နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က သေဆုံးခဲ့တဲ့ အီဂျစ်ကိုယ်ဝန်ဆောင်သည်မံမီရုပ်အလောင်းရဲ့မျက်နှာကို သိပ္ပံပညာရှင်တွေ ပြန်လည်ပုံဖော်
မှုခင်းဆေးပညာဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က သေဆုံးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးအီဂျစ်ကိုယ်ဝန်ဆောင်သည်မံမီရုပ်အလောင်းရဲ့မျက်နှာကို 2D နဲ့ 3D နည်းပညာတွေနဲ့ပြန်လည်ပုံဖော်ပေးခဲ့ကြပါတယ်။
“The Mystery Lady” လို့ သိကြတဲ့ အဲဒီမံမီက အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်ကြားဖြစ်ပြီး ကိုယ်ဝန် (၂၈) ပတ်အကြာမှာ သေဆုံးသွားခဲ့တာလို့ ယူဆရပါတယ်။ အခုဆို သိပ္ပံပညာရှင်တွေဟာ အဲဒီမံမီရုပ်အလောင်း အသက်ရှင်နေတုန်းက ဘယ်လိုပုံစံရှိလဲဆိုတာ ပြသနေတဲ့ ရုပ်ပုံ (၂) ခု ထုတ်ဖို့ သူ့ရဲ့ဦးခေါင်းခွံနဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အသုံးပြုခဲ့ပါတယ်။
အရိုးတွေနဲ့ ဦးခေါင်းခွံတွေက လူတစ်ယောက်ချင်းရဲ့မျက်နှာနဲ့ပတ်သက်ပြီး အချက်အလက်များစွာ ပေးတယ်။ အတိအကျကြီး ပုံတူဖြစ်တယ်လို့ မယူဆနိုင်ပေမဲ့ ခန္ဓာဗေဒဆိုင်ရာအစိတ်အပိုင်းတွေလို ဦးခေါင်းခွံက ထူးခြားပြီး နောက်ဆုံးမျက်နှာမှာ ပေါ်လာမယ့် ပုံစံနဲ့ အချိုးအစားတွေကို ပြသတယ်။
အရိုးဖွဲ့စည်းပုံကို ဖုံးကွယ်ထားတဲ့မျက်နှာက မတူညီတဲ့ ခန္ဓာဗေဒဆိုင်ရာ စည်းမျဉ်းတွေအတိုင်းပါပဲ။ ဒါကြောင့် မျက်နှာကို ပြန်ပုံဖော်ဖို့၊ နှာခေါင်းပုံစံကို ပြန်ပုံဖော်ဖို့ စံလုပ်ထုံးလုပ်နည်းတွေကို အသုံးပြုလို့ရတယ်။
အရေးကြီးဆုံးအစိတ်အပိုင်းက မျက်နှာအရိုးတွေရဲ့အပေါ်ယံက နူးညံ့တဲ့ တစ်သျူးတွေအလွှာတွေကို ပြန်တည်ဆောက်တာဖြစ်တယ်။ အဲဒီအတွက်ကတော့ ကမ္ဘာ့တစ်ဝှမ်းက အမျိုးမျိုးသောလူဦးရေကိန်းဂဏန်းအချက်အလက်တွေရှိပါတယ်လို့ အီတလီလူမျိုးမှုခင်းဆေးပညာဆိုင်ရာပညာရှင်နဲ့ Warsaw Mummy Project ရဲ့အဖွဲ့ဝင် ချန်တယ် မီလာနီက ပြောပါတယ်။
ကိုယ်ဝန်ဆောင်သည်မံမီကို ၁၈၀၀ပြည့်နှစ်အစောပိုင်းမှာ အီဂျစ်အထက်ပိုင်း၊ သီးဘီးစ်မြို့ရှိ တော်ဝင်သင်္ချိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ၁၈၂၆ ခုနှစ် ဒီဇင်ဘာမှာ အီဂျစ်ကနေ ပိုလန်နိုင်ငံ၊ ဝါဆောမြို့ကို သယ်ဆောင်လာခဲ့ပါတယ်။ အစကတော့ ယဇ်ပုရောဟိတ် Hor-Jehuti ရဲ့အကြွင်းအကျန်လို့ ယူဆခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်ကမှ အဲဒီမံမီရုပ်အလောင်းက အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။
The Mystery Lady ရဲ့ ခန္ဓာကိုယ်ကို အဝတ်တွေနဲ့ ပတ်ထားပြီး နောက်ဘဝကို ရောက်ဖို့ အဆောင်လက်ဖွဲ့တွေနဲ့ ထားထားပါတယ်။ လက်ရှိမှာတော့ သူ့ကို ဝါဆောမြို့က အမျိုးသားပြတိုက်မှာ ပြသထားပါတယ်။
ဝါဆောတက္ကသိုလ်က သုတေသီတွေနဲ့အတူ ချန်တယ်မီလာနီအပါအဝင် မှုခင်းဆေးပညာဆိုင်ရာကျွမ်းကျင်သူ (၂) ဦးက မံမီရုပ်အလောင်းရဲ့မျက်နှာကို ပြန်လည်ပုံဖော်ဖို့ 2D နဲ့ 3D နည်းနှစ်မျိုးလုံးကို အသုံးပြုပြီးတော့ ပြန်လည်ဖန်တီးချင်ခဲ့တာပါ။ မျက်နှာပြန်လည်ပုံဖော်ထားတာကို ကာတိုဝိစာမြို့ရဲ့ Silesia Museum မှာ မြင်တွေ့ရနိုင်ပါတယ်။