Local News

စစ်ကောင်စီဖက် ဘက်လိုက်ကာ သံတမန်ရေး မူဝါဒကို စွဲကိုင်ကာ ပြောဆိုနေခြင်း

စစ်ကောင်စီ နှင့် လက်ဝါးချင်း ရိုက်ကာပြောလိုက်သည့်အထာမျိုးနှင့် အာဆီယံ သံတမန်၏ လေးလကြာ အပစ်ရပ်ရန် တောင်းဆိုမှု

အာဆီယံ အထူး သံတမန် မှ လူလူချင်း စာနာထောက်ထားသည့် အကူအညီ ပေးရေး အစီအစဉ်များ ချောမွေ့စွာ လည်ပတ်နိုင်ရေး အတွက် သက်ဆိုင်သူများ အားလုံးမှ လေးလကြာ အပစ်ရပ်ရန် တောင်းဆိုချက် ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုတောင်းဆိုချက်ကို အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံ ဝဏ္ဏမောင်လွင်နှင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး စစ်တပ်ဖက်မှ လက်ခံသည်ဟု ဆိုသည်။




၎င်း၏ တောင်းဆိုချက်သည် နိုင်ငံရေး အရ အပစ်ရပ်ရန် မဟုတ်ဘဲ နှစ်ကုန်သည့်အထိ တိုက်ပွဲများ ရပ်ဆိုင်း ထားရန် တောင်းဆိုခြင်း သာ ဖြစ်သည်ဟု ဆိုသည်။

ပြည်သူများ၏ ထောက်ခံမှု ရရှိထားသော အဓိက နေရာ မှ ပါဝင်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရအဖို့ ၎င်း၏ တောင်းဆိုချက်ကို သတင်းများ ဖတ်၍ သာ သိခွင့်ရမည့် သဘော ဖြစ်သည်။

ယခုထက်တိုင် ဟန်ဆောင် ပန်ဆောင် မဆွေးနွေးနိုင် ဖြစ်နေရသည်ကပင် အာဏာသိမ်း အဖွဲ့ကို အစိုးရ တရပ်အဖြစ် အသိအမှတ်ပြုထား သည့် ဘက်လိုက်သော သံတမန်ရေး မူဝါဒကို စွဲကိုင်ကာ ပြောဆိုနေခြင်း ဖြစ်သည်။




လက်ရှိ အနေအထားသည် ပြည်သူများအနေနှင့် မိမိတို့ အပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခွင့် ပေးထားသည့် မင်းအောင်လှိုင်၏ လက်ပါးစေများကို နိုင်ငံ အနှံ့ ရရာ လက်နက်စွဲကိုင်ပြီး

တော်လှန်နေကြခြင်း ဖြစ်ပြီး အဖွဲ့ အစည်းတခု တည်း၏ ဦးဆောင်မှု အောက်တွင် ရှိမနေ ဆိုသည်ကို ယူဆွတ်တယောက် မေ့လျော့ နေပုံ ရှိသည်။ မမေ့လျော့ဟု ဆိုလျှင် နိုင်ငံရေး အရ ခြေထိုးခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

တရုတ်၏ အထူး သံတမန်သည် တပတ်ကြာ လာရောက်ပြီး စစ်ကောင်စီ နှင့် လက်ဝါးချင်း ရိုက်ကာ “ခင်ဗျားတို့ ဖက်က ဒီလို ပြောလိုက်၊ သူတို့ လက်ခံ အောင် ကျွန်တော် ပြောပြီးပြီ” ဆိုသည့် အထာ မျိုးဖြစ်ကာ ယခင်က ထိုအကြောင်း တခွန်းတလေမျှ စကားဟ ခဲ့ခြင်း မရှိသော အာဆီယံ ဖက်က အသံထွက်လာခြင်းလည်း ဖြစ်သည်။




အာဆီယံ သည် မြန်မာ့အရေး ဖြေရှင်းရာတွင် မျှော်လင့်ချက် သုံညအထိ ဖြစ်လာပြီး ယုံကြည်မှု ကျဆင်း လာသည်ကို ပြန်လည် မြှင့်တင်ရန် ကြံစည်လာသည့် ဂမူးရှူးထိုး လုပ်ရပ် တခု ထက် မပိုပေ။

အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာ နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေးသည် ပဓာန ကျလှ၍ စစ်ကောင်စီ မှ ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးမည် ဆိုက အနည်းငယ် သဘာဝ ကျပေသည်။

ထိုကာလအတွင်း မည်သူ တဦးတယောက်ကိုမျှ ဖမ်းဆီးခြင်း၊ မြေလှန်ရှာဖွေခြင်းများ မလုပ်ပါဟုကော ကတိပေးနိုင်မည်လော။ အရေးပေါ် ညမထွက်ရ အမိန့် ကြေညာထားသည်ကိုကော ရုပ်သိမ်းပေးမည်လော၊ ထိုအရေးများ ကို အရင် လိုက်လျောနိုင်မှသာ ရှေ့လျှောက် စကားပြောသင့်သည်။




သို့မဟုတ်ပါက ၎င်းတို့ အာဏာ ကို ခိုင်မြဲသည်ထက် ခိုင်မြဲအောင် အင်္ဂတေ လောင်းရုံသက်သက် အပစ်အခတ် ရပ်စဲရေး ဆိုသည်အား မည်သူက ကော လက်ခံ နိုင်ပေဦးမည်နည်း။ သူတို့ အဖို့ ဖိုးကျိုင်းတုတ် ဖြစ်သွားစေမည့် တောင်းဆိုမှုမျိုးသာ ဖြစ်ပေသည်။

၎င်းကိုယ်တိုင်ပင် ပြည်ဝင်ခွင့် ရဖို့ မသေချာ သေးသည့်အချိန်တွင် ယခုလို ရုတ်ခြည်း ထ၍ တောင်းဆိုလာ ခြင်းသည် အတွေး အခေါ်ပိုင်းတွင် အာဏာရူးတို့ နှင့် နင်လားငါလား အဆင့်သာ ရှိသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

အပစ်အခတ် ရပ်စဲရေး တောင်းဆိုတိုင်း အားနည်းသည့် ဖက်က အရင်စလို သဘောတူညီကြစမြဲ ဖြစ်သည်က ဓမ္မတာပင်၊ ၎င်းတို့ နိုင်ခြေ ရှိပါလျှင် ယခုကဲ့သို့ တောင်းဆိုလာခြင်းကို လိုက်လျောသည့် ထုံးစံမျိုးမရှိပေ။




လက်ရှိတွင် အမှောင်တကာ အမှောင်မိုက်ဆုံးကာလ ကို ဖြတ်သန်းနေရသော မြန်မာပြည်သူများ၏ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခွင့် ဆိုသော အနည်းဆုံး မျှော်လင့်ချက်များနှင့်

အနာဂတ်များ ဖျက်ဆီးခံလိုက်ရမှု ကိုကော အာဆီယံ မှ ပေးလာမည့် ဆန်ဆီဆား၊ ခေါက်ဆွဲခြောက်၊ ခြုံစောင် များဖြင့် မည်သို့ မည်ပုံ ပြန်လည် တည် ဆောက်ပေးနိုင်ပေမည်နည်း။

ထိုသို့ စိတ်ကူးထားခြင်း မရှိဘဲနှင့်တော့ မြန်မာ ပြည်သူများကို အာဖရိက ရှိ bush people အဆင့်သာသာ သဘောထား ဆက်ဆံနေသည်မှာ ထင်ရှားနေပြီ ဖြစ်သည်။




အရေးတော်ပုံ အောင်ရမည်!!!

Hla Soe Wai