဖွဲ့အတွင်း အပြောင်းအလဲလုပ်ခြင်း” ဟု ဖေါ်ပြသည်။ ဘေ့ဂျင်းသည် စစ်ကောင်စီ၏ ဖိနှိပ်ဖြိုခွဲမှုများကို ရှုတ်ချရန် ပျက်ကွက်ပြီး စစ်ကောင်စီဘက် အပြည့်အ၀ ရပ်တည်သည်ဆိုသည့် အယူအဆမြင့်မားလာပြီး ထိုအချိန်မှစတင်ပြီး တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များသည် မြန်မာနိုင်ငံတွင် အမြင့်ဆုံးအမှတ်သို့ ရောက်လာသည်။

မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး တရုတ်လုပ်ငန်းရှင်များက ပိုင်ဆိုင်သော သို့မဟုတ် စီမံသော စက်ရုံများ တိုက်ခိုက်ခံကြရသည်။ တရုတ်နိုင်ငံ၏ ပုံရိပ်သည့် ကြေမွနေပြီး စစ်ကောင်စီကို လွန်စွာမုန်းတီးနေသည့် မြန်မာနိုင်ငံသားများ၏ အမြင်တွင် ပြန်လည်ပြုပြင်မရတော့တောင်ဖြစ်နေသည်။




ဆန်ဂူးရှန်၏ ခရီးစဉ်မှ အဓိက မှတ်သားစရာအချက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အမြန်ဆုံး ပြန်လည်စတင်ရန် တရုတ်က မြန်မာနိုင်ငံကို အားပေးနေသည်ဆိုသည့် အချက်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အထူးသံတမန်၏ တောင်းဆိုမှု ပယ်ချခံရသည်ဆိုသည့်အချက်ဖြစ်သည်။ သို့သော် စစ်ကောင်စီသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်ပိုင်နက်အတွင်း တွေ့ဆုံကောင်းတွေ့ဆုံမည်ဖြစ်သည်။

ဆန်ဂူးရှန်သည်နေပြည်တော်တွင် သူမြင်တွေ့ခဲ့သည်များနှင့်ဆွေးနွေးခဲ့သည်များကို အစီရင်ခံရန် ဘေ့ဂျင်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ ယခုအခါ သူ ရှင်းရှင်းလင်းလင်းမြင်သင့်သောအချက်မှာ ထိုင်းနှင့် အခြားအိမ်နီးချင်းနိုင်ငံများ မြင်ထားသည့်အတိုင်း မြန်မာစစ်ဗိုလ်ချုပ်များသည် စေ့စပ်ညှိုနှိုင်းရာတွင် ညံ့ဖျင်းပြီး ၎င်းတို့၏ အဘိဓာန်တွင် ထိုစကားလုံး ပါဝင်ပုံမရ ဆိုသည့်အချက်ဖြစ်သည်။ စင်္ကာပူမှ တိုင်းပြုပြည်ပြုခေါင်းဆောင် လီကွမ်းယူက မြန်မာဗိုလ်ချုပ်များနှင့် ဆက်ဆံရခြင်းသည် အသေကောင်များနှင့် စကားပြောရသည်နှင့် တူသည်ဆိုသည့် ပြောစကားကိုသာ ကိုးကားရတော့မည်။

Crd – ဧရာဝတီ