အသင်းကိုအမြဲကယ်တင်ပေးနေတဲ့ ကြယ်ပွင့်တစ်ဦးရဲ့ တုန့်ပြန်လိုက်တဲ့စကားကြောင့်အခက်တွေ့နေတဲ့ ယူနိုက်တက်
မန်ယူအသင်း တာဝန်ရှိသူတွေဟာ ယူနိုက်တက်ကြယ်ပွင်ကို စာချုပ်သစ်ချုပ်နေတာ လနဲ့ချီနေပါပြီ။ စာချုပ်သစ်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေပေမဲ့ ရက်ရှ်ဖို့ဒ်ဘက်က သဘောတူညီမှု မရသေးတာကြောင့် တိုးတက်မှုမရှိသေးပါဘူး။
ဒီလိုဖြစ်နေရတာက “ရော်နယ်ဒိုစည်းကမ်း” ကြောင့်ပါ။ မန်ယူမှာ ရော်နယ်ဒို လာကစားသွားတုန်းက တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းလောက်ရခဲ့ပြီး၊ အသင်းဖော်တွေကြားမှာ စိတ်ဝမ်းကွဲစရာ ပုံစံမျိုးဖြစ်သွားခဲ့ဖူးပါတယ်။
လစာအများကြီး သူကျရပြီး၊ ငါကျ မရဘူးဆိုတဲ့ပုံစံတွေ ဖြစ်လာတာကြောင့် တန်ဟတ်က ကစားသမားတွေကို တစ်ပတ်လုပ်ခပေါင်(၂)သိန်းထက်ပိုမပေးရတဲ့ စည်းမျဉ်းအသစ်ကို အသက်သွင်းခဲ့ပါတယ်။ စည်းကမ်းသစ်အရ ဘယ်သူမှ (၂)သိန်းထက် ပိုရခွင့်မရှိပါဘူး။
အဲဒီအနေအထားမှာရက်ရှ်ဖို့ဒ်က တစ်ပတ်ပေါင် (၃)သိန်းလိုချင်နေတာကြောင့် နှစ်ဦးနှစ်ဖက် အဆင်မပြေတာမျိုးဖြစ်လာပါတယ်။ လက်ကျန်စာချုပ်က (၁)နှစ်ကျန်သေးတဲ့အတွက် ပိုင်ရှင်သစ်အပြောင်းအလဲ ဖြစ်လာတဲ့အထိ ရက်ရှ်ဖို့ဒ်က စောင့်ဆိုင်းချင်နေပါတယ်။
ပိုင်ရှင်အသစ်တွေရောက်လာလို့မှတစ်ပတ်လုပ်ခ ပေါင်(၂) သိန်းထက် ပိုမပေးရဘူးဆိုတဲ့ စည်းမျဉ်းသေချာသွားရင်တော့ မန်ယူကနေ ထွက်ခွာတော့မှာပါ။ လက်ရှိ အချိန်မှာ ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းဖို့အတွက် လိုအပ်ရင် ရော်နယ်ဒိုစည်းမျဉ်းကို ပြန်ရုတ်သိမ်းရဖို့ ရှိနေပါတယ်။
ရက်ရှ်ဖို့ဒ်ဘက်ကကြည့်ရင်လည်း ဘောလုံးသမားဆိုတာက ကန်နိုင်တုန်းပဲ ပိုက်ဆံရှာရတာဖြစ်တဲ့အတွက် မမှားပါဘူး။ နွေရာသီမှာ ပိုင်ရှင်အသစ်တွေရောက်လာပြီး၊ စည်းမျဉ်းအသစ်တွေချမှတ်ခဲ့ရင်တော့ စာချုပ်သစ်ချက်ချင်းဖြစ်လာနိုင်ပါတယ်။ ဘာဆက်ဖြစ်မလဲမသိသေးတာမလို့ စာချုပ်သစ်ဖြစ်လာဖို့ပဲမျှော်လင့်ရဖို့ရှိနေပါတယ်။