ကက်စမဲရိုးနဲ့ပက်သက်ပြီး နည်းပြ တန်ဟက်ဂ် အနာဂတ်မှာ အဖြေရှာရတော့မယ့် ပြသနာ
ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်ယူ ခေါ်ခဲ့တဲ့ ကစားသမားတွေထဲမှာ ကွင်းလယ်လူကက်စ်မီရိုက အသင်းအတွက် အဖိုးအတန်ဆုံး ကျောက်ကောင်းတစ်ပွင့် ဆိုရင်ဘယ်သူ ငြင်းမလဲ။
မြို့ခံပြိုင်ဘက် မန်စီးတီး တိုက်စစ်မှူး ဟာလန်း တစ်ယောက်ပရီးမီးယားလိဂ်မှာ ဂိုးတွေ ဒါဇင်နဲ့ချီပြီး သွင်းပြနေပေမဲ့ ဘရာဇီးကွင်းလယ်လူကိုဟာလန်းနဲ့ ဒဲ့လဲမယ်ဆိုရင် တောင် ငါးပိရည်နဲ့ အမဲနှပ်တော့ ဘယ်သူကလဲမှာလည်းလို့ သရဲနီ ပရိသတ် တွေ ဆိုကြပါလိမ့်မယ်။
အိုးလ်ထရက်ဖို့ဒ်ကိုအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းတစ်ယောက် ကျောခိုင်းသွားကတည်းကပျောက်သွားခဲ့တဲ့ ကွင်းလယ်ခံစစ်ပြယုဂ်ကို ဘရာဇီးသားနဲ့အတူ ဒီရာသီမှာပြန်တွေခဲ့ရတာဟာ အိပ်မက်ကဇာတ်ရုံအဖို့ အကောင်းဆုံး ဇာတ်ပို့အကယ်ဒမီဆုရှင်ကိုရလိုက်သလိုပါပဲ။
ဒါ့အပြင် ရီးရဲလ်ကွင်းလယ်လူဟောင်းဟာ ချန်ပီယံလိဂ် ဖလားကို၅ ကြိမ် အထိ ရထားတဲ့ အတွေ့အကြုံကောင်းတွေကလည်း ရှိနေသေးပြန်တော့ယူနိုက်တက်အတွက် အချိုပေါ် သကာဆင့်ဆိုသလိုမျိုး ဖြစ်လာခဲ့ပါတယ်။
နည်းပြအဲရစ်တန်ဟတ်ရဲ့ လက်ထက်မှာ အရင်တုန်းက ရှိခဲ့တဲ့ ကစားသမားတွေ ရောအသစ်ထပ်ရောက်လာတဲ့ ကစားသမားတွေပါ တိုးတက်မှုတွေ အများကြီးရှိလာခဲ့ပြီးအထူးသဖြင့် စည်းကမ်းပိုင်းနဲ့ စိတ်ဓာတ်ရေးရာတွေ အရမ်း ကောင်းခဲ့တာကိုထင်ထင်ရှားရှား တွေ့ရပါတယ်။
အဲဒီအထဲမှာတော့ကက်စ်မီရိုကထိပ်ဆုံးကပြေးနေပြီး ဘရာဇီးအသင်းဖော်ဖြစ်တဲ့ဖရက်ဒ်ကတောင်တကခေါင်းဆောင် ကောင်းတစ်ယောက်လို့ ချီးမွမ်းခဲ့ရလောက်တဲ့အထိ ကို အသင်းနဲ့ ထပ်တူကျခဲ့ပါတယ်။
ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာလောကကြီးဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာဖြစ်သလိုမန်ယူအတွက် ကက်စ် မီရိုတစ်ယောက် အရေးအပါဆုံး ကစားသမားဖြစ်လာတာနဲ့အမျှမန်ယူကွင်းလယ်မှာ ဘရာဇီးသား ပါဝင်ခွင့် မရတဲ့ ပွဲမျိုးဆိုရင် မန်ယူရဲ့ ကစားပုံဟာဆားမပါတဲ့ဟင်းချိုတစ်ခွက်လို ပေါ့ပျက်ပျက်ဖြစ်သွားတတ်ပြီး ပရိသတ်တွေခံတွင်း မတွေ့တဲ့ အဖြစ်မျိုးတွေ ရှိခဲ့ပါတယ်။
အာဆင်နယ်ကို ၃-၂ ဂိုးရလဒ်နဲ့ရှုံးခဲ့တဲ့ပွဲမှာဆိုရင် မန်ယူကွင်းလယ်ခံစစ်ပိုင်းရဲ့အားနည်းချက်ကိုကွက်ကွက် ကွင်းကွင်း မြင်ခဲ့ရတာဖြစ်ပြီး သရဲနီ ပရိသတ်တချို့ဆိုသူတို့အသင်းအတွက် အားမလိုအားမရဖြစ်ပြီး အာကြီးနဲ့ မန်ယူပွဲဟာကလေးနဲ့ လူကြီး ကစား နေတာလားလို့တောင် ထင်ခဲ့ရတယ်လို့မှတ်ချက်ပေးကြတာတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် အသင်းအတွက်အရေးအပါဆုံး ကစားသမားတစ်ယောက် ဖြစ်လာတဲ့အကျိုးဆက်ကတော့နည်းပြ အဲရစ်တန်ဟတ်ရဲ့ မန်ယူအတွက် ဦးစားပေး ဖြေရှင်းရတော့မယ့်ပြဿနာတစ်ခုပုံစံမျိုး ဖြစ်လာခဲ့ပြီး ကက်စ် မီရို မပါဘဲ ကစားပုံ ကောင်းတဲ့ယူနိုက်တက်ဖြစ်ဖု့ိအတွက် နည်းပြတန်ဟတ် တစ်ယောက် အဖြေရှာရတော့မှာပဲ ဖြစ်ပါတယ်။