ကွာတားဖိုင်နယ်မှာ ယူနိုက်တက်ရဲ့ ပြိုင်ဘက်အသင်း နှစ်သင်းကို ထုတ်ဖော်ပြောဆိုခဲ့ ပေါလ်စခိုး
ပေါလ်စခိုးက ယူရိုပါလိဂ်မှာ အတွဲချောင်တာမျိုး မလိုချင်ဘဲ ကွာတားဖိုင်နယ် အဆင့်မှာတင် ယူနိုက်တက်နဲ့ ဥရောပအသင်းကောင်းတွေ ထိပ်တိုက်တွေ့တာ မြင်လိုနေပါတယ်။
အဝေးကွင်းမှာ ယူနိုက်တက်က ဆက်ပြီး အနိုင်ရကာ နှစ်ကျော့ပေါင်း ၅-၁ ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်ပေမယ့် အင်္ဂလန်ကလပ် အာဆင်နယ်ကတော့ ဒီအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။ ယူနိုက်တက်အတွက် ပြိုင်ဘက်ကောင်းတွေအဖြစ် ဂျူဗင်တပ်၊ စပို့တင်း၊ ရိုးမား၊ လေဗာကူဆင်တို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
ဘာစီလိုနာကို ၂ ကျော့ ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံအရ ယူနိုက်တက်အတွက် အသင်းကြီးနဲ့ ထိပ်တိုက်တွေ့ခြင်းဟာ ပိုကောင်းတဲ့ အားသာချက်ကို ပေးတယ်လို့ စခိုးက မြင်ပါတယ်။
BT Sportက တစ်ဆင့် ပေါလ်စခိုးက ပြောရာမှာ ‘ ကျနော်ကတော့ အမြဲတမ်း ပွဲကြီးတွေကိုပဲ တွေ့ချင်တာပါ။ အိုးထရတ်ဖိုဒ့်မှာ ပွဲကောင်းတွေကို မြင်ရတာ သဘောကျမိပါတယ်။
ယူရိုပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ရတာ ချန်ပီယံလိဂ်နဲ့ မတူဘူးဆိုပေမယ့် ဂျုဗင်တပ်ကလည်း သမိုင်းရှိတဲ့ အသင်းတစ်သင်းပါ။ သူတို့နဲ့ အတွဲကျတာက သိပ်ကောင်းပါလိမ့်မယ်။
နှစ်သင်းလုံးက ရှိရမယ့် အဆင့်တွေမှာ ရှိမနေသေးဘူးဆိုတာကို ကျနော် သိပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးက အမြင့်ဆုံး အဆင့်တွေထံ ပြန်တက်နေကြပါတယ်။ ဒီတော့ ဂျူဗင်တပ် ဒါမှမဟုတ်ရင် ရိုးမားနဲ့ တွေ့စေချင်ပါတယ်။ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ညမှာတော့ ယူရိုပါလိဂ် မဲခွဲမှုတွေ ပြုလုပ်မှာဖြစ်ပြီးမန်ချက်စတာယူနိုက်တက်ရဲ့ကွာတားဖိုင်နယ် ပြိုင်ဘက် ဘယ်အသင်းဖြစ်မလဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။