Local News

ကုလထိုင်ခုံနေရာအတွက် နိုင် ကို နိုင်မှ ဖြစ်မည့်ပွဲ (အင်အားကြီးနိုင်ငံများအတွက် လွန်စွာ အရေးပါပြီး အကျိုးစီးပွားခြင်း အားပြိုင်စရာ ကွင်းကြီး တစ်ကွင်းဖြစ်လာတဲ့ မြန်မာပြည်)

စက်တင်ဘာ ၁၄ ရက်နေ့ တွင် ၇၆ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ စတင် ကျင်းပလာသည့် အချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုး ရ နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ အကြား ကမ္ဘာစင်မြင့်တွင် ရပ်တည် နိုင်ရေး အတွက် အကြိတ်အနယ် ကြိုးစားကြတော့ မည် ဖြစ်သည်။

ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံတွင် အာဏာသိမ်း ခံခဲ့ရသည့် အပေါ် ကုလ တွင် ပထမဆုံး စတင် ဆွေးနွေးခဲ့စဉ်ကပင် အာဏာသိမ်း အဖွဲ့အား ရှုတ်ချကြောင်း ရဲဝန့်စွာ ထုတ်ဖေါ်ပြောကြားလိုက်သည့် အတွက် တကမ္ဘာလုံး အံ့အားတသင့် ဖြစ်သွားခဲ့ရပြီး ဗိုလ်ချုပ်ကြီးများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ဦးကျော်မိုးထွန်း အား ဖယ်ရှားရေး အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာခဲ့သည်။

ထိုသို့ ဂမူးရှုးထိုး ကြိုးပမ်း လာမှုများထဲတွင် လုပ်ကြံသတ်ဖြတ်ရန် အထိပင် ပါဝင်လာခဲ့ပြီး FBI ၏ ဖေါ်ထုတ်မှု ကြောင့် ဟိုလေးတကျော် ဖြစ်သွားခဲ့ရသည်နှင့်အတူ စစ်ကောင်စီ သည် နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခြင်း ခံရကာ ၎င်းတို့ အား တရားဝင် အသိအမှတ်ပြုခံရရေး ကြိုးပမ်းမှု များ ပြိုလဲ မတတ် ဖြစ်သွားခဲ့ရသည်။




လက်ရှိတွင် ဦးကျော်မိုးထွန်းအား ကုလ သံအမတ်ကြီး အဖြစ် ရပ်တည်ပိုင်ခွင့် သည် တရားဝင်ကြောင်း ကုလသမဂ္ဂ ၏ ဥပဒေ ရေးရာ ဌာန မှ အတည်ပြု ထားပြီး ဖြစ်သည်။

အတွင်းရေးမှုး ချုပ် အန်တိုနီ ဂူတာရက်စ်က ဖေဖေါ်ဝါရီလ အတွင်း ကမ္ဘာလူ့အခွင့်အရေး ညီလာခံ ကြီးတွင် “အာဏာသိမ်းမှု ကို ခေတ်သစ် ကမ္ဘာကြီးက လက်မခံနိုင်ကြတော့” ဟု ထုတ်ဖေါ် ပြောကြားခဲ့ပြန်သည်။

ဇွန်လ တွင် ကုလ အထွေထွေ ညီလာခံမှ မြန်မာ ပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အား ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၁ မဲ ဖြင့် အတည်ပြု ပေးနိုင်ခဲ့သည်။ ထိုအချိန်က အကြောင်း အမျိုးမျိုး ကြောင့် မတက်ရောက်နိူင်သည့် ကိုယ်စားလှယ် ၄၀ ကျော် ခန့် ရှိခဲ့သည်။




၁၉၉၀ ကျော် နှစ်များ အတွင်း ဟေတီ နှင့် ဆီရီယာ လီယွန်မှ အာဏာသိမ်း စစ်တပ် ကိုယ်စားလှယ်များကို ကုလ မှ အသိအမှတ် ပြုရန် ငြင်းပယ်ခဲ့ယုံမက ဆီရီယာ လီယွန်တွင် ဖြုတ်ချခံ အစိုးရကိုပင် ကုလ က အသိအမှတ် ပြုပေးခဲ့သည့် အစဉ်အလာများ ရှိခဲ့ပြီး ဖြစ်သည်။

ထို့အတွက် စစ်ကောင်စီ၏ ကိုယ်စားလှယ်အား အသိအမှတ်ပြုခံရမည့် အရေးသည် အလွန့်အလွန် ကို အားပျော့နေသည်ဟု မြန်မာ နိုင်ငံ အတွက် ခန့်အပ်ထားသော ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် တွန် အင်ဒရူးက ခန့်မှန်းခဲ့သည်။

အစိုးရ အသစ် အား အသိအမှတ် ပြုခံရနိုင်ရန် အတွက် အချက် သုံးချက် ကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြောင်း၊ ပထမ အချက် အနေဖြင့် နယ်မြေများကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ခြင်း ရှိမရှိ၊ ဒီမိုကရေစီ နည်း ဖြင့် တရားဝင် ထွက်ပေါ်လာခြင်းမျိုး ရှိမရှိ နှင့် နိုင်ငံတကာ ဥပဒေ များကို လေးစား လိုက်နာခြင်း ရှိမရှိ တို့ ဖြစ်သည့် အတွက် စစ်ကောင်စီသည် သုံးချက်စလုံးတွင် အရေး နိမ့်သွားခဲ့ရပြီ ဖြစ်သည်ဟု ဆိုသည်။




