အိုးထရတ်ဖို့ဒ် မှာဘာစီလိုနာအသင်း ကို ခေါ်ပြီးဆုံးမအုံးမယ့် သခင်ကြီးယူနိုက်တက်(ပွဲကြိုသုံးသပ်ချက်)
ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပြိုင်ပွဲတွေနက် ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ရဲ့ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘိုင်ယန် နဲ့ PSG တို့ရဲ့ပွဲဟာ
ကြည့်ရှုသူပရိတ်သတ် (၄၄)သန်း ရှိခဲ့ချိန် တစ်ဆင့်နိမ့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် ရဲ့ ပြိုင်ပွဲတစ်ခုကတော့ ရုပ်သံကနေကြည့်ရှုသူ (၁၁၈)သန်းအထိ ရှိခဲ့ပါတယ်။
ဒါဟာ အမေရိကန်ဘောလုံးအားကစားပြိုင်ပွဲဖြစ်တဲ့ စူပါဘိုးလ်ပြိုင်ပွဲ ကိုကြည့်ရှုသူ ပရိတ်သတ်(၁၀၆)သန်း ထက် ပိုမိုများပြားတဲ့ အရေတွက်ဖြစ်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့အသင်းတွေကတော့ ဥရောပ ရဲ့ နန်းကျဘုရင်ပါးလို့တင်စားနိုင်တဲ့ မန်ယူနိုက်တဒ် နဲ့ ဘာစီလိုနာ တို့ပဲ ဖြစ်ပါတယ်။
ယနေ့ညမှာလည်း နန်းကျဘုရင်နှစ်ပါးဟာ နောက်တစ်ဆင့်တက်ရေး အဆုံးဖြတ်ပေးမယ့် ဒုကျော့ပွဲကို အိမ်မက်ပြဇာတ်ရုံမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး ပရိတ်သတ်သန်းရာကျော်က စောင့်ကြည့်ဖွယ်ရှိနေပါတယ်။
အဆိုပါပွဲစဉ်အတွက် ပွဲကြို သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။မန်ယူနိုက်တက် ဟာ နူးကမ့် မှာ လူမစုံတဲ့ကြားကပဲ ဇာဗီ ရဲ့ ပုံစံကောင်းရနေတဲ့အသင်းကို ရပ်တံ့စေခဲ့တဲ့ တန်ဟဂ် ဟာ အိမ်ကွင်းမှာတော့ လုံးဝအမှားအယွင်းအဖြစ်ခံမှာမဟုတ်တာသေချာပါတယ်။လေ့ကျင့်ရေးမှာ လူစုံတက်စုံရှိနေသလို ကြားရက်မှာလည်း ဂိုးပြတ်အနိုင်ရထားလို့ စိတ်ပိုင်းဆိုင်ရာတက်ကြွနေပါလိမ့်မယ်။
မားကပ်စ်ရရှ်ဖိုဒ့် ဂိုးသွင်းခြေက ရပ်တံ့လို့မရသေးသလို အိုးထရဒ့်ဖိုဒ့် မှာဆိုရင် စံချိန်တင်ပွဲဆက်ဂိုးသွင်းယူမှုနဲ့အတူ ဂိုးသွင်းခြေပိုတွေ့နေလို့ ဒီပွဲမှာလည်း ရရှ်ဖိုဒ့်ကို ရပ်တံ့ဖို့ ဇာဗီ အတွက် ခက်ခဲနေပါလိမ့်မယ်။
တန်ဟဂ် အတွက် အဓိက အားသာချက်က ပကျော့ကမပါဝင်နိုင်ခဲ့တဲ့ ဆဘစ်ဇာ နဲ့ မာတီနက်ဇ် ပြန်ပါဝင်လာသလို အားထားရတဲ့ နောက်ခံလူ ဗာရန်း ကို လည်း အနားပေးထားတာကြောင့်ယခုပွဲအတွက် ကြိုတင်ပြင်ဆင်မှုကောင်းကောင်းနဲ့ ချဉ်းကပ်ခွင့်ရထားတာပဲ ဖြစ်ပါတယ်။
ဇာဗီ ရဲ့အသင်းမှာ ထောက်တိုင်တွေလို့ ဆိုနိုင်တဲ့ ဂါဗီ နဲ့ ပက်ဒရီ မပါဝင်နိုင်သလို ဘူးစကွက် နဲ့ ဒမ်ဘီလီ လည်း ကြံခိုင်မှုမပြည့်ဝသေးပါဘူး။ဒီရာသီ ပုံစံကောင်းရနေရာမှာ ဘူးစကွက်၊ဒီဂျောင်၊ပက်ဒရီ၊ဂါဗီ အတွဲက အခရာကျနေပြီး နှစ်ယောက် မပါဝင်နိုင်တာက ဇာဗီ အတွက် နည်းစနစ်ပိုင်းအပြောင်းလဲပြုလုပ်ရနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
သူ့ရဲ့ ကွင်းလယ်(၂)ယောက်တန်း နှစ်ထပ်အသုံးပြုတဲ့ ဗျူဟာ ကို မပြင်ချင်ရင် ကတ်စီ နဲ့ ရော်ဘတ်တို ကို အသုံးပြုရဖွယ်ရှိပြီး ယူနိုက်တက် နဲ့ ကွင်းလယ်အားပြိုင်မှုအပိုင်းမှာ သေချာပေါက် ခေါင်းတစ်လုံးနိမ့်နေပါလိမ့်မယ်။ဘာစီလိုနာ အနေနဲ့ ဒီပွဲမှာ ရရှ်ဖိုဒ့် ကို ထိန်းချုပ်ဖို့ အာရူဂျိူ၊ကွန်ဒေး၊ခရစ်တယ်ဆန် နဲ့ ဘလိဒ် တို့ကို အသုံးပြုနိုင်ပြီး လျှင်မြန်မှုခြင်း အားပြိုင်လာနိုင်ပါတယ်။တိုက်စစ်မှာ ရာဖင်ဟာ၊ဒမ်ဘီလီ တို့လို
တောင်ပံလူတွေ ရှိတာကြောင့် ယူနိုက်တဒ် ကို ကွင်းလယ်အားမပြိုင်ပဲ ခံစစ်-တိုက်စစ် အကူးပြောင်းမြန်မြန် နဲ့ ထိုးဖောက် ကစားလာဖွယ်ရှိပါတယ်။ဒီအတွက်ကြောင့် နောက်တဆင့် တက်နိုင်ရေးမှာ လူစုံနေတဲ့ အိမ်ရှင် အသင်းကပဲ အသာရရှိမယ်လို့ ယူဆမိပါတယ်။