Manu sports

အပြောကတော့ ရွှေမန်း ကတော့ချိူမိုင်မိုင်ကတဲ့ ဘက်တစ်ကို ယူရိုပါလိဂ်မှာဂိုးပြတ်ဝုန်းပြီးရွှေဘပြန်လာပြီလို့ဆိုလိုက်တဲ့ မန်ယူ

အပြောကတော့ ရွှေမန်း ကတော့ချိူမိုင်မိုင်ကတဲ့ ဘက်တစ်ကို ယူရိုပါလိဂ်မှာဂိုးပြတ်ဝုန်းပြီးရွှေဘပြန်လာပြီလို့ဆိုလိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ ကာစီမီရိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗက်ဂ်ဟော့စ်၊ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို လီဗာပူးလ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ၁၁ ယောက်နဲ့ပဲ ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ရီးရဲလ်ဘက်တစ်အသင်းကတော့ ဂိုးသမား ကလော်ဒီယို ဘရာဗို၊ ခံစစ်မှာ ပက်ဇယ်လာ၊ လူးဝစ် ဖလိပီ၊ ဆာဘာလီနဲ့ အက်ဘ်နာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဂီဒို ရိုဒရီးရက်ဇ်၊ ဝီလီယမ် ကာဗာလ်ယို၊ ဟိုအာကင်၊ လူးဝစ် ဟင်နရီကေးနဲ့ ဟွမ်မီတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အယိုဇီ ပီရက်ဇ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက အိမ်ရှင် သရဲနီတွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်လာတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဘက်တစ်ခံစစ်က ရှင်းထုတ်ပုံ မပီပြင်ဘဲ ကျန်နေခဲ့တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က တစ်ချက် ခေါက်ပြီးမှ အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးဘားအောက်ကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီအမှားကြောင့် ဂိုးပေးရအပြီးမှာတော့ ဘက်တစ်တို့အနေနဲ့ ခံစစ်မှာ တော်တော်လေး သတိကြီးကြီးထားပြီး ကစားသွားခဲ့သလို သူတို့ရဲ့ ကန်ချက်တစ်ကြိမ်ကနေ ဧရိယာထဲမှာ ဗက်ဂ်ဟော့စ် လက်ထိတယ်လို့ ပင်နယ်တီ တောင်းဖို့ ကြိုးစားခဲ့ပေမယ့် ဒတ်ချ်တိုက်စစ်မှူးရဲ့ ပခုံးစွန်းကိုပဲ ထိခဲ့တာကြောင့် ဒိုင်နဲ့ VAR တို့က ပယ်ချသွားခဲ့တာပါ။

ဗက်ဂ်ဟော့စ်ကတော့ တော်တော်လေးကို ချူချာလွန်းနေပြီး ကျိန်စာသင့်သလား မှတ်ရအောင် ဂိုးမရဘဲဖြစ်နေခဲ့သလို အန်တိုနီရဲ့ လှပတဲ့ ဖြတ်တင်ဘောကို မိုးပေါ်ထောင်ကန်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကတော့ ဒီနေ့မှာ မျှော်လင့်ထားသလောက် ထက်ထက်မြက်မြက် မရှိခဲ့ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဘက်တစ်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဟွမ်မီက ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်လာပြီးမှ ညာတောင်ပံကို တင်ပေးခဲ့ရာမှာ ဘောလုံးရသွားတဲ့ အယိုဇီ ပီရက်ဇ်က ဧရိယာအစပ်ကနေ ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဘယ်သူမှ မတားဆီးနိုင်လိုက်ဘဲ ဂိုးသမား ဒဟေးယားလည်း မကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ယူနိုက်တက်တို့ဘက်က ဒါလော့အစား ဝန်ဘစ်ဆာကာကို နည်းပြ တန်ဟတ်က ထည့်သွင်းပြီး ခံစစ်ကို လုံခြုံအောင် ဂရုစိုက်လာခဲ့သလို ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းအရှုံးကို တုံ့ပြန်ပြီး အိမ်ကွင်းမှာ ပရိသတ်တွေကို နှစ်သိမ့်မှု ပေးနိုင်ဖို့ ကစားအား တင်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၂မိနစ်မှာတော့ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘက်တစ်တို့ လူပေးမှားတာကို ဖြတ်ယူနိုင်ခဲ့တဲ့ ကာစီမီရို ပေးတာကို ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းကို ပေးတဲ့ ဘောလုံးကို ရသွားခဲ့တဲ့ အန်တိုနီက အတွင်းကို တစ်ချက်ခေါက်ပြီးမှ ဧရိယာထိပ်ကနေ အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ နေရာယူပုံ လွဲနေတဲ့ ဂိုးသမား ဘရာဗိုကို လှလှပပ အလဲထိုးနိုင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ သရဲနီတွေပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီးဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို လုခ်ရှောက ကန်တင်ပေးရာမှာ ခြေထောက်ခဲဆွဲထားသလား မသိတဲ့ ဘက်တစ်ခံစစ်ရဲ့ မလှုပ်မရှားဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ဘရူနို ဖာနန်ဒက်စ်က အနီးတိုင်ဘက်ကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့တာဖြစ်ပါတယ်။