NUG သည် ပြည်သူများမှ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသော ကိုယ်စားလှယ်များ နှင့် ဖွဲ့စည်းထားပြီး ဖြစ်ရေး ဒီမိုကရေစီ နည်းလမ်း များ နှင့် အကျုံးဝင်နေပြီ ဖြစ်သည်ဟု မြန်မာ အရေး အထူး အကြံပေးကောင်စီ မှ ပြောဆိုခဲ့သည်။

NUG သည် အစိုးရ တရပ်အသွင်ဖြင့် ဝန်ကြီးဌာန များ ဖြင့် အကျအန ဖွဲ့စည်းထားပြီး ပေါ်လစီ ရေးရာ ပိုင်းကိုလည်း ကြေညာချက်များ ထုတ်ပြန် အသိပေးနိုင်ခဲ့သည်ဟု တွန် အင်ဒရူးက ဆိုသည်။

ထိုသို့သော အနေအထားများ ရှိနေသော်ငြားလည်း ဦးကျော်မိုးထွန်း အား သံအမတ်ကြီး အဖြစ် အသိအမှတ်ပြု ခံရမည့် အရေးသည် ကြိမ်းသေပေါက်ဟုတော့ မပြောနိုင်သေးပေ။




မြန်မာသည် ဟေတီ နှင့် ဆီရီယာ လီယွန်တို့ကဲ့သို့ မဟုတ်ပဲ အင်အားကြီး နိုင်ငံများ အတွက် လွန်စွာ အရေးပါသော နိုင်ငံ ဖြစ်နေပြီး အကျိုးစီးပွားခြင်း အားပြိုင်စရာ ကွင်းကြီး တကွင်းလည်း ဖြစ်လာနေသည်။

လက်ရှိ ကိုယ်စားလှယ် စီစစ်ရွေးချယ်ရေး ကော်မတီ တွင်ပင် တရုတ်၊ ရုရှား နှင့် အမေရိကန်တို့ ပါဝင်နေသည်။ တရုတ်နှင့် ရုရှားတို့က NUG သည် နယ်မြေ ပိုင်စိုးထားမှု မရှိဟူသော အချက်ကို အခိုင်အမာ ဆုတ်ကိုင်ပြီး ကန့်ကွက်ကြဖို့ ရှိနေသည်။

နယ်မြေ ထိန်းချူပ်ခွင့် ရနေသူကိုသာ အသိအမှတ် ပြုမည်ဆိုက နိုင်ငံများ အတွင်း ဆန့်ကျင်ဖက် အင်အားစုများက သူ့ထက်ငှာ အသာစီး ရရန် တိုက်ခိုက်ကြဖို့ မြှောက်ပေးသလို ဖြစ်ပေလိမ့်မည်။ မကြာမီက မြန်မာ နိုင်ငံသို့ ရောက်လာခဲ့သည့် တရုတ် အထူးသံတမန် အားလည်း စစ်ကောင်စီက နားပူနားဆာ လုပ်ပေဦးမည်။ ၎င်းတို့ အဖို့ က ဒီမိုကရေစီ လမ်းကြောင်းအရရော နိုင်ငံတကာ ဥပဒေများ လေးစား လိုက်နာ မှု အပိုင်းတွင်ပါ မည်သို့မျှ အခွင့် အလန်း မရနိုင်သူများ ဖြစ်နေသည်။




ထိုသို့ အဖွဲ့ဝင် ကိုးနိုင်ငံ ပါဝင်သော ကော်မတီ တွင် သဘောတူညီဖို့ ရရန် ခက်ခဲနေသည့် အတွက် အားလုံး လက်ခံနိုင်သည့် အဖြေတခု အဖြစ် မည်သည့် ဖက်ကိုမျှ အသိအမှတ် မပြုရန် အထွေထွေ ညီလာခံကို ထောက်ခံ တင်ပြဖို့ အလားအလာ ရှိနေသည်။

၁၉၉၇ ခုနှစ်တွင် လက်ရှိ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် က ၎င်း၏ ညွှန်ပေါင်း အစိုးရ အဖွဲ့ဝင် များ ကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့စဉ်က ကုလ မှ အလားတူ ဆုံးဖြတ်ခဲ့ခြင်း မျိုး ရှိနေပြန်သည်။

လက်ရှိတွင် အနောက်နိုင်ငံ အစိုးရ တိုင်းလိုလိုက NUG နှင့် ထိတွေ့ ဆက်ဆံနေကြသော်လည်း တဖက်တွင် အာဆီယံ သည် စစ်အာဏာသိမ်း အဖွဲ့ကို အကာအကွယ် ပေးထားပြီး အစည်းအဝေးများသို့ပင် ဖိတ်ကြားလာနေမှုများကလည်း စစ်ကောင်စီအား ကုလ တွင် နေရာ ရရှိရေး အတွက် သက်ရောက်မှု များ တနည်းမဟုတ် တနည်း ရှိလာနိုင်သည်။




