Breaking News sports နောက်ဆုံးရသတင်းများ

🔴 ရုရှား-ယူကရိန်း ပြဿနာ အားကစားလောကကိုပါ ရိုက်ခတ် ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကို ရုရှား မှာ မကျင်းပ တော့

ဖေဖော်ဝါရီ ၂၅

ရုရှား က ယူကရိန်း ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ယူအီးအက်ဖ်အေ က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို ရုရှားနိုင်ငံ မှာ မကျင်းပဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို မူလက ရုရှား နိုင်ငံ စိန့်ပီတာစဘာ့ဂ် မှာ မေလ ၂၈ ရက် နေ့ ကျင်းပဖို့ စီစဉ်ထားပေ မယ့် ယူအီးအက်ဖ်အေ က အခြားတစ်နေရာမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

ရုရှား နဲ့ ယူကရိန်း ဘောလုံး အသင်းနှစ်သင်းစလုံး ဟာ မတ်လအတွင်း ကမ္ဘာ့ ဖလား ဝင်ခွင့်အတွက် ရှုံးထွက်ပွဲ တွေ ကစားဖို့ ရှိနေပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဖီဖာ ကပြောကြားပါတယ်။

ယူကရိန်း ပြည်တွင်း ဘောလုံးလိဂ် ကို ဆောင်းရာသီနားရက် ကာလပြီးဆုံးပြီးနောက် ဒီသီတင်းပတ် အတွင်း ပြန် စတင် ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆက်ပြီး ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

 

ဒီယေးဂို အာမာနို မာရာဒိုနာ ဘောလုံးကွင်းမှာ ယူရိုပါလိဂ် ပွဲ မစခင် ဘာစီလိုနာ နဲ့ နာပိုလီ အသင်းသားတွေ က စစ်ပွဲ ရပ်ဆိုတဲ့ စာတန်း ကို ကိုင်ဆောင်ပြီး ရုရှား ရဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြပါတယ်။

ယူကရိန်း ရဲ့ ထာဝရ ဂိုးသွင်းဘုရင် ဖြစ်ပြီး လက်ရွေးစင် အသင်း ကိုကိုင်တွယ်နေတာ ငါးနှစ်ရှိပြီဖြစ်တဲ့ ချယ်လ်ဆီး နဲ့ အေစီမီလန် တိုက်စစ်မှူး ဟောင်း ရှက်ရှန်ကို က ရုရှား အနေနဲ့ ရန်လိုနေတာတွေ နဲ့ နိုင်ငံ တကာဥပဒေ တွေ ကို ချိုးဖောက်နေတာ ရပ်တန့် ဖို့ တိုက်တွန်းထားပါတယ်။

 

ယူကရိန်းသား ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဟောင်း ကလစ်ချ်ကို ကလည်း ရုရှား ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပ ဒေတွေ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်ကြောင်း ပြောကြားပါတယ်။

ရုရှား ရဲ့ ယူကရိန်း ကိုကျူးကျော် တိုက်ခိုက်မှုကြောင့် ဖော်မြူလာဝမ်း ကားမောင်း ပြိုင်ပွဲ ကို ဖျက်သိမ်းမှာ ဖြစ်သလို ရုရှား ကုမ္ပဏီ တွေ ဆီကစပွန်ဆာ ရထားတဲ့ ဘောလုံး အသင်းတွေ လည်း စပွန်ဆာ ကို ပယ်ဖျက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။