နည်းပြ တန်ဟက်ဂ်တောင်အဖြေရှာလို့မရတော့တဲ့ မာရှယ် ရဲ့ အခြေနေ
မန်ယူနိုက်တဒ်အတွက်ယခုရာသီမှာ မျှော်လင့်ထားသမျှ သဲထဲရေသွန် ဖြစ်ခဲ့ရတဲ့ အရာကတော့ အန်သိုနီမာစီရယ် ရဲ့ ဒဏ်ရာပြသနာဖြစ်ပါလိမ့်မယ်။
တန်ဟဂ် လက်အောက်မှာ ကစားသမားတိုင်းရဲ့တစ်ဦးချင်းခြေစွမ်း နဲ့ အသင်းလိုက်စုစည်းမှု တွေ တိုးတက်လာခဲ့ပေမယ့် မာစီရယ် ရဲ့ ဒဏ်ရာပြသနာကတော့ ဖြေရှင်းဖို့ အခက်ခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဆိုးလ်ရှား ရဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ အကောင်းဆုံးပုံစံကိုမြင်တွေ့ခဲ့ရပေမယ့် ဒဏ်ရာရှိနေလျက် ကစားခဲ့တဲ့ အကျိုးဆက်အဖြစ် ယခုရာသီအထိ ဒဏ်ရာနွံကြားနစ်နေဆဲဖြစ်ပြီး တန်ဟဂ် တစ်ယောက် နည်းလမ်းစုံအသုံးပြုကာ အဖြေရှာနေပေမယ့် မတွေ့ရှိသေးသလို ပြင်သစ်သားဟာလည်း မြက်ခင်းစိမ်း နဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။
မာစီရယ် ကယခုရာသီမှာ ဆောင်းဈေးကွက်ကမှ ရောက်ရှိလာတဲ့ ဝက်စ်ဂိုစ့် ထက် ကစားချိန်မိနစ် ပိုနည်းတယ်ဆိုတဲ့အချက်က အတော်လေး စိုးရိမ်စရာကောင်းနေပြီး လာမယ့် ပွဲစဉ်တွေအတွက်လည်းပါဝင်နိုင်ဖို့ မသေချာသေးဘူးဆိုတဲ့အချက်က ယူနိုက်တဒ်ကစားသမားအဖြစ် ရပ်တည်နိုင်ဖို့ပါ စိုးရိမ်ရလာပါတယ်။
အသင်းကြီးတစ်သင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ရမယ့် တိုက်စစ်မှုးတစ်ယောက်အနေနဲ့ ဂိုး(၂၀)အထက် သွင်းယူနိုင်ဖို့လိုချိန် မာစီရယ် ကတော့ တစ်ရာသီလုံးကို ဆေးအဖွဲ့နဲ့သာ အချိန်ကုန်နေတဲ့နောက် နည်းပြတစ်ယောက် ယုံကြည်ရမှုတွေက ကျဆင်းလာနိုင်ပါတယ်။
အထူးသဖြင့် ပွဲကစားချိန် မိနစ်(၂၀)လောက်ကစားပြီး လနဲ့ချီ ဒဏ်ရာရနေတဲ့ကစားသမားကိုဆုဖလားကြီးတွေ စိန်ခေါ်ရမယ့် လာမယ့်ရာသီမှာ အဓိက တိုက်စစ်မှုးအဖြစ် သတ်မှတ်ဖို့က ခက်ခဲလွန်းပါတယ်။
မာစီရယ် က ကမ္ဘာ့ဖလားမတိုင်ခင်ထဲက ဒဏ်ရာရနေတာဖြစ်ပြီးကြားမှာချာလ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ မိနစ်(၂၀)ခန့်ကစားပြီး ထပ်မံဒဏ်ရာရနေတာဖြစ်ကာ ကြားရက်ကစားမယ့် FA ဖလား ပွဲဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ပွဲကိုလည်း လွဲချော်ဦးမယ်လို့ တန်ဟဂ် က ဆိုပါတယ်။တန်ဟဂ် က”အန်သိုနီမာစီရယ် က မနက်ဖြန်ပွဲကို ပါဝင်ဖို့အသင့်မဖြစ်သေးပါဘူး။သူဘယ်တော့လောက် အသင့်ဖြစ်မယ်ဆိုတာ ပြောဖို့ ခက်နေသလို လာမယ့်တစ်ပတ်ကစားမယ့် ပွဲ(vs လီဗာပူးလ်)ကိုလည်း ပါဝင်နိုင်ဖို့ သံသယရှိပါတယ်”လို့ဆိုပါတယ်။
တဆက်ထဲမှာပဲ FAဖလားပွဲအတွက် ရှော နဲ့ ဖရဒ် ဟာလည်း ပါဝင်နိုင်ဖို့ မသေချာဘူးလို့ နည်းပြကြီးကဆိုပါတယ်။မာစီရယ် အတွက်တော့ ဒဏ်ရာတွေကနေ ပြန်လာနိုင်ခဲ့ရင်တောင် တန်ဟဂ် ရဲ့ စီမံကိန်းမှာ အဓိကနေရာကပါဝင်ဖို့ဆိုရင် အတော်လေး ရုန်းကန်ရဖွယ်ရှိပြီး တိုက်စစ်မှုးအသစ် ဝယ်ယူခဲ့ရင် သေချာပေါက် နံပတ်(၉)နေရာကိုစွန့်လွှတ်ရဖွယ် ရှိပါတယ်။