Manu

စီနီယာ ကစားသမားဖြစ်ပေမယ့် ရော်နယ်လ်ဒိုဟာ ယူနိုက်တက်မှာ ဖာနန်ဒက်စ်အတွက် အကူအညီ မဖြစ်ခဲ့ကြောင်း ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ဆော်ဒီကလပ်အယ်နာဆာ အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုအနေဖြင့် ယူနိုက်တက်အသင်းမှာ ရှိစဉ်က ယူနိုက်တက်အသင်းမှာ အဓိက ကွင်းလယ်ဖန်တီးရှင်အဖြစ် တာဝန်ယူကစားပေးနေတဲ့ ပေါ်တူဂီအသင်းဖော် ဖာနန်ဒက်စ်နဲ့ အတွဲအဖက်မမိခဲ့ကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

၂၀၂၁ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ယူနိုက်တက်အသင်းကို ပေါ်တူဂီဝါရင့်တိုက်စစ်မှုး ရော်နယ်ဒိုအနေဖြင့် ပုံပြင်ဆန်ဆန် အမှတ်မထင် ပြန်လည် ရောက်ရှိလာခဲ့အပြီးမှာ ၂၀၂၁ – ၂၂ ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းရဲ့ အပေါ်မှာ များစွာလွှမ်းမိုးခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုက အဆိုပါ ဘောလုံးရာသီတွင် စုစုပေါင်းပြိုင်ပွဲစုံ သွင်းဂိုး ၂၄ဂိုးဖြင့် အို့ထရက်ဖို့ဒ်ကလပ်အတွက် ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကွင်းအတွင်းမှာလည်း ရော်နယ်ဒိုကသာ ဦးစားပေးကစားသမား အဖြစ် ရပ်တည်နေခဲ့တဲ့ အပေါ် အချို့ကစားသမားတွေအတွက် အားရမှုနည်းပါးနေတဲ့ အကြောင်း ဖာဒီနန်က ရည်ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမားဖြစ်တဲ့ ရီယိုဖာဒီနန်က အသက် ၂၈နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်ကစားသမားအနေဖြင့် ရော်နယ်ဒို မရှိချိန်တွင် ပိုမိုခြေစွမ်းပြ ကစားလေ့ရှိကြောင်းနဲ့ နည်းပြ တန်ဟတ်ရဲ့ လက်ထက်မှာ ရော်နယ်ဒိုမပါမှ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေနိုင်လျှက်ကြောင်း ထောက်ပြပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်က ရော်နယ်ဒို မပါဝင်တဲ့အခါမှာ ပိုကောင်းနေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ယူကျူ့ရှိုးအစီအစဉ်တစ်ခုတွင် ဖာဒီနန်က “ရော်နယ်ဒို ယူနိုက်တက်အသင်းမှာ ရှိစဉ်က သူနဲ့ ဖာနန်ဒက်စ် အကြားမှာ ချိတ်ဆက်မှု အတော်နည်းခဲ့ပုံပါပဲ။ ဖာနန်ဒက်စ်ရဲ့ ကစားပုံက ရော်နယ်ဒိုကို ထုတ်ပယ်လိုက်အပြီးမှာ အတော်လေး သိသိသာသာကောင်းမွန်လာတာပါ” “ဖာနန်ဒက်စ်အတွက် ရော်နယ်ဒိုရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ ဦးစားပေးခံရမှုတွေအကြားမှာ ကစားတဲ့ အခါ ကစားရပိုကြပ်နေသလိုပါပဲ” “အရင်ကဆို ကျွန်တော်ရှေ့မှာ ကစားနေကြတဲ့ စခိုးလ်နဲ့ ကာရစ်တို့က နံပါတ် ၉နေရာက တိုက်စစ်ကသမားကိုသာ ဦးစားပေးဖန်တီးနိုင်ရန် အာရုံစိုက်နေကြတာပါ”

“ဖာနန်ဒက်စ်ကတော့ ဒီလိုမဟုတ်ဘဲ သူကိုယ်တိုင် ဦးစားပေးကစားသမားအဖြစ် ရှိနေချင်ပြီး ‘ကျွန်တော်ကို ဦးစားပေး ဘောလုံးပေးကစားကြပါ။ ဒီအသင်းရဲ့ ရလဒ်ပိုင်းကို ပြောင်းလဲပေးပါ့မယ်’ ဆိုတဲ့ ပုံမျိုး ပေါ်နေပါတယ်”

“သူက ဒီလိုပုံစံမျိုးနဲ့ ထိုက်တန်ရဲ့ လားဆိုတာကို မပြောတတ်ပေမဲ့ အခု ယူနိုက်တက်အသင်းမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းပိုင်းတွေကို မြင်နေကြရပါပြီ။ ဒါက ဘာလို့လဲဆိုတော့ သူအနေနဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရနေတာကြောင့်ပါ”လို့ ထောက်ပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။