နောက်ခံကျောက်ဆောင်ကြီးမာတီနက်ဇ် ကို နေရာပြောင်းကစားဖို့ အလိုရှိနေတဲ့ ယူနိုက်တက်ပရိတ်သတ်များ
မန်ယူနိုက်တဒ်ရဲ့ယခုနွေမှာ ပေါင်(၅၃)သန်းအထိ အကုန်ကျခံကာ ခေါ်ယူခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ် အပြောင်းရွှေ့ကယခုရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် ပြောင်းလဲလာချိန်မှာတော့ ပရိတ်သတ်တွေက အာဂျင်တိုင်းသားကို ခံစစ်ကနေ ကွင်းလယ်တက်ကစားစေဖို့ အလိုရှိနေကြပါတယ်။
မာတီနက်ဇ် ရဲ့ မူလကစားတဲ့နေရာကလည်း ကွင်းလယ်အဖျတ်ဖြစ်ပြီး အိုင်းယက်စ် အသင်းမှာ ကွင်းလယ်ခံစစ်မှုးအဖြစ် ကနဦးဆော့ကစားခဲ့ပေမယ့် လိုအပ်ချက်ကြောင့် နောက်ပိုင်းမှာ ဗဟိုခံစစ်ဆင်း ကစားပေးရင်း တန်ဟဂ် ရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီသလို ဗျူဟာအရလည်း ပိုပြီးအသုံးတည့်နေတာကြောင့် ခံစစ်မှုးအဖြစ်သာ ဆက်လက်ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။
မာတီနက်ဇ် က ဗဟိုခံစစ်၊ဘယ်ခြမ်းခံစစ် နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အကောင်းဆုံးဆော့ကစားနိုင်သူဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာပြသနေတဲ့ on the ball movement တွေကြောင့် ပရိတ်သတ်တွေကတော့ မာတီနက်ဇ် ကို ကတ်စမဲရိုး ရဲ့ ကွပ်လက် ကို ဖြည့်ဆည်းရန်အလိုရှိနေပါတယ်။
မာတီနက်ဇ်ကဆောက်တပ်တန်နဲ့ ပွဲမှာ ပြိုင်ဘက်တိုက်စစ်ရဲ့ ဖိအားပေးမှုကို အများဆုံးခံခဲ့ရသူဖြစ်ပေမယ့် လိမ်ခေါက်ဖြတ်ကျော်မှု (၁၀၀%) အောင်မြင်ခဲ့သလို တိကျစွာပေးပို့နိုင်မှုက (၈၈%)အထိရှိခဲ့ပါတယ်။မာတီနက်ဇ် ရဲ့ ပေးပို့မှုတွေမှာ side pass တွေ ထက် through ball တွေ နဲ့ long pass တွေ အတော်လေးများပြားပြီး half space ထဲကို တိကျစွာ ပေးပို့နိုင်သူလည်း ဖြစ်ပါတယ်။
မာတီနက်ဇ် က တည်ငြိမ်မှုရှိသလို ဘောလုံးကိုင်ထားချိန်မှာ ယုံကြည်မှုအပြည့်နဲ့ ကစားတတ်သူဖြစ်လို့ ပြိုင်ဘက်ရဲ့ဖိအားပေးမှုကို အသာအယာကျော်ဖြတ်နိုင်ပြီး အသင်းဖော်တွေရဲ့နေရာယူမှုကို အချိန်ပြည့် စောင့်ကြည့်ထားလို့ ဘောလုံးပေးပို့ရာမှာ အခြားသော သူတွေထက် ပိုမိုလျှင်မြန်စွာ ပေးပို့နိုင်ပါသေးတယ်။
ပြီးခဲ့တဲ့ ဘက်တစ် နဲ့ ပွဲမှာ ဒဟေးယား ရဲ့ ဧရိယာထိပ်ချပေးမှုကို ဘက်တစ် ကစားသမား နှစ်ယောက် ဝင်လုတဲ့ကြားကပဲ လှပစွာလိမ်ခေါက်ပြီး ရှောထံ ခပ်မြန်မြန်ပေးပို့ခဲ့တာက သူ့ရဲ့ ဘောလုံးအရည်အချင်းနဲ့ ကစားကွက်ပုံဖော်နိုင်မှုကို သိသာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
မာတီနက်ဇ် က အသက်(၂၅)နှစ်သာ ရှိသေးသလို သူ့ရဲ့ ဘောလုံးအရည်အချင်း နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က အမြင့်ဆုံးမှာ ရှိနေလို့ ပွဲဆက်ကစားရသည့်တိုင် ခြေစွမ်းမကျသွားပဲ အမြင့်ဆုံးအဆင့်ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။
ယူနိုက်တဒ်အတွက်ကတ်စမဲရိုးကို(၄)ပွဲလောက်လက်လွှတ်ရမယ့် အရေးဟာ ကွင်းလယ်ခံစစ်လူအင်အား နည်းတဲ့ တန်ဟဂ် အတွက် အားနည်းချက်ဖြစ်လာနိုင်ပေမယ့် မာတီနက်ဇ်ကိုသာခံစစ်ကနေကွင်းလယ်ပြန်ပို့ခဲ့ရင် အခြေအ နေက တမျိုးပြောင်းလဲသွားနိုင်ပါတယ်။
ယူနိုက်တဒ်ခံစစ်မှာ လင်ဒီလောဖ့်၊လုခ်ရှော တို့က မာတီနက်ဇ် နေရာကို ဝင်ဖြည့်နိုင်ပြီး အာဂျင်တိုင်းသာကွင်းလယ်တက်ကစားရင် လျှင်မြန်မှု၊မာကျောမှု နဲ့ တိကျစွာပေးပို့နိုင်မှုတို့ကအားသာချက်ဖြစ်လာနိုင်လို့ကတ်စမဲရိုး ရဲ့ ကွပ်လပ်ကို ယာယီဖြည့်တင်းနိုင်ရုံမက အနာဂတ်အတွက်ပါ ကွင်းလယ်ခံစစ်ကစားသမားကောင်းတစ်ယောက်ကို ပိုင် ဆိုင်သွားနိုင်ချေရှိပါတယ်။