ကျွန်မကတော့ အဖိုးတွေ အဖွားတွေ အသက်ကြီးသူတွေနှင့် အထိအတွေ့များခဲ့လို့လားမသိ.. လူကြီးတွေကို ချစ်ခင်ကြင်နာစိတ်ရှိသလို အဖော်ပြုလိုစိတ် တို့နှင့်အတူစကားစမြည်ပြောလိုစိတ်တွေလည်းရှိသည်
ကျွန်မတစ်ခါ မြို့ထဲမှာ ကော်ပီကူးနေတုန်း အဖိုးနှင့် အဖွား လင်မယား၂ယောက်ဝင်လာပြီး စာရွက်စာတမ်းလေးတွေ ကော်ပီလာကူးတာတွေ့ခဲ့ဖူးသည်အဖွားကတော့ အဖိုးကို လက်တွဲလို့..ရိုးရိုးတွဲထားတာမဟုတ်ဘဲ အားကိုးတကြီး တွဲခိုထားသော လက်မျိုးဖြစ်သည်..အဖိုးက သူ့ သားရေအိတ်ကလေးထဲက ပလတ်စတစ် အိတ်လေးကိုတစ်ခါထုတ်..
အဲဒီအထုတ်ကလေးကိုပဲ သားရေကွင်းနဲ့ ပတ်ထားသေးသည်..အဲဒီထဲက စာရွက်ကလေးတွေ တစ်ခါထုတ်ပြီး ကော်ပီကူးသူထံပေးမည်လုပ်ရာ..သူ့နောက်က စောင့်ရသူတွေမှာလည်း တုန်ချိတုန်ချိ အဖိုးကို စိတ်မရှည်နိုင်ကြသလို ကော်ပီဆရာကလည်း ဆောင့်ကြီးအောင့်ကြီးတွေလုပ်တော့သည်..ကော်ပီကူးပြီး ဒီစာရွက်ကလေးတွေ ပျောက်မှာ ပျက်မှာ စိုးလို့ သတိကြီးစွာထားပြီး ပြန်ထည့်နေပြန်တော့..
နောက်ကစောင့်နေရသူက စိတ်မရှည်ပုံဖြင့်..အရှေ့ကို တိုးအထွက် ဝင်တောင်တိုက်သွားသေး၏..ကျွန်မစာရွက်တွေ..ကတ်ပြားတွေကို စောင်းငဲ့ကြည့်လိုက်စဉ် အဖိုးမှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သည်..သူတို့လင်မယား လုပ်ငန်းကိစ္စပြီးသွားတော့ ထွက်သွားကြသည်
အဖိုးက လည်ကတုံး အကျီအဖြုလက်ရှည်လေးနှင့် အဖွားကလည်း ပါတိတ်လုံချည် ဝမ်းဆက်ကလေး သပ်သပ်ရပ်ရပ် ဝတ်ထားတာတွေ့လိုက်ရတော့..ရုံးကနားသွားပြီး စာရွက်စာတမ်းကိစ္စသွားလုပ်ကြမလို့ထင်ရဲ့ တွေးလိုက်မိသည်လူမှုပတ်ဝန်းကျင်တွင် သက်ကြီးရွယ်အိုများ အပေါ် လူငယ်တွေ မလေးမစား မချေမငံဆက်ဆံတတ်ကြသည်မှာ အလွန်ပင် ဝမ်းနည်းစရာဖြစ်သည်..
ကျွန်မ၏ အဖွားဖြစ်သူ ကလေးအထူးကုဆရာဝန်မကြီး(တကယ့် စီနီယာ ဆမ ၆၁..လန်ဒန်မှာ ကလေး ကျန်းမာရေးဘွဲ့ရခဲ့သူ..တစ်ချိန်က ဆေးရုံကြီးတစ်ခု၏ ဆေးရုံအုပ်ကြီး..)ကွယ်လွန်ခါနီး ဆေးရုံတက်ရတော့ မနေ့တစ်နေ့ကမှ ဆရာဝန်ဖြစ်လာပုံရသော ဆရာဝန်ပေါက်စများက ဒီအဖွားအိုကြီး တစ်ချိန်က ဘာလဲ..ဆိုတာကို မမြင်..မသိ..စိတ်မဝင်စား..စကားပြောရင် သံပြတ်နှင့်..
ဒီလိုမလုပ်ရဘူး..ဒါဖြုတ်ပေးလို့မရဘူး..ဒါစားပြီးပြီလား..ဒါကဒီလိုရှိတယ်..နှင့် တကယ့် အပေါ်စီးကနေ ဂါရဝတရား..အကြင်နာတရားလုံးဝမရှိဘဲ ဆက်ဆံခဲ့တာမျိုးတွေ တွေု့ကြုံခဲ့ရဖူး၏..
ကျွန်မကတော့ ဒါက ဆရာဝန်မကြီး..လို့စိတ်ပေါက်ပေါက်နှင့် ပြောခဲ့ဖူးသည်..အဲတော့မှ.. သြော်..ဟူ၍လုပ်သွားသည်..သူတို့မျက်စိထဲမှာ သေခါနီး လူမမာ အဖွားကြီး..လောက်သာမြင်ကြသည်..လေးစားသမှုမရှိချေ..ကျွန်မ အဖွားကို ကျွန်မသည် ညစဉ် ကျောကို ဆေးလိမ်းပေးပြီး နှိပ်ပေးခဲ့ရသည်အဲဒီအချိန်မှာ သူ့ဆီက စကားတွေအများကြီးနားထောင်ခဲ့ရသည်
ပြောပြီးသားတွေထပ်ပြောနေတာများသည်..ကျွန်မအတွက် နှလုံးသားထဲစိမ့်ဝင်နေသလိုဖြစ်ခဲ့ပြီး..ယခု အဖွားမရှိတော့မှ..သူဒီလောက်ပြောပြခဲ့တာတောင် ငါမသိလိုက် မမေးလိုက်ရတာတွေ အများကြီးပါလား..နှမျောတသဖြစ်ရသည်..