ယူရိုပါလိဂ်ပထမအကျော့ဘက်တစ် နဲ့ ပွဲစဥ်မှာ အားထားရတဲ့ ကွင်းလယ်ဗိုလ်ချုပ် လွဲချော်ဖို့ရှိနေတဲ့ ယူနိက်တက်အသင်း
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ ဟာ လာမဲ့ ကြာသပတေးနေ့မှာ ရီးယဲလ်ဘက်တစ်အသင်းနဲ့ ရင်ဆိုင်ရမဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ရနိုင်တယ်လို့ သိရှိရပါတယ်။
ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းကို အန်ဖီးလ်မှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ မန်ယူနိုက်တက် ကွင်းလယ်လူ ကက်စီမဲရိုးက ဒဏ်ရာရရှိသွားခဲ့တာကြောင့် အခုလို ဘက်တစ်နဲ့ပွဲကိုပါ လွဲချော်ရနိုင်တာ ဖြစ်တယ်လို့ ESPN ကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်က ရှုံးပွဲကို bounce back ပြန်လုပ်နိုင်ဖို့အတွက် အခု ဘက်တစ်နဲ့ပွဲမှာ ရလဒ်ကောင်း ပြန်ယူနိုင်ဖို့ လိုအပ်နေတုန်း အသင်းရဲ့ အဓိကကစားသမားဖြစ်သူကက်စီမဲရိုးပါဝင်နိုင်ဖို့ မရေမရာ ဖြစ်နေတာက အသင်းအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။
အသက်(၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမားကြီး ကက်စီမဲရိုးဟာ ဒီရာသီမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၃၅)ပွဲအထိပါဝင်ကစားထားခဲ့ရင်း အသင်းရဲ့ (၅)ရာသီကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကိုပါ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ကစားထားနိုင်ပြီး အသင်းကို အကောင်းဆုံး အကျိုးပြုနေတဲ့ ကက်စီမဲရိုးဟာ လာလီဂါပြိုင်ဘက်ဟောင်း အသင်းတစ်သင်းဖြစ်သော ဘက်တစ်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ရင်ဆိုင်သွားရမဲ့ ဘက်တစ်အသင်းဟာပြီးခဲ့တဲ့ weekend ကပဲ လာလီဂါရဲ့ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကို ဂိုးမရှိသရေရအောင် ကစားထားနိုင်ခဲ့တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး လုံးဝကို လျှော့တွက်လို့မရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
လာလီဂါအမှတ်ပေးဇယားရဲ့အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ ဘက်တစ်ဟာ အိမ်ကွင်းထက် အဝေးကွင်းရလဒ် ကောင်းမွန်တာဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ ကစားရမဲ့ ပထမအကျော့ပွဲစဉ်အတွင်း အိမ်ရှင်ယူနိုက်တက်ကို ဘယ်လို အခက်တွေ့အောင် ကစားလာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။