သုံးဂိုးပေးခဲ့ရအပြီးမှာတော့ ဘက်တစ်တို့ဘက်က ဟိုအာကင်၊ လူးဝစ် ဟင်နရီကေး၊ ဂီဒို ရိုဒရီးရက်ဇ်နဲ့ အယိုဇေ ပီရက်ဇ်တို့အစား ဆာဂျီယို ကာနာလက်စ်၊ အီတာ ရူအီဘယ်လ်၊ ဂွါဒါဒိုနဲ့ ဘော်ဟာ အစ်ဂလီဆီယာ့စ်တို့ကို လူစားလဲသွားခဲ့ပြီး ယူနိုက်တက်တို့ဘက်ကတော့ ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ကို အနားပေးခဲ့သလို ဆန်ချိုနဲ့ မာလာစီယာတို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာ ဘက်တစ်တို့ လူပေးမှားပြန်တာကနေ ဗက်ဂ်ဟော့စ်က ဖြတ်ယူပြီး ခင်းပေးတာကို အန်တိုနီ ကန်ရာမှာ ဂိုးသမား ဘရာဗို ပုတ်ထုတ်သွားနိုင်ခဲ့လို့ ယူနိုက်တက်တို့ အပိုင်တစ်ဂိုးနဲ့ လွဲခဲ့ရသလို ဒီနောက်မှာတော့ အန်တိုနီနဲ့ ဖရက်ဒ်တို့အစား ပယ်လစ္စထရီနဲ့ မက်တော်မီနေးတို့ကို နည်းပြ တန်ဟတ်က ထပ်ပြီးလူစားလဲသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၂မိနစ်မှာတော့ယူနိုက်တက်တို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပယ်လစ္စထရီက ညာတောင်ပံကို ဆွဲထွက်ပြီးမှ ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ဂိုးရှေ့က မက်တော်မီနေးရဲ့ ပိတ်သွင်းမှုကို ဘက်တစ်ဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့ပေမယ့် နောက်မှာ ရှိနေတဲ့ ဂိုးမိုးခေါင် ကိုယ်တော်ကြီး ဗက်ဂ်ဟော့စ်က အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပယ်လစ္စထရီရဲ့ မြန်နှုန်းမြင့် တိုးအားရုန်းအားတွေကို ယူနိုက်တက်ပရိသတ်တွေအတွက် အားကိုးချင်စရာတစ်ခုအဖြစ် တွေ့မြင်ခဲ့ရပြီး အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ကြတော့လို့ လေးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့သလို ဒီပွဲရလဒ်ကြောင့် ဘက်တစ်ကွင်းမှာ ထပ်မံကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။