အရှေ့တောင် အာရှတွင် အာဏာရှင်အစိုးရများ ခေါင်းထောင်ထလာနေမှု နှင့် တရုတ်-အမေရိကန် ရန်စောင်နေမှုများ ကလည်း NUG အား အသိအမှတ် ပြုခံရဖို့ ထိခိုက်လာနိုင်စရာ ရှိနေသည်။

အချို့သော ရွှေပြည်အေး ဝါဒသမားများကလည်း NUG ကိုသာ အသိအမှတ် ပြုလိုက်မည်ဆိုက လက်ရှိ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အခွင့် အလန်းများ ကုန်ဆုံးသွားမည်ဟု ပြောဆိုနေမှုမျိုးလည်း ရှိနေသည်။

သို့သော် အာဏာသိမ်း အဖွဲ့က NUG အား “အကြမ်းဖက် အဖွဲ့အစည်း” အဖြစ် ကြေညာကာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကို ပယ်ချထားပြီး ဖြစ်၍ ငြိမ်းချမ်းစွာ အဖြေရှာရေးသည် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေသည်။

ကုလ အနေဖြင့် NUG အား အသိအမှတ်ပြုမည် ဆိုက ကုလ အေဂျင်စီ များ အနေဖြင့် နယ်ခြား ဖြတ်ကျော် အကူအညီ ပေးနိုင်ရေး အတွက် သဘောတူညီချက်များ ရရှိလာနိုင်မည် ဖြစ်သည်။ NUG ၏ ကာကွယ်ဆေး ထိုးပေးရေး အစီအစဉ်များ နှင့် လူလူချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် တွန်းအားများ ဖြစ်ပေါ်လာပေမည်ဟု ချေပပြောဆိုမှု များလည်း ရှိနေသည်။

NUG အဖို့ ကုလ တွင် အပြည့်အဝ အောင်ပွဲ ခံနိုင်ရန် အရေး မှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံ အနက် သုံးပုံ နှစ်ပုံ မဲ ၁၃၀ ရဖို့ လိုနေသည်။ အဖြစ်နိုင်ဆုံး ရလဒ်သည်က လက်ရှိ အနေအထား အတိုင်း ဆက်လက် ထားရှိသွားခြင်းပင် ဖြစ်သည်။ ထိုသို့ ဖြစ်လာက ဦးကျော်မိုးထွန်းအား သံအမတ်ကြီး အဖြစ် တဖန် ပြန်လည် အသိအမှတ် ပြုဖို့ လိုလာသည်။




ထိုအနေအထားသည် NUG အတွက် အပြည့်အဝ အောင်ပွဲ ခံသည့် သဘော မသက်ရောက်သော်လည်း ကုလ မှ စစ်အာဏာသိမ်း အဖွဲ့ အား အသိအမှတ်ပြုရန် ငြင်းပယ်လိုက်မှု အတွက် ကျေနပ်စရာ တော့ ဖြစ်လာနိုင်သည်ဟု အရှေ့တောင်အာရှ ဆိုင်ရာ ဝါရင့် သတင်းစာဆရာ Tom Fawthrop မှ ဂျပန် အွန်လိုင်း မဂ္ဂဇင်း ဖြစ်သော The Diplomat တွင် “Who will win the battle for Myanmar’s UN seat” ခေါင်းစဉ်ဖြင့် ရေးသားထားသည်။

ကုလ သမဂ္ဂ အဖို့ လူပေါင်း ၁,၂၀၀ ကျော်အား သတ်ဖြတ်ထားပြီး ထောင်ပေါင်းများစွာ ကို ဖမ်းဆီး နှိပ်စက်နေသော အာဏာသိမ်း အဖွဲ့၏ ကိုယ်စားလှယ်အား အသိအမှတ် ပြုဖို့ ဆိုသည်က ကုလ ၏ ပဋိညာဉ်စာတမ်း ကို အမှိုက်ပုံးထဲ ပစ်ထဲ့လိုက်ခြင်းနှင့် မည်သို့များ ခြားနားပေဦးမည်နည်း။

မည်သို့ပင်ဆိုစေ မြန်မာပြည်သူများ အတွက် မိမိတို့ ထောက်ခံသည့် အမျိုးသား ညီညွတ်ရေး အစိုးရအား ကုလ မှ အသိအမှတ် ပြုခံရဖို့ နှင့် အာဏာသိမ်း အဖွဲ့ အား ကမ္ဘာစင်မြင့်တွင် ‌နေရာ အပေးမခံရရေး သည် နွေဦး တော်လှန်ရေး အောင်မြင်ရန် အတွက် တဖက်တလမ်း မှ အထောက်အကူ ပြုမည့် သဘောဆောင်နေ၍ လွန်စွာ အရေးကြီးလှသော တိုက်ပွဲ ခေါ်သံ ကြီး ဖြစ်လာနေပေသည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai