Local News

၁၉၉၅ နဲ့ ၂၀၀၀ ခုနှစ် ဝန်းကျင် အံ့ဖွယ် ဒေါ်လာအစားထိုး FEC စနစ် နှင့် ဒေါ်လာမှောင်ခိုဈေးကွက်ကြီးအကြောင်း

အံ့ဖွယ် ဒေါ်လာအစားထိုး FEC စနစ် နှင့် ဒေါ်လာမှောင်ခိုစျေးကွက်

ဦးသန်းရွှေ ခေတ်ကောင်းစဥ် ၁၉၉၅ နဲ့ ၂၀၀၀ ခုနှစ် ဝန်းကျင်တွေမှာ မြန်မာ နိုင်ငံသားမှန်သမျှ နိုင်ငံခြားငွေ (အထူးသဖြင့် အမေရိကန် ‌ဒေါ်လာ) ကို လက်ဝယ် ကိုင်ဆောင်ခွင့် မရှိပါဘူး။

မိမိမှာ ရှိတဲ့ ‌ဒေါ်လာကို အုပ်ချုပ်သူတွေဆီ အပ်ပြီး သူတို့ ပြန် ပေးတဲ့ FEC ခေါ် စာရွက်ပိုင်းကို ‌ဒေါ်လာအစား သုံးစွဲရပါတယ်။ နိုင်ငံခြားသားတွေလည်း လေဆိပ်ရောက်ရင် သူတို့မှာ ပါတဲ့ ‌‌ဒေါ်လာတွေကို FEC လဲသုံးရတယ်။





အက်ဖ်အီးလို့ အလွယ်ခေါ်တဲ့ FEC စနစ်ကို မြင်အောင် ပြောရရင် မိတ်ဆွေရဲ့ ရွှေ ၁ ကျပ်သားကို သိမ်းပြီး အလေးချိန်တူ ကျောက်ခဲ ၁ ကျပ်သားကို ပြန်ပေးတဲ့ စနစ်ပါ။

ကျောက်ခဲကို ရွှေအမှတ်နဲ့ သုံးပေတော့ပေါ့။ ဆိုတော့.. FEC ဟာ(ဘာတန်ဖိုးမှ မရှိသော်ငြားလည်း) ပြည်တွင်းမှာတော့ အမိန့်နဲ့ အတင်းအကြပ် သုံးခိုင်းတဲ့အတွက် အထိုက်လျှောက် သုံးလို့ ရတယ်။ ပြည်ပမှာတော့ စက္ကူက စက္ကူပါပဲ။

နိုင်ငံခြားသားတွေအနေနဲ့ လေဆိပ်က ပြန်ထွက်ရင် သုံးလို့ ပိုနေတဲ့ FEC ကို ‌‌ဒေါ်လာ ပြန်ချိန်းခဲ့လို့ ရတယ်။ မြန်မာနိုင်ငံသားတွေကတော့ လေဆိပ်က ထွက်ထွက် ၊ လကမ္ဘာကို သွားသွား ‌ဒေါ်လာ ကိုင်ခွင့် လုံးဝ မရှိဘူး။





ဒီတော့ နိုင်ငံခြားသွားမယ့် သင်္ဘောသားတွေ၊ အလုပ်လုပ် ကျောင်းတက်မယ့်သူတွေ၊ အခြားလေဆိပ်မှာ show money ပြရမယ့် သူတွေ၊ import လုပ်ငန်းတွေရဲ့ ဒေါ်လာ လိုအပ်ချက်၊ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ (၁ ဒေါ်လာ = ၇ ကျပ်) ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ၂၀၀၀ ခုနှစ် ဝန်းကျင်မှာ ‌ဒေါ်လာ မှောင်ခို စျေးကွက်ကြီး ပြည်တွင်းမှာ အဆမတန် ကြီးထွား လာခဲ့တယ်။

ရန်ကုန်မှာ ဆိုရင် ဆူးလေ တစ်ဝိုက်နဲ့ ဧမာနွေလ ဘုရားကျောင်းဘေး၊ မဂိုလမ်းတို့ဟာ ‌ဒေါ်လာ မှောင်ခိုစျေးကွက်ရဲ့ ပင်မ နေရာတွေပါ။

တရားဝင် စျေးကွက်မဟုတ်တာကြောင့် နှစ်ဦးနှစ်ဖက် မြန်မြန်ပေး မြန်မြန်လဲ မြန်မြန်ပြေး စနစ်နဲ့ လုပ်ကြရပြီး အငြင်းပွားမှုတွေ၊ လိမ်လည်မှုတွေ၊ လဲတဲ့ငွေ အပြည့်မရ မှုတွေလည်း အမြဲလိုလို ပေါ်ပေါက်နေတဲ့ ပြသနာ စျေးကွက်ကြီးပါ။ လူတွေ အတော် ဒုက္ခ ရောက်ကြပါတယ်။





မြန်မာ နိုင်ငံသားတွေဟာ မှောင်ခိုစျေးကွက်ကနေ စွန့်စွန့်စားစား လဲခဲ့တဲ့ ‌ဒေါ်လာ အချို့ကို ပြည်ပ ယူသွားရင်လည်း ဖိနပ်ထဲ ထည့် ၊ မမြင်နိုင်တဲ့ နေရာတွေမှာ ဖွက်ပြီး ပုန်းလျှိုးကွယ်လျှိုး ယူသွားရသလို ပြည်ပက ပြန်သယ်လာရင်လည်း ဖွက်သယ်လာရတယ်။

ဖိနပ်ထဲ ဖွက်သယ်လို့ ခေါက်ရိုးကျိုးနေတဲ့ ဒေါ်လာတွေကို မှောင်ခိုစျေးကွက်မှာ လဲရင်လည်း စျေးနှိမ် ခံရပြန်ရော။ တကယ့် ခေတ်ပျက် ခေတ်ဆိုး

ခေတ်ကြပ်ကြီးပါ။ ထိုစဥ်က တစ်ဒေါ်လာကို မြန်မာငွေ ၉၀၀ကျပ် ကနေ ၉၅၀ အထိ အတက်အကျ စျေးပေါက်ပြီး အမြင့်ဆုံး ၁၀၀၀ ကျပ်အထိ အရောင်း အဝယ် ဖြစ်တာတွေလည်း ရှိပါတယ်။





လက်ရှိ အချိန်မှာ မြန်မာငွေတန်ဖိုး ဆက်တိုက် ကျနေတာကြောင့် ပြင်ပမှာ တစ်ဒေါ်လာကို ၁၈၅၀ အထိ အမြင့်ဆုံး စံချိန် တင်ထားပြီး အရွက်သန့် ၊ နောက်ဆုံး series ဆိုရင် ၁၉၀၀ အထိ စျေးဖြစ်နေပါတယ်။

ဗဟိုဘဏ်က သတ်မှတ်စျေးက တစ်ဒေါ်လာကို ၁၇၀၀ အောက်သာ ရှိတာကြောင့် ပြင်ပမှာ မှောင်ခို လဲလှယ်မှုတွေ စတင် ဖြစ်ပေါ်နေပါပြီ။

အခြေအနေတွေကို အချိန်မှီ မထိန်းချုပ်နိုင်ရင်တော့ မကြာခင်မှာပဲ ဒေါ်လာ မှောင်ခို စျေးကွက်ကြီး ပီပီပြင်ပြင် ဖြစ်ပေါ်လာဖို့ ရှိသလို တစ်ချိန်က ကျင့်သုံးခဲ့တဲ့ FEC စနစ်တွေပါ ပြန်လည် ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။ …





စိုးနေ့သစ်