မန်ချက်စတာယူနိုက်တက်ဟာရီးရဲလ်ဘက်တစ်ကိုဒေါက် တာ ချက်ကြီးရဲ့ မှော်ဝင်ဂိုးဖြင့် အဝေးကွင်းမှာအနိူင်ယူခဲ့ပြီး ကွာတားကိုရောက်ရှိ
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပယ်လစ္စထရီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ရီးရဲလ်ဘက်တစ်တို့ကတော့ ဂိုးသမား ရူအီ ဆေးလ်ဗား၊ ခံစစ်မှာ ပက်ဇယ်လာ၊ အက်ဒ်ဂါ ဂွန်ဇာလက်ဇ်၊ ဆာဘာလီနဲ့ အက်ဘ်နာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဝီလီယမ် ကာဗာလ်ယို၊ ဂီဒို ရိုဒရီးရက်ဇ်၊ ဟိုအာကင်၊ ဟွမ်မီနဲ့ ရူဘီယယ်လ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အယိုဇေ ပီရက်ဇ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
အိမ်ရှင်တွေအနေနဲ့ဂိုးသမား ဘရာဗိုကို အရန်ခုံမှာ ထားခဲ့သလို ကွင်းလယ်မှာလည်း အဖျက်ကစားသမားနှစ်ဦးကို အထိုင်ချသုံးစွဲလာခဲ့လို့ ယူနိုက်တက်တို့ရဲ့ တိုက်စစ်ပိုင်းက ထင်သလောက်တော့မလွယ်ကူခဲ့ဘဲကာစီမီရိုက မခံချင် စိတ်နဲ့ တုံ့ပြန်နေခဲ့ပေမယ့် ကလန်ကလားနဲ့ ဗက်ဂ်ဟော့စ်ကအလုပ်မဖြစ်ခဲ့သလို ပွဲချိန် ၈ မိနစ်မှာတော့ ကောင်တာကနေ အယိုဇေ ပီရက်ဇ်ရဲ့ ကန်သွင်းမှုက တိုင်ဘေးက ထွက်သွားခဲ့လို့ သက်သာခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်တို့အနေနဲ့ ပထမအကျော့က လေးဂိုး-တစ်ဂိုးရလဒ်ကြောင့် သက်တောင့်သက်သာပဲ ကစားနိုင်ခဲ့ပေမယ့် သုံးဂိုးသွင်းမှ အချိန်ပို ကစားရမယ့် ဘက်တစ်တို့အတွက်တော့ တိုက်စစ်ပိုင်းက အဆုံးသတ်တွေ မသေချာခဲ့တာကြောင့်အလုပ်မဖြစ်ခဲ့ဘဲဧည့်သည်တွေဘက်က အခွင့်အ ရေး ရချိန်တွေမှာတော့ ခြေထောက်မြှောက်ဖို့တောင် ခက်နေပုံရတဲ့ဗက်ဂ်ဟော့စ်ကြောင့် ဂိုးတွေ နစ်နာခဲ့ရပြီး ပထမပိုင်းမှာ ဘဲဥမကွဲခဲ့ကြတာပါ။
ဒုတိယပိုင်း ပြန်စအပြီးမှာ မကြာခဏ ပေါက်ထွက်နေခဲ့တဲ့ ဘက်တစ်တို့ရဲ့ခံစစ်ကြားကနေရက်ရှ်ဖို့ဒ်အနေနဲ့ အခွင့်အ ရေးတွေ ရရှိခဲ့ပေမယ့် ဖုန်းဒိုင်းဖုန်းဒိုင်းနဲ့ လွဲချော်နေခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး အိမ်ရှင်ဂိုးသမား ရူအီ ဆေးလ်ဗားကလည်း အမှားနည်းခဲ့လို့ ပထမ အကျော့မှာသာ သူ့ကို အသုံးပြုခဲ့ရင် ရလဒ် ဒီလောက်မဆိုးနိုင်ခဲ့ဘူးလို့ပါ ပရိသတ်တွေ ထင်ချင်စရာဖြစ်ခဲ့ပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ အထုတ်ခံရတာကြောင့် ဝေဖန်စရာဖြစ်ခဲ့တဲ့ ကာစီမီရိုရဲ့ ဖန်တီးမှုကနေ နောက်ထပ် အရေးကြီးချိန်မှာ ဂိုးပေါက်မတွေ့ခဲ့လို့ အပြောခံရသူတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့က ဧရိယာအပြင်ကနေ လျှပ်တစ်ပြက် ကန်ချက်နဲ့ ညာဘက်တိုင်ခြေကို ကန်သွင်းယူပေးခဲ့တာပါ။
ဧည့်သည်တွေ ဂိုးသွင်းယူခဲ့အပြီးမှာတော့ အိမ်ရှင်တွေဘက်က ရူဘီယယ်လ်၊ အယိုဇေ ပီရက်ဇ်နဲ့ ဟိုအာကင်တို့အစား ဆာဂျီယို ကာနာလက်စ်၊ ဝီလီယန် ဂျိုဆေးနဲ့ အီဂယ်လ်ဆီယာ့စ်တို့ကို လဲကစားသွားခဲ့သလို ယူနိုက်တက်တို့ဘက်ကတော့ ရက်ရှ်ဖို့ဒ်နဲ့ ဖရက်ဒ်တို့ကို အနားပေးသွားခဲ့ပြီး ဆန်ချိုနဲ့ ဆာဘစ်ဇာတို့ကို ထည့်သွင်းခဲ့ချိန်မှာ ပရီးမီးယားလိဂ်ရော အက်ဖ်အေဖလားပါ ကစားစရာမလိုတဲ့ ကာစီမီရိုကိုတော့ ဆက်လက်သုံးစွဲသွားခဲ့တာပါ။
ဘက်တစ်တို့ဘက်က ကစားကွက်ပိုကောင်းဖို့ ဂီဒို ရိုဒရီးရက်ဇ်အစား ဝါရင့်ကစားသမား ဂွါဒါဒိုကို ထပ်ထည့်ခဲ့သလို ယူနိုက်တက်တို့ကတော့ ဘရူနို ဖာနန်ဒက်စ်၊ ဝန်ဘစ်ဆာကာနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကိုအစား အီလန်ဂါ၊ ဒါလော့နဲ့ လင်ဒီလော့ဖ်တို့ကို ထည့်သွင်းပြီး အရေးပါတဲ့သူတွေကို အနားပေးသွားရင်း ပွဲကို ထိန်းကစားသွားခဲ့တာဖြစ်ပါတယ်။
လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ဘက်က အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြသလို ဘက်တစ်ရဲ့ မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီမှာလည်း တန်ဟတ်ရဲ့ ဗျူဟာကို ကျော်ဖြတ်ဖို့နဲ့ အိမ်ကွင်းမှာ နှစ်သိမ့်နိုင်ပွဲရဖို့အတွက် ဘာပလန်မှ ရှိမနေခဲ့တာကြောင့် ပြန်လာဖို့ မဖြစ်နိုင်တော့ဘဲ အရှက်ပြေဂိုးတောင် မရဘဲဖြစ်ခဲ့ရတာပါ။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က အဝေးကွင်းမှာရီးရဲလ်ဘက်တစ်တို့ကိုတစ်ဂိုး-ဂိုးမရှိနဲ့အနိုင် ယူခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး-နှစ်ဂိုးနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေအတွက် ပရိသတ်တွေကို နှစ်သိမ့်ပေးနိုင်ခဲ့ပြီး ဘယ်အသင်းနဲ့ ဆက်လက်တွေ့ဆုံမလဲဆိုတာကိုတော့ သောကြာနေ့ညနေ မဲခွဲပွဲမှာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။